စမတ်ဖုန်း၊ laptop နှင့် Tablet မှ အလင်းရောင် တစ်မျိုးကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်


သုတေသီများက စမတ်ဖုန်းကဲ့သို့ ကိရိယာများမှ ထွက်ရှိလာသည့် အပြာရောင် အလင်းများသည် နာရီပေါင်းအတော်များများ ဆက်တိုက်ထိတွေ့သည့်အခါ လူတစ်ဦး၏ ဆာလောင်စိတ်ကို လှုံ့ဆော်ပေးလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

လူတစ်ဦးသည် အစာရေစာလုံလောက်စွာ စားသောက်ထားသည့်တိုင် ယင်းအပြာ ရောင်အလင်းနှင့် ရေရှည်ထိတွေ့ချိန်၌ သာမန်ထက်မြန်ဆန်စွာပြန်လည်ဆာလောင် လာတတ်ကြောင်း သိရသည်။ ထိုအခြေအနေက သာမန်ထက် အစာပိုစားပြီး ကိုယ် အလေးချိန်တိုးပွားလာစေရန် တွန်းအားတစ်ရပ် သဖွယ်ဖြစ်လာသည်။

အမေရိကန်မှ ပညာရှင်များသည် စမတ်ဖုန်းများမှထွက်ရှိသည့် အလင်းရောင်က ဆာလောင်မှုကို လှုံ့ဆော်နိုင်ကြောင်း တွေ့ရှိထားသည့်တိုင် အဘယ်ကြောင့် ယင်း ကဲ့သို့ဆက်စပ်မှုမျိုး ဖြစ်ပေါ်နေ သည်ဆိုခြင်းကိုမူ မဝေခွဲနိုင်သေးချေ။

အပြာရောင် အသားပေးထားသည့် အလင်းရောင် ထုတ်လွှင့်မှုနှင့် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှင့် မှုများ နှိုင်းယှဉ်စမ်းသပ်ချက်အရ လူတစ်ဦး၏ဆာလောင်စိတ်မှာ အပြောင်း အလဲဖြစ်ပေါ်တတ်ကြောင်း ပညာရှင်များကတွေ့ရှိခဲ့သည်။ ၁၅ မိနစ်မျှကြာအောင် အပြာရောင်အလင်းနှင့် ထိတွေ့နေပြီးနောက် ယင်းသက်ရောက်မှု စတင်ဖြစ်ပေါ်လာ ပြီး ၂ နာရီမျှထိ ဆက်လက်တည်မြဲနေတတ်ကြောင်း သုတေသီ များက ယုံကြည်ထားသည်။

ချီကာဂိုရှိ အနောက်မြောက်ပိုင်း တက္ကသိုလ်မှ ဦးဆောင်သုတေသီအိုင်ဗီချောင်က “အပြာရောင် အဓိက ပါဝင်တဲ့ အလင်းတွေက ခန္ဓာဗေဒစနစ်တွေမှာ ဆာလောင် မွတ်သိပ်မှုကို လှုံ့ဆော်ပေးတာအမှန်ပါပဲ။ ဒီတွေ့ရှိချက်က အရေးကြီးပါတယ်။ ဒါ ဟာ ကျွန်တော်တို့ပတ်ဝန်းကျင်က အလင်းရောင်ရင်းမြစ်တွေနဲ့ ကိုယ်အလေးချိန် တိုးပွားမှု ဆက်နွယ်နေတာကို ခြေရာခံမိစေတဲ့ အခြေအနေတစ်ရပ်ပါပဲ။ ဒီလို ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အပြာရောင် အလင်း တွေနဲ့ ရေရှည် ထိတွေ့နေရင် ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာမယ်။ ပိုပြီးဆာလာ မယ်၊ ပိုပြီးစားသောက်မယ်၊ အဲဒီတော့ ပိုပြီးဝလာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

သုတေသီများသည် ယခုစစ်တမ်းအတွက် ကျန်းမာသန်စွမ်းသူ ၁၀ ဦးကို အသုံး ပြုစစ်ဆေးခဲ့ခြင်းဖြစ် သည်။ ၄ ရက်ကြာ စမ်းသပ်မှုများအတွင်း မှိန်ဖျော့ဖျော့ အလင်း ရောင်နှင့် ပုံမှန်ထိတွေ့သူများထက် အပြာရောင်အလင်းနှင့် ပိုမိုထိတွေ့ဖြစ်သူများက ယခင်ထက် အစားအသောက်ပိုများလာကာ ကိုယ် အလေးချိန်လည်း အတန်ငယ် တိုးလာကြောင်း သိရှိရသည်။

Planet
K.K(ကနောင်)
နည်းစနစ်ကျကျအတွေးအခေါ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...