ကမ္ဘာ့ ကျန်းမာရေးကို ၀န်ထုပ် ကြီးကြီးပိလာသော အ၀လွန် ပြဿနာ

ကိုထိုက်

ကမ္ဘာ ပေါ်မှာ လူသားများ ကျန်းမာရေးကို အကြီးစား ၀န်ပိမှုများထဲတွင် အ၀လွန် ပြဿနာသည်လည်း ထိပ်ဆုံး တန်းထဲက တစ်ခုဖြစ်သည်။ နောက်ဆုံး စစ်တမ်းများ အရ ကမ္ဘာပေါ်တွင် လူကြီးပိုင်း သုံးပုံတစ်ပုံ၊ ကလေး ပိုင်း လေးပုံ တစ်ပုံသည် အ၀လွန်နေ ကြကြောင်း သိရသည်။ ၁၉၈၀ ပြည့် နှစ် နောက်ပိုင်း အ၀လွန်နှုန်း ကျသွားအောင် လုပ်နိုင်သည့် နိုင်ငံရယ်လို့ တစ်နိုင်ငံမှ မရှိသေး။

ယခင်က အ၀လွန်ပြဿနာသည် လူချမ်းသာ လူတန်းစားများတွင်သာ အဓိက အဖြစ်များခဲ့သည်။ အထူး သဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ အ၀လွန် ပြဿနာသည် စကားလုပ် ပြောစရာ ကိစ္စ တစ်ခုဖြစ်ခဲ့သည်။ သို့သော် ယခု နောက်ပိုင်းတွင်ကား ယဉ်ကျေးမှု ပုံစံများ ကူးစက်မှု မြန်ဆန် လာ ခြင်းကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံများက နေ ထိုင်မှု ပုံစံများ စီးဝင်ခြင်း အကျိုးဆက် အဖြစ် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ပါ နေထိုင်မှု ပုံစံများ ပြောင်းလဲကာ အ၀လွန် ပြဿနာ ဖြစ်ပွား လာသည်။ တစ်ကမ္ဘာလုံး အ၀လွန်သူ စုစုပေါင်း၏ (၆၂) ရာခိုင်နှုန်း သည် ဖွံ့ဖြိုး ဆဲ နိုင်ငံများ မှ ဖြစ်နေပြီ။

၂၀၁၃ ခုနှစ် နှစ်ကုန်ထိ စာရင်းအရ တစ်ကမ္ဘာလုံးတွင် အ၀လွန်သူ သန်း (၂၁၀၀) ရှိနေသည်။ ၁၉၈၀ ပြည့်နှစ် က (၈၅၇)သန်း ရှိခဲ့ရာမှ သိသိ သာသာ တက်လာခြင်း ဖြစ်သည်။ အ၀လွန် ပြဿနာ အဆိုးဆုံး နိုင်ငံများ ထဲတွင် တွန်ဂါ လည်း ပါဝင်သည်။ တွန်ဂါ နိုင်ငံသား တစ်ဝက်ကျော် အ၀လွန် နေကြ သည်။ ကူဝိတ်၊ လစ်ဗျား၊ ကာတာ၊ ဆမိုဝါ နိုင်ငံများတွင် လည်း အမျိုးသမီး တစ်ဝက်ကျော် အ၀လွန် နေကြ သည်။ အမေရိကန် နိုင်ငံတွင်လည်း အမျိုးသား (၇၅) ရာခိုင်နှုန်း နီးပါး၊ အမျိုးသမီး (၆၀) ရာခိုင်နှုန်း နီးပါး အ၀လွန် ပြဿနာ ဖြစ်ပွား လျက်ရှိသည်။ ကမ္ဘာ့ နိုင်ငံများ အ၀လွန်စစ်တမ်းကို ကမ္ဘာ့  ရောဂါဝန်ထုပ် (Global Burden of Disease) အမည်ရှိ စစ်တမ်းဖြင့် The Lancet ဆေးပညာ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ် သည်။အ၀လွန်ခြင်းဆိုတဲ့ လက်မည်းကြီး က အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ နေ ရာ ဒေသမရွေးကို ဆုပ်ကိုင် ချေမွနေပါပြီ ဟု ၀ါရှင်တန် ကျန်းမာရေး သိပ္ပံမှ ညွှန်ကြားရေးမှူး ခရစ္စတိုဖာမာရေး က ပြောသည်။ အထက်ပါ ကမ္ဘာ့ ရောဂါ ၀န်ထုပ်အမည်ရှိ စစ်တမ်း ပြုစုနိုင်ရန် ၀ါရှင်တန် ကျန်းမာရေး သိပ္ပံသည် ၁၉၈၀ မှ ၂၀၁၃ ခုနှစ်အကြား ကမ္ဘာ့ နိုင်ငံများ ရောဂါအမျိုးမျိုး ဆိုင်ရာ အချက်အ လက် များကို စုဆောင်း ပြုစုခဲ့ခြင်း ဖြစ်သည်။

၁၉၈၀ နောက်ပိုင်း အ၀လွန်နှုန်းကျ သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာ ပေါ်မှာ တစ်နိုင်ငံ မှကို မရှိပါဘူး။ ရှေ့ ဆက်ပြီးလည်း အ၀လွန် နှုန်းဟာ တက် လာဖို့သာ ရှိပါတယ်။ အထူးသဖြင့် ၀င်ငွေနိမ့်နဲ့ အလယ်အလတ် တန်း နိုင်ငံတွေမှာ ၀င်ငွေတွေ တိုးလာကြတာနဲ့ အမျှ အ၀လွန်နှုန်း ဟာလည်း တိုးလာပါ လိမ့် ဦးမယ်။ ၀င်ငွေတိုးလာလေ အ၀လွန်စေတဲ့ လူမှုပုံစံ ဘက်ကို ပိုရောက်လာလေ ဖြစ်လာကြတာပါ။ ဒီလိုဖြစ်နေတဲ့ ပုံစံကို မဖြေရှင်းနိုင် သရွေ့တော့ အ၀လွန်ပြဿနာ လက်မည်းကြီးက ကမ္ဘာ့ လူသားတွေကို ဆက်ပြီး ဆုပ်ကိုင်ချေမွနေဦးမှာ ဖြစ်ပါတယ် ဟု မစ္စတာ မာရေး က သုံးသပ်သည်။

လူတစ်ယောက်သည် BMI 25 နှင့် အထက်ရောက်လျှင် အ၀လွန်ပြီဟု သတ်မှတ် နိုင်ပြီး BMI 30 နှင့် အထက်သို့ ရောက်သွားလျှင်ကား ဆိုးဆိုး ၀ါးဝါး အ၀လွန်ပြဿနာ ဖြစ်ပွားနေပြီဟု သတ်မှတ်သည်။ ဘီအမ်အိုင် ဟူသည် လူတစ်ယောက်၏ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် (မီတာ) ၏ နှစ်ထပ်ကိန်း နှင့် စားလျှင်ရသော ကိန်းကို ဆိုလိုသည်။ ဗြိတိန်သျှ အတိုင်းအတာဖြင့် တွက်ချက်လိုပါက ခန္ဓာကိုယ် အလေးချိန် (ပေါင်) ကို အရပ် အမြင့် (လက်မ) ၏ နှစ်ထပ်ကိန်း နှင့် စားပြီး ရလာသော ဂဏန်း ကို (၇၀၃)နှင့် မြှောက်ရမည်။

တစ်ကမ္ဘာလုံးတွင် ဆိုးဆိုးဝါးဝါး အ၀လွန်သည့် ဦးရေ (၆၇၁) သန်းထိ ရှိနေသည်။ အမေရိကန်တွင် (၇၈) သန်း ထိရှိနေပြီး ကမ္ဘာပေါ်တွင် ဆိုးဆိုး ၀ါးဝါး အ၀အလွန်ဆုံး နိုင်ငံ အဖြစ် ရပ်တည်လျက် ရှိသည်။ အမေရိကန် လူဦးရေသည် ကမ္ဘာ့ လူဦးရေ၏ (၅) ရာခိုင်နှုန်းသာ ရှိသည့်တိုင် ကမ္ဘာ့  ဆိုးဆိုးဝါးဝါး အ၀ လွန်သူများ စာရင်းတွင် ကား(၁၀) ရာခိုင်နှုန်း ကျော်ထိ ပါဝင် နေသည်။ ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံ များ ဖြစ်သော တရုတ်နှင့် အိန်္ဒိယ တို့သည်လည်း အ၀လွန် သူဦးရေ အများဆုံး (၁၀) နိုင်ငံထဲတွင် ပါဝင်နေကြသည်။ တရုတ် က (၄၆)သန်း၊ အိန်္ဒိယက သန်း(၃၀)ဖြင့် ဒုတိယ၊ တတိယ နေ ရာများတွင် ရပ်တည်နေ ကြသည်။ ၎င်းတို့ နောက်တွင် ရုရှား၊ ဘရာဇီး၊ မက္ကဆီကို၊ အီဂျစ်၊ ဂျာမနီ၊ ပါကစ်္စတန်နှင့် အင်ဒိုနီးရှားတို့က အစဉ်လိုက် ရပ်တည် နေကြသည်။

အ၀လွန် သူများသည် နှလုံးရောဂါ၊ ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ အရိုးပွ နှင့် ကျောက်ကပ် စသည့် ရောဂါ များ ဖြစ်ပွားနိုင်ခြေ ပိုများကြသည်။ ယခုအခါ ကမ္ဘာတစ်ဝန်း အ၀လွန်သူဦးရေ တိုးပွားလာနေရာ ကျန်း မာ ရေးစောင့်ရှောက်မှုစနစ်များသည်လည်း ၀န်ပိ သထက် ပိုပိလာရသည်။ စာရင်းများ အရ ၂၀၁၀ ခုနှစ် တစ်နှစ် အတွင်းမှာပင် ကမ္ဘာတစ်ဝန်း အ၀လွန်မှုနှင့် ဆက်စပ်ပြီး သေဆုံး သူ(၃ ဒသမ ၄) သန်းရှိကြောင်း သိရသည်။ အ၀လွန်ခြင်း သည် ကမ္ဘာ့ လူသားများ ပျမ်းမျှ အ သက်ရှည်နှုန်းကျသထက် ကျသွားအောင် လည်း ကိုက်ဖဲ့စားသောက် လျက်ရှိကြောင်း အခြားသော စစ်တမ်းပေါင်း များစွာက သတိပေးထား ပြီဖြစ် သည်။ ကမ္ဘာ့ နိုင်ငံပေါင်း(၁၈၈) နိုင်ငံ ပါဝင်သော လေ့လာမှု စစ်တမ်းတစ်ရပ် အရလည်း ကမ္ဘာတစ်ဝန်း အ၀လွန်သူ လူကြီးပိုင်းပမာဏသည် (၂၈)ရာခိုင်နှုန်း နှစ်စဉ်တိုးလျက်ရှိပြီး ကလေးများကား(၅၀) ရာခိုင်နှုန်း ထိ တိုးလျက်ရှိသည်။ အမျိုးသားပိုင်းကား (၂၉) ရာခိုင် နှုန်းမှ (၃၇)ရာခိုင်နှုန်းသို့ လည်းကောင်း၊ အမျိုး သမီးပိုင်းကား (၃၀)ရာ ခိုင်နှုန်းမှ (၃၈) ရာခိုင်နှုန်း သို့လည်းကောင်း တိုးလာ သည်။ စစ်တမ်းအရ ဖွံ့ဖြိုးပြီး နိုင်ငံများက ကလေးများ၏ (၂၅)ရာခိုင်နှုန်း အ၀လွန်နေ သလို၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ကလေးများ၏ (၁၃) ရာခိုင်နှုန်း သည်လည်း အ၀လွန်လျက် ရှိကြောင်း သိရသည်။ ၁၉၈၀ ပြည့်နှစ်များက ဖွံ့ဖြိုးပြီး နိုင်ငံများ က (၁၆)ရာခိုင်နှုန်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များက (၈)ရာခိုင်နှုန်းသာရှိခဲ့ရာမှ တက်လာခြင်း ဖြစ်သည်။

အမေရိကန်ကလေးငယ်(၁၃) ရာခိုင်နှုန်း လည်း ဆိုးဆိုးဝါးဝါး အ၀လွန်လျက်ရှိသည်။ သာမန်အ၀လွန်သော ကလေးများကိုပါ ပေါင်းထည့် လိုက်လျှင်(၃၀)ရာခိုင်နှုန်းထိ ရှိသည်။ ၁၉၈၀ ပြည့်နှစ်များက ၁၉ ရာခိုင်နှုန်း သာ ရှိခဲ့ရာမှ တက်လာခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်း နှင့် အာဖရိက မြောက် ပိုင်းဒေသ များတွင်ကား ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များ အ၀လွန်နှုန်းက အခြားဒေသများမှာ ထက် ပိုများနေသည်ကို လည်း တွေ့ရသည်။ အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးများ အ၀လွန်နေကြကြောင်း စစ်တမ်း က ဖော်ပြသည်။

ဒေသအလိုက်ခွဲကြည့်လျှင်ကား ဖွံ့ဖြိုး ပြီးနိုင်ငံများဘက်တွင် အ၀လွန်နှုန်း တိုးနှုန်း နှေးလာသည့်တိုင် အရှေ့ အလယ်ပိုင်း၊ အာဖရိက မြောက် ပိုင်း၊ ဗဟိုအမေရိက၊ ပစိဖိတ်နှင့် ကရစ်ဘီယံကျွန်းစုများဘက်တွင်ကား အ၀လွန်သူဦးရေတိုးနှုန်းက မြန်သထက် မြန်လာနေသည်။ထိုဒေသများတွင် နိုင်ငံ အများအပြား သည် အ၀လွန်သူ (၄၄) ရာခိုင်နှုန်း အထက်ရှိနေ ကြသည်။ ကျားမ ယှဉ်ကြည့်ပါက ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အမျိုး သားများက အ၀လွန်နှုန်း များသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ကား အမျိုး သမီးက များသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ အ၀လွန်သူပမာဏကို ထက်ဝက်လျှော့ချ နိုင်အောင် ကြိုးပမ်းရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ရည်မှန်းချက်ချဆောင်ရွက် လျက်ရှိသည်။ ရည်မှန်းချက်သည် အလွန် ကောင်းမွန်သည် မှန်သော်လည်း ထိရောက်သော လက်တွေ့လုပ်ငန်းစဉ် မချမှတ်နိုင်လျှင် အနှစ်မဲ့သော ရည်မှန်းချက် ဖြစ်နေမည်ဟု ဝေဖန်မှု များလည်း ထွက်ပေါ်နေသည်။

အ၀လွန် ပြဿနာ ဖြေရှင်းရန် တစ်နည်းကား ၁၉၈၀ ၀န်းကျင် က ကမ္ဘာ့ ပျမ်းမျှ BMI သို့ ပြန်သွားရေးဖြစ်သည်။ ထိုသို့ ပြန်သွား နိုင်ရန်မှာ စားသောက်မှု ပုံစံများပါ လျှော့ချဖို့ လိုမည်။ နမူနာပြ ရလျှင် ဗြိတိန် တစ်နိုင်ငံတည်း မှာပင် စားသောက်မှု နှုန်းထားများ (၈) ရာခိုင်နှုန်း လောက်ထိ လျှော့ ချရမည်။ ထိုသို့ လျှော့ချလိုက်လျှင် စားသောက်ကုန် လုပ်ငန်းသည် တစ်နှစ်ကို ပေါင်ငွေ သန်း(၈၇၀၀) စာလောက် နစ်နာသွားမည့်အချက် လည်းရှိ သည်။

အ၀လွန်ပြဿနာ ဖြေရှင်းရေးသည် ကျန်းမာရေး ကဏ္ဍ တစ်ခုတည်းက လုပ်လို့ရသော အလုပ် မဟုတ်ကြောင်း အထက်ပါ ကိန်းဂဏန်းက ထောက်ပြနေသည်။ နိုင်ငံရေးပိုင်း ကပါ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါ ၀င်ဖို့လိုသည်။ စားသောက်နေထိုင်မှု ပုံစံများ ပြောင်းသွားအောင် ပညာပေး လျှင်ဖြစ်နိုင်သည်။ သို့သော် နောက်ဆက်တွဲအဖြစ်နိုင်ငံများ ပြည် တွင်းစားသုံးမှုနှုန်းများကျသွားခြင်း၊ ပြည်တွင်း သုံးစွဲမှုနှုန်း များကျသွားခြင်းမျိုးကို အစိုးရ များမည်သို့ ဖြေရှင်းမည်ကို ကြိုတင်တွက် ချက်ထားဖို့လိုသည်။ အ၀လွန်ပြဿနာ အဖြေ ရှာရေးသည် ဆက်စပ်ကြည့်ပါက တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာ့  လုံး ၏ အခြားသောကဏ္ဍများနှင့် ပါ ဆက်စပ်အဖြေရှာရမည့် ကိစ်္စတစ်ရပ်ဖြစ် သည်။ ယခုကဲ့သို့ စီးပွားပြိုင်ဆိုင်မှု အား ကောင်းနေသော ကမ္ဘာ့ ကြီးမှာ အများ ပြည်သူ ကျန်းမာရေးအတွက်ဟုဆိုကာ ပြည်တွင်း စားသုံးမှုများ လျှော့ချပြီး၊ စီးပွား တိုးနှုန်းပါ ကျသွားမည့် စွန့်စားရမှုမျိုးကို နိုင်ငံတကာ အစိုးရများ အသိုင်းအ၀ိုင်းက လိုလိုလားလား လုပ်ချင် စိတ်ရှိကြမည်လား ဆက်လက်စောင့် ကြည့်ကြရမည်။

Ref: Obesity weighs heavily on global health (BBC)
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...