ငါတို့ဘာကြောင့် ကျောင်းသွားကြရတာလဲ



မေ ၂၁ ရက်က လူ့စွမ်းအားအရင်းအမြစ်အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ရေးဆွဲအကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ၁/၂၀၁၄ အစည်းအဝေးကို နေပြည်တော်ပညာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ သည်။ နိုင်ငံတော်အဆင့် အစည်းအဝေးဖြစ်၏။ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးများ၊ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

နိုင်ငံတော်အဆင့် ဗဟိုကော်မတီတွေကလည်း များလှပါဘိ။ ဒုတိယသမ္မတနှစ်ဦးသည်လည်း များလှပါ ဘိသော ဗဟိုကော်မတီများကို ခွဲဝေတာဝန်ထမ်းဆောင်ရသည်မှာ အားတယ်ကိုမရှိဟူ၍များ ဖြစ်နေ သလားမသိ။ ယခုလည်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရေးဆွဲအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပသောအခါ ရိုးရိုးသားသားဝန်ခံရလျှင် ယင်းဗဟိုကော်မတီကို အစည်းအဝေး ကျင်းပမှသာကြားဖူးလိုက်ရပါသည်။

သို့သော် ယခုကြားဖူးလိုက်ရသော်လည်း ကော်မတီ၏အမည်သည် နှစ်လိုဖွယ်ရာကောင်းပြီး စိတ်ဝင် တစားရှိသွားပါသည်။ တစ်ဆက်တည်းပင် ယင်းကော်မတီကဲ့သို့ ဗဟိုအဆင့်ရှိသော အမည်ကောင်း ကောင်း၊ အဓိပ္ပာယ်ရှိရှိ၊ ဖရဏာပီတိဂွမ်းဆီထိစေသော ဗဟိုကော်မတီများလည်းရှိနေပါသေးလားဟူ သည်ကိုတွေးနေမိပါသည်။ ကော်မတီတွေများသလောက် လုပ်လိုက်ကြသည့်စည်းဝေးပွဲများကလည်း တခြိမ်းခြိမ်း၊ အစိုးရအရာရှိပုဂ္ဂိုလ်များသည်လည်း အစည်းအဝေးပွဲများ အပြေးအလွှားတက်နေရခြင်း များဖြင့် အစည်းအဝေးပွဲဒဏ်ပိနေကြပြီထင့်။ သို့သော်ကော်မတီရှိလျှင် အစည်းအဝေးရှိမည်။ အစည်း အဝေးဟူသည် ညှိကြ၊ နှိုင်းကြ၊ ဆွေးနွေးကြ၊ ဥက္ကဋ္ဌ၏မှာကြားချက်ကို နားထောင်မှတ်သားလုပ်ဆောင် သွားရမည်မဟုတ်ပါလား။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူသော စကားလုံးသည်လူတိုင်းစိတ်ဝင်စားကြသော စကားလုံးဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဟူသည်မှာ ‘လူ’ ကိုပင်ပြောခြင်းဖြစ်ကြောင်း ကနေ့သာ မန်ပြည်သူများက သိထားကြပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ပိုင်ရှင် ၎င်းလူသည် အလုပ်လုပ်နိုင် စွမ်းရှိသည်။ အလုပ်လုပ်နိုင်သော အတတ်ပညာ၊ အသိပညာတစ်ခုခုရှိထားတတ်ထားသည်။ အလုပ် လုပ်နိုင်၍လည်း ပုံမှန်ဝင်ငွေရှိနေသည်။ ထိုလူကို လူ့စွမ်းအားအရင်းအမြစ်ဟုခေါ်သည်။ ထိုလူစားမျိုး မိသားစုတိုင်းတွင် မရှိမဖြစ်လိုသည်ဟု ပြည်သူအများက နားလည်ထားကြပါသည်။

ထို့ကြောင့်ပြည်သူတို့သည် မိမိကိုယ်ကို မိသားစုအတွက် အသုံးကျသောလူတစ်ဦးဖြစ်ရန်၊ မိမိကိုယ် ကိုယ် လူ့စွမ်းအားအရင်းအမြစ်ပိုင်ရှင်လူဖြစ်ရန် ကြိုးစားအားထုတ်ကြသည်။ အလုပ်တစ်ခုခုရရန် ပညာ တစ်ခုခုကိုရှာဖွေသင်ကြားသည်။ ပညာတစ်ခုခုဖြင့် အလုပ်တစ်ခုခုမရနိုင်ပါက ကာယအားဖြင့် အလုပ် တစ်ခုခုရရန် လုံ့လဥဿဟပြုကြသည်။ အလုပ်တစ်ခုခုလုပ်ရခြင်းသည် မိသားစု၏ဝမ်းရေးဖြေရှင်းနိုင် ရေးဖြစ်သည်။ သို့ဖြစ်၍လူ့စွမ်းအားအရင်းအမြစ်ဟူသည် စားဝတ်နေရေးနှင့် တိုက်ရိုက်ပတ်သက်စပ် ဆိုင်သွားသဖြင့် လူ့စွမ်းအားအရင်းအမြစ်ဟူသော စကားလုံးမြင်တွေ့ရသောအခါ ကနေ့ပြည်သူတို့ စိမ်းစိမ်းဝါးဝါးမဖြစ်တော့ဘဲ စိတ်ဝင်တစားနားစွင့်လာကြပါတော့သည်။

၂၀၁၄ ခုနှစ်ထဲတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟိုအဆင့်အစည်းအဝေးကို ယခုမှပထမဦးဆုံးအကြိမ် ကျင်းပသော်လည်း လူ့စွမ်းအားအရင်းအမြစ်အကြောင်း စည်းဝေးကြခြင်းဖြစ် ၍နိုင်ငံတော်က ဘာအစီအစဉ်ချမှတ်မည်လဲ သိချင်စိတ်ဖြင့်ပြည်သူများ စိတ်ဝင်တစားရှိကြသည်ဟု သိရသည်။ သို့သော်နိုင်ငံတော်က လူ့စွမ်းအားအရင်းအမြစ်များအတွက် ဘာအစီအစဉ်မျှ မချမှတ်နိုင် သေးပါ။ အစည်းအဝေးကိုက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရေးဆွဲရဦးမည့်၊ အကောင်အထည်ဖော်ရဦးမည့် ဗဟိုကော်မတီအဆင့်အစည်းအဝေးဖြစ်ပါသေးသည်။ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရန်၊ တိုးတက်ရန် လုပ်ငန်းများရေးဆွဲနိုင်ရေး၊ အကောင်အထည်ဖော်နိုင်ရေးကိစ္စများ ဆွေးနွေးရသည့် အဆင့်သာရှိသေး၍ ယခုမှစလုံးရေစကာလသာ ဖြစ်ပါသေးသည်။ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကတော့ အမှာစကားအစတွင် ပြောပါသည်။ အရည် အသွေးနှင့် အရည်အချင်းရှိသော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးပြီးလိုအပ်သည့် နယ် ပယ်အသီးသီးတွင် တာဝန်ပေးအပ်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ရေးဆွဲအကောင်အထည်ဖော်သွားရမည်ဟုဆိုသည်။

ယခုမှရေးဆွဲအကောင်အထည်ဖော်သွားရမည်ဖြစ်၍ နောက်ကျနေပါသည်။ သို့သော်လူ့စွမ်းအား အရင်းအမြစ်ကိစ္စသည် မည်သည့်အချိန်တွင်စစ နောက်ကျရိုးထုံးစံမရှိ။ ယနေ့ခေတ်တွင် လူ့စွမ်းအား အရင်းအမြစ်ကိစ္စဟူသည် ပညာရေးတွင် အခြေတည်သည်ဟု ပြည်သူများနားလည်ထားကြပြီးဖြစ် သည်။ နားရည်ဝပြီးလည်း ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဟူသည် အလုပ်ရနိုင်ရေးကိစ္စဖြစ်သည်။ အလုပ်ရလျှင် စားဝတ်နေရေးပြေလည်မည်။

ထို့ကြောင့်မိမိကိုယ်မိမိနှင့် မိမိသားသမီးများ လူ့စွမ်းအားအရင်းအမြစ် ဖြစ်ဖို့လိုသည်။ လူ့စွမ်းအား အရင်းအမြစ်ဖြစ်ချင်လျှင် စာတတ်ရမည်။ စာတတ်ရန်ကျောင်းထားရမည်။ ပညာရေးကိုဦးစားပေးရ မည်။ ဤသည်မှာဆင်းရဲသားပြည်သူများ နားလည်ထားသော လူ့စွမ်းအားအရင်းအမြစ်ကိစ္စဖြစ်သည်။ ဒေါက်တာစိုင်းမောက်ခမ်း၏ အမှာစကားထဲတွင်လည်း လူ့စွမ်းအားအရင်းအမြစ်ကိစ္စ ပညာရေးဝန်ကြီး ဌာနတွင် မူတည်ကြောင်းထည့်ပြောသွားသည်။

ရေရှည်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာန၏ ပညာရေး ကဏ္ဍရေရှည်စီမံချက်အပေါ်မူတည်ကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်မှုမူဝါဒမှန်ကန်မှသာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံသည်ပင်လျှင် ပညာရေးက မွေးထုတ်ပေး သည့် ပညာရှင်များနှင့် ပြင်ပလုပ်ငန်းလိုအပ်ချက်များ မကိုက်ညီသည့်အတွက် လုပ်ငန်းခွင်ကွင်းဆင်း လေ့လာပြီး ပညာရေးပြုပြင်မှုများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ် ကြောင်း’ ပြောကြားခဲ့သည်ကို တွေ့ရသည်။

အဓိကဆိုလိုရင်းမှာ ‘ပညာရေးကဏ္ဍမြှင့်တင်မှု မူဝါဒမှန်ကန်မှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်မည်’ ဆိုသည်ကိုသွားတွေ့ရသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေး ကဏ္ဍမြှင့်တင်မှု မူဝါဒမှန်ကန်ရမည်။ သို့ဆိုလျှင် ယခုပြုပြင်ပြောင်းလဲနေသော ပညာရေးကဏ္ဍမြှင့်တင် မှုမူဝါဒများ မှန်ကန်ပါသလား ပြန်လည်ဆန်းစစ်ရပါမည်။

ယနေ့ကာလသည် ပညာရေးကို ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲပြီးမြှင့်တင်နေသေ ကာလဖြစ်သည် ဟုပညာရေးဝန်ကြီးဌာနကဆိုနေသည်။ နွေရာသီကျောင်းပိတ်ရက်များတွင်ပါ မနားကြဘဲ ပညာရေး ဝန်ထမ်းများသည် လုပ်ငန်းကော်မတီအစည်းအဝေးများ၊ ဆပ်ကော်မတီအစည်းအဝေးများကျင်းပကာ ဆွေးနွေးညှိနှိုင်းအဖြေရှာနေကြသည်။ ပြည်သူများကတော့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲနေသည် ကိုနားစွင့်စောင့်စားနေကြပြီး ယင်း၏သိသာမြင်သာသော အသီးအပွင့်တစ်ခုအဖြစ် ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ကို အခမဲ့ပညာသင်ကြားခွင့်ရမည်ဆိုထား၍ ဝမ်းသာကြိုဆိုနေကြသည်။ ထို့ထက်ပို၍ ကျူရှင်မယူရသော ပညာရေးစနစ်အဖြစ် မြှင့်တင်နိုင်မည်ဆို လျှင် ကောင်းမည်ဟုလည်း မျှော်လင့်နေကြ၏။

ထို့ပြင် သင်ရိုးညွှန်းတမ်းများ အသစ်ပြန်လည်ရေးဆွဲနေသည်။ ယခုပညာသင်နှစ်တွင် စတင်သင်ကြား မည်ဟုကြားနေရ၍လည်း သင်ရိုးညွှန်းတမ်းအသစ်ဆိုလျှင် ကျူရှင်ကတော့ မယူမနေရ ယူရဦးမည် ထင်သည်ဟု ခန့်မှန်းနေကြပါသည်။ မိဘတို့၏ရင်ထဲဝယ် မိမိတို့သားသမီးများခေတ်မီသော လူ့စွမ်း အားအရင်းအမြစ်ကလေးများဖြစ်စေရေး ပညာရေးကို ဦးစားပေးနေကြချိန်တွင် အခမဲ့ပညာသင်ကြား ရေး၏နောက်ကွယ်က အရိပ်မည်းကြီးများဖြစ်ကြသော ကျောင်းတွင်းကျူရှင်၊ ကျောင်းပြင်ပကျူရှင် ကုန်ကျစရိတ်များ၏ ခြောက်လှန့်မှုဒဏ်ကို နှလုံးတုန်၊ ရင်တုန်ခံစားနေရဆဲဖြစ်သည်။

ယနေ့ပညာရေး၏ ဆုလာဘ်ကြီးဖြစ်သော အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ သည်ပညာသင်ကြားခြင်း အပိုကုန်ကျစရိတ်များကြောင့် ပညာရေးမြှင့်တင်ရေးကိုလည်း အနှောင့်အ ယှက်အဟန့်အတားဖြစ်နေစေသည်။ လူ့စွမ်းအားအရင်းအမြစ် ဖြစ်လာစေရန်လည်း အနှောင့်အယှက် အဟန့်အတားဖြစ်နေစေရသည်ဟု ပြည်သူများညည်းတွားနေကြပါသည်။

ယနေ့ကာလသည် မြန်မာ့ပညာရေးကို ဘက်စုံထောင့်စုံက ပြန်လည်လေ့လာသုံးသပ်နေပြီး မြန်မာ့ ပညာရေးမြှင့်မားအောင် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။ ယင်းသည်ြ့မန်မာ့လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ထားသည်ဟု လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေး ကိုချိတ်ဆက်ထားပါသော်လည်း အောက်ခြေအခြေခံပညာ ကျောင်းအားလုံးတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေကြသည်ဆိုသည်မှာ ဘာအဓိပ္ပာယ်များပါသနည်းဟူသည် ဝေဝါးနေ ကြသေးသည်ဟု မြင်မိသည်။

လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာကြမည့် ယနေ့ကျောင်းသူ၊ ကျောင်းသားကလေးများသည် ဘာ ကြောင့်သင်ရသည်။ ပညာရေးဘာကြောင့်အရေးကြီးသည်ကို လေးလေးနက်နက်စွဲစွဲထင်ထင် မရှိကြ သေးချေ။ ကျောင်းသားအများစုသည် ကျောင်းပြန်ဖွင့်၍ ကျောင်းတက်သည်။ ကျူရှင်ယူဆို၍ ကျူရှင် သွားတတ်သည်။ အချိန်တန်လျှင် စာမေးပွဲအောင်မည်၊ နောက်တစ်နှစ်ကျောင်းပြန်တက်လျှင် နောက် တစ်တန်းတက်ရမည်။ စာတွေပြောင်းသင်လည်း ကျူရှင်ယူလျှင်ကိစ္စပြီးသည်။ တက္ကသိုလ်ဝင်တန်း ရောက်လျှင်ဖိကြိုးစားမည်၊ ဂုဏ်ထူးထွက်အောင်၊ အမှတ်ကောင်းအောင် ဘာသာစုံစိုက်ထားမည်။ ပါမောက္ခဟောင်းကြီးများ သင်သောဝိုင်းတက်မည်။ အိမ်ကတတ်နိုင်လျှင် ဘော်ဒါသွားနေမည်။ အချိန် တန်လျှင် ၁၀ တန်းအောင်မည်။ အချိန်တန်လျှင် ဘွဲ့တစ်ခုတော့ မလွဲမသွေရမည် စသည်ဖြင့်သူတို့၏ ပညာရေးအပေါ်ရည်မှန်းချက်မဲ့သော ခေါက်ရိုးကျိုးစိတ်များဖြင့်သာ ပြီးနေကြသည်။

မိမိကိုယ်ကိုယ် လူ့စွမ်းအားအရင်းအမြစ် ကလေးများဖြစ်သည်ဟူသည်ကား တွေ့ကြည့်ဖို့ဝေလာဝေး နေပါသေးသည်။ မိဘအများစုသည်လည်း မိမိတို့သားသမီးများသည် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ် တော့ဖြစ်ကြသည်ဟု အကြမ်းဖျင်းသိထားသည်။ လူ့စွမ်းအားအရင်းအမြစ်ဖြစ်ရေးသည် စုဆောင်းထား သမျှအကုန်ပြောင်းလုနီးပါး ကျခံသုံးစွဲကာပညာသင်ပေးနေရသည်။ အဆုံးမှာတော့ ဘွဲ့တစ်ခုရ အလုပ်လက်မဲ့ဘဝဖြင့် တင်ကျွေးထားရဦးမည်ဟုသာ အတွေးရှိထားပါသည်။

မြန်မာပြည်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းသို့သွား ပညာသင်ကြားနေကြခြင်းသည် ကျောင်းနေအရွယ်ဖြစ်၍ ကျောင်းသို့သွားရသည်လောက်နှင့်သာ ပေါ့သွမ်းသွေးသဘောဆောင်နေ သည်။ ကျောင်းသွားတက်ကာ ပညာသင်ကြားရခြင်းသည် ဘဝ၏အရေးကြီးသော ကိစ္စကြီးတစ်ခုကို လုပ်နေကြသည်။ ပညာရေး၏ဆုလာဘ်ကြီးတစ်ခုကို ရယူနေကြသည်ဟု မည်သူမျှလေးလေးနက်နက် မတွေးကြပါ။ တွေးရန်လည်းအချိန်မရှိပါ။ တွေးရလောက်အောင်လည်း လက်ရှိမြန်မာ့ပညာရေးကို အထင်မကြီးကြပါ။

မြန်မာ့ပညာရေးသည် အပြောကတော့ကြီးကျယ်ပြီး လက်တွေ့ဘဝတွင် ဘွဲ့ရအလုပ်လက်မဲ့ဘဝပိုင် ရှင်များသာ တိုးပွားလာနေစေခြင်းကြောင့် ပညာရေးကိုအားမကိုးကြခြင်းလည်း ဖြစ်နိုင်သည်။ ပညာ သင်ကြားခြင်းကို ခပ်ပေါ့ပေါ့သဘောထား၊ ပညာရေးကို အားကိုးအားထားမပြုသူများနေဦးမည်ဆိုလျှင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကြိုးစားအား ထုတ်လည်း အချည်းအနှီးပင်ဖြစ်မည်။ လှပသောစကားလုံးများဖြင့် လူကြားကောင်းအောင် အစည်း အဝေးလုပ်ပြရုံသက်သက်သာဖြစ်မည်။

ထို့ကြောင့်မြန်မာ့ပညာရေး အဆင့်အတန်းမြှင့်တင်ကြမည့် ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များအား အကြံပြုလိုပါသည်။ အောက်ခြေဖြစ်သော အခြေခံပညာကျောင်းများ အားလုံးကိုငုံ့ကြည့်ရပါမည်။ ကျောင်းသူ၊ ကျောင်းသားအားလုံးကို ‘ငါတို့ဘာကြောင့် ကျောင်းသွားရသနည်း’ ဟူသော မေးခွန်းကို ဖြေခိုင်းရပါမည်။ ငါတို့ဘာကြောင့် ကျောင်းသွားရသနည်း။ ငါတို့ဘာကြောင့် စာသင်ရသနည်း၊ ကျောင်းသားတိုင်း စာသင်နေရခြင်း၏ရည်ရွယ်ချက်ကို ဆရာ၊ ဆရာမများက အဖြေပေးရပါမည်၊ ခေါင်းထဲရိုက်ထည့်ရပါမည်။ ငယ်ငယ်ကတည်းက စာသင်ရခြင်း၏ရည်ရွယ်ချက်ကိုယ်စီကိုယ်စီ ရှိထား သိထားရမည်။

သို့မှသာ ကြီးလာသောအခါ ပညာရေး၏အသုံးကျမှုကို ဆင်ခြင်သုံးသပ်နိုင်ပြီး ဘဝ၏ရည်မှန်းချက်ကို ချမှတ်နိုင်ပါမည်။ ဘဝတွင်ရည်မှန်းချက်ရှိထားသောလူသည် မိမိကိုယ်ကိုယ် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည်ကိုသိမြင်ပြီး ကိုယ်ပိုင်အရည်အသွေးများကို ကိုယ်တိုင်မြှင့်တင်ပါလိမ့်မည်။ မိသားစုတိုင်းတွင် ထိုလူမျိုးတစ်ဦးတစ်လေပါဝင်လျှင် ထိုမိသားစုဘဝသာယာမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းနေ အရွယ်ကလေးများအားလုံး ‘ငါတို့ဘာကြောင့်ကျောင်းသွားရသနည်း’ ၏အဖြေကိုအခြေခံပညာ ကျောင်းများအားလုံးက သင်ပေးထားရပါတော့မည်။ မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးတွင် ထိုအ ချက်ကိုလည်း ထည့်သွင်းထားရမည်ဟုယူဆပါသည်။ ဤသည်မှာလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးမည်ဟုလည်း ယုံကြည်ပါကြောင်း။ ။ 


စံတော်ချိန်သတင်းစာ
မေလ (၂၆) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...