အရောင်ပြ စကားလုံးများ
Written by မောင်ခင်မင် (ဓနုဖြူ)
မူမူနှင့် ဖြူဖြူတို့ ရောက်လာ ကြပြန်သည်။
“ဘဘကို စာမေးချင်လို့ပါ”၊ မူမူက စကားစသည်။
“မေးလေ၊ ဘာမေးချင်လို့လဲ သမီး”
“သမီးတို့နှစ်ယောက် ရာဇဝင် ဝတ္ထုတစ်ပုဒ် ဖတ်ရင်း အဓိပ္ပာယ် မသိတဲ့ စကားလုံး တစ်လုံးတွေ့လို့ပါ”၊ ဖြူဖြူက ဆက်ပြောသည်။
“ကဲ. . .ဆိုစမ်းပါဦးကွယ်”
“ဝတ္ထုထဲမှာ မင်းသားက ဖောင်းဝတ်ရောင်မြင်းကြီး စီးလာတယ်လို့ ပါပါတယ်”
“အဲဒီဖောင်းဝတ်ရောင်ဆိုတာ ဘယ်လို အရောင်လဲဆိုတာ မသိလို့ပါဘဘ”
“ဒီလိုဆိုရင်၊ အဲဒီစကားလုံးကို လက်တွေ့ရှာကြည့်ရအောင်” ဟု ကျွန်တော်ကပြောပြီး စာအုပ်စင်မှ မြန်မာအဘိဓာန် စာအုပ်ကို ယူပေးလိုက်သည်။
“ကဲ ဒီအဘိဓာန်ထဲမှာ ‘ဖောင်းဝတ်’ ဆိုတဲ့စကားလုံးကို ရှာကြည့်စမ်းသမီးတို့”
သူတို့ရှာကြည့်ပြီးပြောသည်။ “တွေ့ပါပြီဘဘ၊ ‘ဖောင်းဝတ်’ ကို ‘မီးခိုးရောင်သန်းသော အဖြူရောင်’ လို့ အဓိပ္ပာယ်ပြထားပါတယ်။ ‘ဖောင်းဝတ်မြင်း’ လို့လည်း ပြပါတယ်။
“ဟုတ်ပြီ။ ကြည့်လက်စနဲ့ အပေါ်နားမှာ ‘ဖောင်း’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုလည်း ကြည့်လိုက်ပါ ဦး”
“ဟုတ်ပြီ။ ကြည့်လက်စနဲ့ အပေါ်နားမှာ ‘ဖောင်း’ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုလည်း ကြည့်လိုက်ပါ ဦး”
“တွေ့ပါပြီ။ ‘ဖောင်း’ ဆိုတာ၊ ‘မီးခိုးရောင်သန်းသော အပွင့်ဖြူပွင့်သည့် ကိုင်းပင်တစ်မျိုး’ တဲ့ ဘဘ”
“ကဲဒီလိုဆိုရင် ‘ဖောင်းဝတ်ရောင်’ ဆိုတာ ဖောင်းပင်ကပွင့်တဲ့ ဖောင်းပွင့်ရဲ့ ဝတ်ဆံအရောင်ကိုဆိုလို တယ်ဆိုတာ ရှင်းပြီပေါ့ကွယ်။ မီးခိုးရောင်လေးသန်းနေတဲ့ အဖြူရောင်ပေါ့”
“သိပါပြီဘဘ။ ဝတ္ထုထဲက အဲဒီမြင်းကြီးရဲ့အရောင်ကိုလည်း စိတ်ထဲမှာ မြင်ယောင်လာပါပြီ။ ဒီလိုဆိုရင် အရောင်ကိုဖော်ပြတဲ့ စကားလုံးတွေဟာလည်း ထင်လွယ်မြင်လွယ်တဲ့ စကားလုံးတွေပဲပေါ့နော် ဘဘ”
“ဟုတ်ပါတယ်။ စာရေးတဲ့သူတွေဟာ သက်ရှိသတ္တဝါတွေ၊ သက်မဲ့ပစ္စည်းတွေကို သရုပ်ဖော်ရာမှာ အရောင်ပြစကားလုံးတွေကိုလည်း လိုအပ်သလိုသုံးတတ်ကြတာပါပဲကွယ်”
“သမီးတို့မြန်မာစကားမှာ အရောင်ပြစကားလုံး ဘယ်နှလုံးရှိသလဲဟင်၊ ဘဘ”
“အင်း. . .ဘယ်နှလုံးရှိတယ်လို့တော့ အတိအကျမပြောနိုင်ဘူး။ အများကြီးပဲ။ အခြေခံကျတဲ့ အရောင် ပြစကားလုံးတွေကတော့ ဘယ်နှလုံးရှိတယ်ဆိုတာ တိတိကျကျပြောနိုင်တယ်”
“ပြောပြပါဘဘ”
“ကဲ. . သမီးတို့မှတ်ထားနော် ဘဘလည်းမြန်မာစကားထဲက အခြေခံကျတဲ့ အရောင်ပြစကားလုံးတွေ ကိုလေ့လာကြည့်ထားလို့ တိတိကျကျပြောနိုင်တာ၊ အားလုံးခုနှစ်လုံးပဲရှိတယ်ကွဲ့” “ကဲ. . .လိုက်မှတ် နော်၊ ‘စိမ်း’၊ ‘ညို’၊ ‘နီ’၊ ‘ပြာ’၊ ‘ဖြူ’၊ ‘မည်း’၊ ‘ဝါ’။
အဲဒီခုနှစ်လုံးပဲ။ ကဲ. . . ‘မည်း’ အစား ‘နက်’ လည်းသုံးတယ်။ ဒီတော့ ‘မည်း’ နဲ့ ‘နက်’ ကတော့ တစ်မျိုး တည်းလို့ဆိုရမှာပေါ့”
“ဒီစကားလုံးတွေကိုဘာဖြစ်လို့ အခြေခံကျတယ်လို့ပြောတာလဲ ဘဘ”
“တခြားအရောင်ပြစကားလုံးတွေက နောက်မှပေါ်လာတဲ့စကားလုံးတွေမို့ အဲဒီခုနှစ်လုံးလောက် အခြေ ခံမကျဘူးကွဲ့”
“ဘဘပြောတာ သမီးသိပ်နားမလည်ပါဘူးဘဘ”
“သမီးလည်း နားမလည်ပါဘူး။”
“အေး. . . ဘဘရှင်းပြပါ့မယ်။ ကဲ. . .သမီးတို့ကိုပဲမေးမယ်။ သမီးတို့သိတဲ့ ဒီ့ပြင်အရောင်ပြ စကားလုံး တစ်လုံးစီပြောပြစမ်းပါ”
“အင်း. . . ‘ပန်းရောင်’ ဘဘ”
“ ‘နက်ပြာရောင်’ ဘဘ”
“ဟုတ်ပြီ၊ ဟုတ်ပြီ။ ကဲ. . .ဘဘမေးမယ်။ ပန်းရောင်လို့ဘာဖြစ်လို့ခေါ်တယ်ထင်သလဲကွယ်”
“ပန်းရဲ့အရောင်နဲ့တူလို့ ပန်းရောင်လို့ခေါ်တယ်ထင်ပါတယ်ဘဘ”
“ ‘နက်ပြာရောင်’ ကရောကွယ်။ ဘာဖြစ်လို့ ခေါ်တယ်ထင်သလဲ”
“အနက်နဲ့အပြာနဲ့အရောင်ချင်းရောနေလို့ နက်ပြာလို့ခေါ်တယ်ထင်ပါတယ် ဘဘ”
“ဒီလိုဆိုရင် ပန်းရောင်ဆိုတဲ့စကားလုံးဟာ ပန်းရဲ့အရောင်ကိုအစွဲပြုပြီးနောက်မှပေါ်လာတဲ့ စကားလုံးမ ဟုတ်ဘူးလား။ နက်ပြာရောင်ဆိုတဲ့စကားလုံးကလည်း မူလကရှိနေတဲ့ ‘နက်’ ဆိုတဲ့ စကားလုံးနဲ့ ‘ပြာ’ ဆိုတဲ့စကားလုံးမဟုတ်ဘူးလား”
“ဟုတ်ပါတယ် ဘဘ”
“ဒီလိုဆိုရင် အဲဒီ ‘ပန်းရောင်’ နဲ့ ‘နက်ပြာရောင်’ ဆိုတဲ့စကားလုံးတွေဟာ နောက်မှပေါ်လာတဲ့ စကား လုံးတွေဆိုတာ ထင်ရှားတာပေါ့။ အဲဒါကြောင့် ဘဘပြောတဲ့ အခြေခံအရောင်ပြစကားလုံးခုနှစ်လုံးဟာ အဲဒီနောက်မှပေါ်တဲ့ စကားလုံးတွေထက် အရင်ပေါ်ပေါက်တဲ့ စကားလုံးတွေမို့အခြေခံကျတယ်လို့ ပြောရတာပေါ့ကွယ်”
“နားလည်ပါပြီ ဘဘ။ ဒီလိုဆိုရင် အဲဒီလိုနောက်မှပေါ်လာတဲ့ အရောင်ပြစကားလုံးတွေက အများကြီး နေမှာပေါ့နော်”
“ဟုတ်တယ်လေ။ အဲဒီစကားလုံးတွေကို တစ်ဆင့်ခံအရောင်ပြစကားလုံးလို့ ခေါ်နိုင်တာပေါ့။ ပန်းရဲ့ အရောင်ကို အစွဲပြုပြီး ‘ပန်းရောင်’ လို့ခေါ်သလို တခြားအရာဝတ္ထုတွေကို အစွဲပြုပြီးခေါ်တဲ့ အရောင်ပြ စကားလုံးတွေ တော်တော်များများရှိတယ်ကွဲ့။ သမီးတို့စဉ်းစားမိသလောက်ပြောပြပါဦး”
“ဟုတ်ကဲ့ပါ။ ခရမ်းရောင်၊ လိမ္မော်ရောင်၊ မရန်းစေ့ရောင်၊ မီးခိုးရောင်. . . .”
“သမီးလည်း ပြောကြည့်မယ်နော်။ ကြက်သွေးရောင်၊ ကြက်ဥနှစ်ရောင်၊ ထုံးခြောက်ရောင်၊ ပိတုန်း ရောင်၊ မျှင်ငါးပိရောင် . . . .” ဟုတ်တယ်နော်ဘဘ”
“ဟုတ်ပါ့ကွယ်။ ဒီ့ပြင်စကားလုံးတွေလည်း ရှိသေးတယ်။ အဲဒါခဏထားပြီး ‘နက်ပြာရောင်’ လို့ စကား လုံးနှစ်လုံးပေါင်းခေါ်တဲ့ အရောင်ပြစကားလုံးမျိုးရော၊ သမီးတို့စဉ်းစားကြည့်ပါဦး”
‘မိုးပြာရောင်၊ ကြည်ပြာရောင်၊ မြစိမ်းရောင်’ ဆိုပြီး တခြားပစ္စည်းနဲ့အရောင်ပြ စကားလုံးနဲ့ တွဲသုံးတာမျိုး လည်းရှိတယ်မဟုတ်လား ဘဘ” “ဟုတ်ပါပြီ။ တချို့စကားလုံးတွေကတော့ ဖောင်းဝတ်ရောင်” ဆိုတဲ့ စကားလုံးလိုပဲ အဓိပ္ပာယ်သိဖို့ခက်တယ်။ ဆိုပါတော့ ‘ကာကီရောင်’ ဆိုတာ အညိုနုရောင်ကိုခေါ်တာ မဟုတ်လား။ အဲဒီ ‘ကာကီရောင်’ ဆိုတာ အညိုနုရောင်ကို ခေါ်တာမဟုတ်လား။ အဲဒီ ‘ကာကီ’ ဆိုတာ မြန်မာစကားမဟုတ်ဘူး။ ဟိန္ဒူ စတန်နီစကားကို မွေးစားယူထားတာလို့ သိရတယ်။ ပြီးတော့ ‘စူကာ ရောင်’ ဆိုတာ ရှေးစာပေတွေမှာပါတယ်။ ‘စူကာ’ ဆိုတာ ဟိန္ဒီစကားတဲ့။ အပြာရင့်ရောင်ပန်းနွယ်တစ် မျိုးကို ခေါ်တာတဲ့။ အဲဒီအရောင်ကို စူကာရောင်လို့ခေါ်တာပေါ့”
“သမီးတို့မှတ်ထားပါ့မယ် ဘဘ”
“သမီးတို့ကျောင်းမှာ သင်ရတဲ့ကဗျာတွေမှာ ‘မိလ္လာရောင်’ ဆိုတာလည်းပါတယ်။ သမီးတို့သိတဲ့ အညစ် အကြေးကိုခေါ်တာ မဟုတ်ဘူးကွဲ့။ အဲဒီ ‘မိလ္လာ’ ကလည်း ဟိန္ဒီစကားကလာတာ။ ကြေးညိုရောင်လို့ အဓိပ္ပာယ်ဖွင့်လေ့ရှိတယ်။ ညိုမှိုင်းမှိုင်းအရောင်ပေါ့။ မိလ္လာဆိုတာ ငွေတစ်ဆ၊ ကြေးနီတစ်ဆ၊ ခဲနှစ်ဆ ရောစပ်ထားတဲ့ သတ္တု-တဲ့”
“ဟုတ်ကဲ့ပါ”
“ကော်ဖီရောင်တို့၊ ချောကလက်ရောင်တို့ကတော့ နောက်ပိုင်းမှာပေါ်လာတဲ့ စကားလုံးတွေပေါ့။ ဆရာ ဒဂုန်တာရာက ‘ရွှေအိုရောင်’ လို့စသုံးတာ regged gold ဆိုတဲ့ အင်္ဂလိပ်စကားကို ဘာသာပြန်သုံးတာ ပေါ့။ ခုတော့ တွင်ကျယ်နေပါပြီ”
“မဟော်ဂနီရောင်ဆိုတာကရော ဘဘ”
“မဟော်ဂနီဆိုတာ အပင်နာမည်လေ။ နီညိုရောင်ရှိတယ်။ အသားကိုအိမ်ထောင်ပရိဘောဂ လုပ်ရ တယ်။ အဲဒီအရောင်ကိုခေါ်တာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“နောက်တစ်ဆင့်စဉ်းစားရအောင်။ အခြေခံအရောင်စကားလုံးတွေကို သုံးတဲ့နေရာမှာ အရောင်အနု၊ အရင့် ထင်ရှားအောင်သုံးတာမျိုးတွေလည်း ရှိတယ်ကွယ့်”
“ဘယ်လိုသုံးတာလဲ ဘဘ”
“အနုအရင့်ပြတဲ့စကားလုံးတွေနဲ့ တွဲသုံးတာပေါ့။ ဥပမာ-နီတာကို ‘နီရဲနေတာပဲ’ ‘နီတွတ်တွတ်ပဲ’ လို့သုံး ရင် သိပ်နီတဲ့အဓိပ္ပာယ်ပေါ့။ ‘နီကြင်ကြင်’ ‘နီစပ်စပ်’ လို့သုံးရင်တော့ အနီခပ်ဖျော့ဖျော့ဆိုတဲ့ အဓိပ္ပာယ် ပေါ့”
“ဘဘ ‘ဝါထိန်နေတာပဲ’ ဆိုရင် သိပ်ဝါပြီး ‘ဝါဖန့်ဖန့်’ ဆိုရင်တော့ ဝါဖျော့ဖျော့ပေါ့နော်”
“သမီးတို့တော်တယ်ဟေ့။ အေးအေးဆေးဆေး စဉ်းစားကြည့်ရင် အရောင်တွေကို အနုအရင့်အမျိုးမျိုး ပြတဲ့စကားလုံးတွေ ဘဘတို့မြန်မာစကားမှာ အများကြီးရှိတာပေါ်လာမှာပဲလေ။ သက်ရှိသက်မဲ့တွေကို သရုပ်ဖော်တဲ့နေရာမှာ အဲဒီအရောင်ပြစကားလုံးတွေက အများကြီးအထောက်အကူ ပြုတာပေါ့ကွယ်။ ‘နေလုံးနီနီ’ တို့ ‘ပင်လယ်ပြာပြာ၊ မိုးပြာပြာ’ တို့ ‘ကောက်ပင်စိမ်းလဲ့ ယိမ်းနွဲ့နွဲ့တို့’ ‘စပါးရွှေဝါ’ တို့ဆိုတဲ့ အသုံးတွေဟာ အရောင်အသွေးပေါ်အောင် သုံးတဲ့အသုံးတွေပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ပြီးတော့ အခြေခံအရောင်ပြစကားလုံးတွေမှာ ဆက်နွှယ်နေတဲ့ အနက်အဓိပ္ပာယ်တွေ ကျယ်ကျယ်ပြန့် ပြန့်ရှိတယ်။ ‘နီ’ ဆိုရင်သွေးရဲအရောင်၊ ရဲရင့်တဲ့သဘောကိုပြတယ်။ ‘ပြာ’ ကကောင်းကင်ရောင် အေး ချမ်းတယ်။ ‘စိမ်း’ ကဆန်စပါးစားရေရိက္ခာ သဘောကိုညွှန်းတယ်။ ‘ဝါ’ ကသာသနာ့အရောင်၊ ပညာသ ဘောပေါ့။ ‘ဖြူ’ ကသန့်စင်ပြီး၊ ‘မည်း’ ကတော့ ညစ်နွမ်းတာပေါ့ကွယ်။ ‘ညို’ ကတော့အဖြူနဲ့အမည်း ကြားမှာ သင့်တင့်တဲ့သဘောပေါ့။ ဒီနေ့အသုံးတွင်ကျယ်နေတဲ့ ငွေဖြူငွေမည်းတို့၊ အဖြူရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အမည်းရောင်နယ်မြေဆိုတဲ့ စကားတွေကိုကြည့်ရင် အရောင်ပြစကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်တွေ ဘယ်လောက်ကျယ်ဝန်းတယ်ဆိုတာ သိနိုင်ပါတယ်ကွယ်”။ ။
မြန်မာ့အလင်းသတင်းစာ
သြဂုတ် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook