မယားသေရင် လင် တစ်ယောက်တည်း စားရသလား

ဦးဝင်းရွှေ (တရား လွတ်တော်ရှေ့နေ)

မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေတွင် ငယ်လင် ငယ်မယားများ အဖြစ် ပေါင်းသင်းပြီးနောက် မယားဖြစ်သူ ကွယ်လွန် သွားသည် ဖြစ်စေ၊ လင်ဖြစ်သူ ကွယ်လွန် သွားသည် ဖြစ်စေ အသက် ကလေးတွေ ရှိနေတော့ နောက်ထပ် အိမ်ထောင် ပြုလေ့ ရှိကြသည်။ ပထမ အိမ်ထောင် နှင့် ဖြစ်ထွန်း လာသော ပစ္စည်းပေါ်တွင် ပထမ အိမ်ထောင် နှင့် မွေးဖွားလာသော သားသမီးများ နှင့် ဒုတိယ အိမ်ထောင်တို့က ထက်ဝက် ရပိုင်ခွင့် ရှိသည်။ ထိုအခြေအနေတွင် ပထမ အိမ်ထောင်မှ ဇနီး ကွယ်လွန် သွားပြီးနောက် ကျန်ရစ်သည့် ပစ္စည်း များကို ခင်ပွန်းဖြစ်သူ အနေဖြင့် မိမိ တစ်ဦးတည်းပိုင် ပစ္စည်းအဖြစ် လွှဲပြောင်းခြင်း၊ ရောင်းချခြင်း ပြုလုပ် ပိုင်ခွင့် မရှိပါ။ ထို့အတူ အဆိုပါ ပစ္စည်းကို ၀ယ်ယူသူ၊ လွှဲပြောင်း လက်ခံသူ အနေဖြင့်လည်း ဥပစာ တစ်ခုလုံးကို ရရှိနိုင်မည် မဟုတ်ပါ။

မန္တလေးမြို့၊ မဟာ အောင်မြေ မြို့နယ်၊ ဟေမမာလာ မြောက်ရပ်ကွက်၊ အကွက် အမှတ် (၆၄၆)၊ ဦးပိုင် အမှတ် (၁၄-င) ဘိုးဘပိုင်မြေ နှင့် မြေပေါ်ရှိ အဆောက်အအုံတို့ ကို ဦးမောင်ကို နှင့် ဇနီး ဒေါ်အမာတို့ အမည်ပေါက် ပိုင်ဆိုင်သည်။ ဒေါ်အမာ ကွယ်လွန်ပြီးနောက် ဦးမောင်ကိုက သားဖြစ်သူ ဦးမောင်မောင် အား မှတ်ပုံတင် အရောင်းအ၀ယ် စာချုပ်အမှတ် (၃၅၄/၈၈) ဖြင့် ရောင်းချခဲ့သည်။ ဦးမောင်မောင်က မှတ်ပုံတင် လှူဒါန်း စာချုပ်အမှတ် (၁၀၅၈/၈၈) ဖြင့် မဟာ အောင်မြေ မြို့နယ်၊ အမှတ် (၂၂) အခြေခံ ပညာ မူလတန်း ကျောင်းသို့ လှူဒါန်းလိုက်သည်။ ထိုမြေပေါ်တွင် ဦးမောင်ကို ၏ ဒုတိယဇနီး ဒေါ်သန်းရင်၊ ဦးမောင်ကို နှင့် ဒေါ်အမာတို့ မှ မွေးဖွားသော သားသမီးများက နေထိုင်ကြသည်။

အမှတ် (၂၂)၊ အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာကြီးက တရားပြိုင် ဦးကြည်စိန် တို့ မိသားစု လေးဦး အပေါ် “ မန္တလေးမြို့၊ မဟာ အောင်မြေ မြို့နယ်၊ ဟေမမာလာ မြောက်ရပ်ကွက်၊ အကွက် အမှတ် (၆၄၆)၊ ဦးပိုင် အမှတ် (၁၄-င)၊ ဘိုးဘပိုင်မြေ နှင့် မြေပေါ်ရှိ အဆောက် အအုံတွင် နေထိုင်လျက် ရှိသော တရားပြိုင် တို့အား ဖယ်ရှားပြီး အချင်းဖြစ်မြေ နှင့် အဆောက်အအုံကို လက်ရောက် ရလိုမှု” စွဲဆိုသည်။ မန္တလေးတိုင်း တရားရုံး၏ တရားမကြီး မှုအမှတ် ၂/၂၀၀၄ တွင် ကျောင်းအုပ် ဆရာကြီး စွဲဆိုသော အမှုကို ပလပ်လိုက်သည်။

ထို့ကြောင့် ကျောင်းအုပ် ဆရာကြီးက တရားရုံးချုပ်သို့ တရားမ ပထမ အယူခံမှု အမှတ် ၁၅၆/၂၀၀၇ ဖြင့် အယူခံ တက်ရောက်ခဲ့သည့် အချင်းဖြစ် ဦးပိုင် အမှတ် (၁၄-င) မြေနှင့် အဆောက်အအုံကို ကွယ်လွန်သူ ဒေါ်အမာ၏ ခင်ပွန်းဖြစ်သူ ဦးမောင်ကိုက သားဖြစ်သူ ဦးမောင်မောင်အား သက်သေခံ (က) မှတ်ပုံတင် အရောင်းအ၀ယ် စာချုပ်ဖြင့် ရောင်းချသည့် အချိန်တွင် ဖခင် ဦးမောင်ကိုသည် နောက်အိမ်ထောင် ဒေါ်သန်းရင် နှင့် ပေါင်းသင်းနေချိန် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ ဦးမောင်ကို လက်ဝယ်ရှိ အဆိုပါ ဥပစာ၏ ထက်ဝက်ကို အမှတ် (၂) တရားပြိုင် အပါအ၀င် အထက်ပါ သားသမီး (၁၀) ဦးတို့က စုပေါင်းပြီး ရခွင့်ရှိသည်။ ဦးမောင်ကို အနေဖြင့် အထက်ပါ ပစ္စည်းတွင် ကျန်တစ်ဝက် ကိုသာ ရခွင့်ရှိသည် ဖြစ်ရာ သားဖြစ်သူ ဦးမောင်မောင်အား ၄င်းရရှိသည့် တစ်ဝက်ကိုသာ ရောင်းချ ပိုင်ခွင့်ရှိသည်။ အချင်းဖြစ်မြေ နှင့် အဆောက်အအုံကို အထက်ပါ သားသမီးများ နှင့် ဖခင် ဦးမောင်ကို တို့သည် တစ်ဝက်စီ ရထိုက်ခွင့် ရှိသော်လည်း မိမိတို့ ရထိုက်ခွင့် ရှိသည့် ဝေစုကို အမွေ မခွဲဝေရသေးဘဲ ဦးမောင်ကို က မိမိ တစ်ဦးတည်းပိုင် အဖြစ် သားဖြစ်သူ ဦးမောင်မောင်အား ရောင်းချခွင့် မရှိကြောင်း ထင်ရှားလျက် ရှိသည်။

သို့ဖြစ်၍ ဦးမောင်ကို တစ်ဦးတည်း ပိုင်မဟုတ်သော အချင်းဖြစ်မြေ နှင့် အဆောက်အအုံကို ၀ယ်ယူသူ ဦးမောင်မောင် အနေဖြင့်လည်း ထိုအဆောက်အအုံ တစ်ခုလုံးကို ပိုင်ခွင့်မရနိုင်ပါ။ ထို့ကြောင့်ပင် အချင်းဖြစ်မြေ နှင့် အဆောက်အအုံ တစ်ခုလုံးကို ပိုင်ဆိုင်ခွင့် မရသူက လှူဒါန်းခြင်း ကြောင့် ထပ်ဆင့် ပိုင်ဆိုင်သည် ဆိုသော မူလမှု တရားလို အမှတ် (၂၂) အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီး အနေဖြင့်လည်း ထိုဥပစာ တစ်ခုလုံးကို ပိုင်ဆိုင်ခွင့် ရနိုင်မည် မဟုတ်ပေ။ မရွှေ့ မပြောင်းနိုင်သော ပစ္စည်း လက်ရောက် ရလိုမှုတွင် အချင်းဖြစ် ဥပစာကို တရားလိုက ပိုင်ဆိုင်ကြောင်း အဓိကအားဖြင့် သက်သေပြရန် တာဝန်ရှိသည်။ အချင်းဖြစ် ပစ္စည်းကို တရားဝင် ပိုင်ဆိုင်ကြောင်း ပေါ်လွင်အောင် ပြသနိုင်ခြင်း မရှိပါက တောင်းဆိုသော သက်သာခွင့် ကိုရရန် အကြောင်း မရှိဟု ဦးကျော်ဝင်းပါ (၂) နှင့် ဒေါ်ဘန်ဂါရာမားပါ (၄) အမှု ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ-၇ တွင် ထုံးဖွဲ့ခဲ့သည်။ ဤအမှုတွင် တရားလို အမှတ် (၂၂) အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာကြီးသည် လက်ရောက် ရလိုမှု စွဲဆိုသော အချင်းဖြစ် ဥပစာ တစ်ခုလုံးကို တရားဝင် ပိုင်ဆိုင်ကြောင်း ပေါ်လွင် ထင်ရှားခြင်း မရှိသဖြင့် အဆိုပါ ဦးပိုင်အမှတ် (၁၄-င) မြေ နှင့် အဆောက်အအုံ တစ်ခုလုံးကို လက်ရောက် ရထိုက်ခွင့် ရှိမည် မဟုတ်ပေ။

ဤအမှုမှ ဥပဒေပြဿနာ တစ်ရပ်အပေါ် ဆက်လက် တင်ပြ လိုပါသည်။ အချင်းဖြစ် ဦးပိုင်အမှတ် (၁၄-င) မြေ နှင့် အဆောက်အအုံကို မူလမှု တရားလို ကျောင်းအုပ် ဆရာကြီးက တရားဝင် ပိုင်ဆိုင်ကြောင်း ဖြင့် ငြင်းချက် အမှတ် (၁) ကို မူလရုံးက အယူခံ တရားလိုအား အသာပေး ဆုံးဖြတ်ချက် အပေါ်အယူခံ တရားပြိုင်တို့ က ပြန်လှန်ကန့်ကွက် လွှာတင်သွင်းခဲ့ခြင်း မရှိသဖြင့် ဤအယူခံရုံး အနေဖြင့် ပြောင်းလဲ ဆုံးဖြတ်ခွင့် မရှိကြောင်း တရားလိုဘက်မှ တင်ပြချက် အပေါ် အယူခံရုံးက အယူခံ တရားပြိုင်သည် မည်သည့် အခါမျိုးတွင် ပြန်လှန် ကန့်ကွက်ချက် တင်သွင်း ရမည်ဟု တရား မကျင့်ထုံး ဥပဒေ အမိန့် (၄) ၊ နည်း (၂၂) ၌ ပြဋ္ဌာန်း ထားသည်။ ထိုပြဋ္ဌာန်းချက် များအရ ဆိုလျှင် ပြန်လှန် ကန့်ကွက်ချက်ကို အယူခံ ၀င်သည့် နည်းတူ တင်သွင်းရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အယူခံ တရားပြိုင် တစ်ဦးသည် ဒီကရီ၏ တစ်စိတ် တစ်ပိုင်းအပေါ် အယူခံဝင်ရန် အခွင့်အရေး ရှိမှသာ ပြန်လှန် ကန့်ကွက်ချက် တင်သွင်းနိုင်မည် ဖြစ်သည်။ ဒီကရီအပေါ် လုံးဝ အယူခံဝင်ရန် အခွင့်အရေး မရှိပါမူ ပြန်လှန် ကန့်ကွက်ချက် မတင်သွင်းနိုင် ပေ။ အောက်ရုံးမှ မိမိအား လုံးဝ အနိုင်ပေးသော ဒီကရီကို အယူခံ တရားပြိုင် အနေဖြင့် အယူခံဝင်ရန် လိုမည် မဟုတ်ပေ။ ထိုကဲ့သို့ အမှုမျိုးတွင် တစ်ဖက်မှ အယူခံ ၀င်သောအခါ အယူခံ တရားပြိုင် အနေဖြင့် ပြန်လှန် ကန့်ကွက်ချက် တင်သွင်းခြင်း မပြုဘဲ မိမိအား နစ်နာစေသည့် အောက်ရုံး၏ ယူဆချက် တစ်ခုခု သည် မှားယွင်းနေကြောင်း တင်ပြ ပိုင်ခွင့်ရှိသည်။

ဤအမှုတွင် မူလရုံးမှ တရားလို စွဲဆိုသော အမှုကို ပလပ်ခဲ့ခြင်းကြောင့် အယူခံ တရားပြိုင် ဦးကြည်စိန်တို့ အနေဖြင့် အဆိုပါ ဒီကရီအပေါ် အယူခံဝင်ရန် လိုအပ်မည် မဟုတ်ပေ။ လုံးဝ အယူခံဝင်ရန် အခွင့်အရေး မရှိသဖြင့် တရား မကျင့်ထုံး ဥပဒေ အမိန့်- ၄၁ ၊ နည်း-၂၂ အရ ပြန်လှန် ကန့်ကွက်ချက် တင်သွင်းရန် မလိုအပ်ပေ။ ထို့ကြောင့် အယူခံ တရားပြိုင်တို့ က ပြန်လှန် ကန့်ကွက်ချက် တင်သွင်းရန် မလိုသဖြင့် ထိုသို့ မတင်သွင်း သည့် အကြောင်း ကြောင့် ဤအယူခံရုံးက ပြောင်းလဲ ဆုံးဖြတ်ခွင့် မရှိခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် လက်ခံခွင့်ပြုရန် အကြောင်းမရှိပေ ဟု ဆုံးဖြတ်ခဲ့သည်။

မူလအမှတ် (၂) တရားပြိုင် ဒေါ်ခင်ဆွေမြင့် အပါအ၀င် ဦးမောင်ကို နှင့် ဒေါ်အမာတို့၏ သားသမီးများ ဖြစ်ကြသော ဒေါ်တင်တင်အေး ပါ (၁၀) ဦးတို့ကလည်း အခုအမှုမှ တရားလို အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီး အပါအ၀င် ဦးမောင်မောင်ပါ ရှစ်ဦးတို့အပေါ် မန္တလေးတိုင်း တရားရုံး တရားမကြီးမှု အမှတ်(၂၅၁/၀၆) တွင် အမွေပုံ စီမံခန့်ခွဲ ပေးစေလိုမှု စွဲဆိုခဲ့သည်။ ယင်းအမှုနှင့် စပ်လျဉ်းသော တရားရုံး ချုပ် (မန္တလေး ရုံးထိုင်) တရားမ ပထမ အယူခံမှု အမှတ်(၁၆၄/၂၀၀၁) ၏ စီရင်ချက် (သက်သေခံ-ဃ) အရ အမှတ်(၂၂) အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီးသည် ရာထူး အလျောက် ပြည်သူ့ ၀န်ထမ်း အဖြစ် တာဝန်အရ ဆောင်ရွက်သူ ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် တရားလို အမှတ် (၂၂) အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီးသည် ပြည်သူ့ ၀န်ထမ်း တာဝန်အရ ဆောင်ရွက်မှု အဖြစ်၊ တစ်နည်းအားဖြင့် အစိုးရ အတွက် မူလမှုကို စွဲဆိုခဲ့ခြင်း ဖြစ်ပေသည်။ ကာလ စည်းကမ်းသတ် အက်ဥပဒေ ပထမဇယား၊ အမှတ်စဉ် (၁၄၉) အရ အစိုးရက ဖြစ်စေ၊ အစိုးရ အတွက် ဖြစ်စေ စွဲဆိုသည့် အမှုတွင် စည်းကမ်း သတ်ကာလကို နှစ်ပေါင်း (၆၀) သတ်မှတ် ထားကြောင်း တွေ့ရသည်။ ထို့ ကြောင့် ဤအမှုတွင် အဆိုပါ ဥပဒေ အမှတ်စဉ် (၁၄၉) အရ တရားလို အမှတ် (၂၂) အခြေခံပညာ မူလတန်းက အချင်း ဖြစ်ပစ္စည်း များကို မှတ်ပုံတင် လှူဒါန်း စာချုပ်အမှတ် (၁၀၅၈/၈၈) အရ ပိုင်ဆိုင်ခွင့် စတင် ရရှိသည့် (၁၂-၁၂-၈၈) နေ့မှ မူလ စွဲဆိုသော (၁-၁-၂၀၁၄) နေ့ကို ရေတွက်သော် ကာလ စည်းကမ်း သတ်နှစ် (၆၀) ကျော်လွန်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ အချင်းဖြစ်မြေ နှင့် အဆောက်အအုံမှာ သားသမီး (၁၀) ဦး၊ ဖခင် ဦးမောင်ကို နှင့် ဒုတိယ ဇနီးဒေါ်သန်းရင် တို့ အမွေဆက်ခံ ရရှိခဲ့သော အမွေဆိုင် ပစ္စည်း ဖြစ်သည်။ ထို့ကြောင့် ဖခင်ဦးမောင်ကို အနေဖြင့် မယားပြိုင် ဒေါ်သန်းရင်၊ သြရသ သမီး နှင့် ကျန် သားသမီး များ၏ ရထိုက်သော ဝေစုကို ထည့်သွင်း ရောင်းချခဲ့ခြင်း မှာ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ ပျက်ပြယ်သော စာချုပ် ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားလျက် ရှိသည်။ အထက်ပါ အကြောင်း များကြောင့် အယူခံ တရားလို အမှတ် (၂၂) အခြေခံပညာ မူလတန်း ကျောင်းအုပ်ကြီးသည် အချင်းဖြစ် မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ ဟေမမာလာ မြောက်ရပ်ကွက်၊ အကွက် အမှတ် (၆၄၆) ၊ ဦးပိုင်အမှတ် (၁၄- င) မြေနှင့် အဆောက်အအုံ တစ်ခုလုံးကို ပိုင်ဆိုင်ခွင့် မရှိဘဲ လက်ရောက် ရလိုမှု စွဲဆိုခြင်းကြောင့် ၎င်း စွဲဆိုသော အမှုမှာ အောင်မြင်ရန် အကြောင်း မရှိသဖြင့် မူလရုံး က အယူခံ တရားလို စွဲဆိုခဲ့သော အမှုကို ပလပ်ခဲ့ခြင်းမှာ မှားယွင်းသည် ဟု မဆိုနိုင်ပေ။ ထို့ကြောင့် မန္တလေးတိုင်း တရားရုံး၏ စီရင်ချက် နှင့် ဒီကရီကို ဆက်လက် အတည်ပြုပြီး၊ ဤအယူခံမှုကို စရိတ်နှင့် တကွ ပလပ်လိုက်ကြောင်း အမိန့်ချမှတ် ခဲ့ပါသည်။

ဤဆောင်းပါးတွင် ဦးမောင်ကိုသည် ဒေါ်အမာ သက်ရှိ ထင်ရှား ရှိစဉ်ကတည်းက ဒေါ်သန်းရင်နှင့် နောက် အိမ်ထောင် ပြုခဲ့သည်။ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ၏ အမွေ ဆက်ခံရေး မူအရ လင်သေ မယား၊ မယား သေလင် အမွေ ဆက်ခံရမည့် ဥပဒေမှာ ကျန်ရစ်သူ မိဘတွင် နောက် အိမ်ထောင် မရှိလျှင် ဖြစ်စေ၊ သြရသ သားသမီး မကျန်ရစ်လျှင် ဖြစ်စေ လိုက်နာရမည့် ဥပဒေသ ဖြစ်သည်။ ဒေါ်အမာ ကွယ်လွန်စဉ်က မယားပြိုင်ဖြစ်သူ ဒေါ်သန်းရင် ကျန်ရစ်သဖြင့် အချင်းဖြစ် မြေကွက်ကို ခင်ပွန်း ဦးမောင်ကို၊ ဒေါ်သန်းရင် နှင့် သားသမီးများ ပိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ ကိုယ်ပိုင် အခွင့်အရေး အနေဖြင့် အမွေဆက်ခံ ပိုင်ခွင့် ရရှိကြမည် ဖြစ်သည်။ ဦးမောင်ကိုက ၎င်း တစ်ဦးတည်း၏ အစီအမံဖြင့်သာ သားတစ်ဦး ဖြစ်သူ ဦးမောင်မောင်ကို ရောင်းချခဲ့ပြီး၊ ဦးမောင်မောင် ကလည်း အမှတ် (၂၂) အခြေခံ ပညာ မူလတန်း ကျောင်းသို့ ထပ်မံ လှူဒါန်းခဲ့ခြင်းမှာ မူလကပင် ပျက်ပြယ်သော စာချုပ် စာတမ်းများ ဖြစ်ကြောင်း သိရှိစေလိုရင်း ဖြစ်ပါသည်။ ထို့ကြောင့် စာဖတ်သူများ နှင့် ဥပဒေ ပညာဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေကြသူ လူငယ်များ အတွက် ၂၀၀၇ ခုနှစ်၊ ပထမ အယူခံမှု အမှတ် (၁၅၆) ကို သိမှတ်ဖွယ်ရာ အဖြစ်တင်ပြ လိုက်ရပါသည်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...