ကျွန်တော်နဲ့ ပါမောက္ခယူးနစ်(စ်)
Written by ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
မြန်မာ့အလင်းသတင်းစာ
သြဂုတ် (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
အရင်တစ်ပတ်က ကျွန်တော်ဟာ ပုဂ္ဂိုလ်ထူး တစ်ဦးနဲ့ တွေ့ဆုံ ပတ်သက်ခဲ့ ရပါတယ်။ သူကတော့ တခြားသူ မဟုတ်ပါဘူး။ ကမ္ဘာကျော် လူမှုရေး လောကမှာရော၊ စီးပွားရေး လောကမှာပါ မသိသူမရှိ လောက်အောင် ထင်ရှားတဲ့ ပါမောက္ခ ယူးနစ်(စ်) ဖြစ်ပါတယ်။
သူ့ခရီးစဉ်ကို ရန်ကုန်အခြေစိုက် British Council နဲ့တိုင်ပင်ပြီး စီးစဉ်ခဲ့ပါတယ်။ ဆရာကြီး မြန်မာပြည် လာမယ်ဆိုတာသိတော့ ကျွန်တော်အလွန်ဝမ်းသာမိပါတယ်။ သူ့ကို လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်လောက် က ကျွန်တော်ယူနီဆက်ဖ်မှာ တာဝန်ထမ်းဆောင်ရင်း သူ့နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ သိခဲ့တာ။ သူ့ရဲ့ ကမ္ဘာကျော် Grameen Bank လုပ်ငန်းများကို ကူညီရင်း သိကျွမ်းခဲ့တာခြင်းဖြစ်ပါတယ်။
Grameen Bank ဟာ ဘဏ်လို့သာခေါ်တာ။ သမားရိုးကျဘဏ်တွေနဲ့ လုံးဝမတူပါဘူး။ တကယ်တော့ သမားရိုးကျဘဏ်စနစ်ကို အမြစ်ကနေလှန်ခဲ့တာဖြစ်ပါတယ်။ Grameen Bank ဟာအသေးစားချေး ငွေကိုသာ ပေးတဲ့ဘဏ်လုပ်ငန်း၊ ငွေချေးတဲ့နေရာမှာလည်း အမျိုးသမီးများကိုသာချေးတယ်။ လူတိုင်း သိကြတဲ့အတိုင်း ငွေချေးတဲ့နေရာမှာ အပေါင်ခံပစ္စည်းတွေကို ဘဏ်တိုင်းက တောင်းဆိုကြတယ်။ သူကတော့ အပေါင်ကို လုံးဝမတောင်းခံဘူး။
အပေါင်ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ အရင်းအနှီးဖြစ်တယ်။ ဆင်းရဲတဲ့သူတွေမှာ ပေးစရာအပေါင် ပစ္စည်းတွေမရှိကြဘူး။ မရှိကြတော့ ဘဏ်နဲ့ထိတွေ့မှုမရှိကြဘူး။ ဒီအခြေကို ပါမောက္ခယူးနစ်(စ်)က အပေါင်မတောင်းဘဲ လူမှုရေးအရင်းအနှီးလို့ခေါ်တဲ့ Social Capital ကိုသာအခြေခံပြီး ငွေချေးခဲ့တယ်။ တစ်နည်းပြောရရင် ဝိုင်းကြီးချုပ်စနစ်ကိုကျင့်သုံးပြီး ဆင်းရဲတဲ့အမျိုးသမီး ၁၀ ဦးကိုစုစည်းပြီး တစ် ယောက်ကိုငွေချေးရင်ကျန်တဲ့ ကိုးဦးကနှုတ်နဲ့အာမခံပေးကြရတယ်။ အတိုးပေးဖို့၊ အရင်းပြန်ဆပ်ဖို့ကို အာမခံကြရတယ်။ အာမခံရာမှာလည်း နှုတ်ကတိတစ်ခုပဲ လိုတယ်။ အထူးခြားဆုံးကိစ္စက ဘဏ်များနဲ့ ပတ်သက်လာရင် အခြေခံစဉ်းစားချက်တစ်ရပ်ကို သူကလုံးဝပြောင်းလဲလိုက်ပါတယ်။
ဘဏ်ရဲ့ဝန်ဆောင်မှုတွေကို လိုချင်တဲ့သူတွေဟာ ဘဏ်ရှိတဲ့နေရာကို သွားကြရတယ်။ Grameen Bank ကအခုလိုမဟုတ်ဘဲ ဖောက်သည်တွေရှိရာကို သွားတယ်။ ဖောက်သည်တစ်ဦးချင်း၊ တစ် ယောက်ချင်းဆီ မရောက်ရောက်အောင်သွားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့တယ်။ Grameen Bank မှာငွေချေး တဲ့သူတွေဟာ ဆင်းရဲကြသူတွေဖြစ်တယ်။ ဆင်းရဲသလို တစ်ဖက်ကလည်း လုံးဝ ပညာမတတ်သူတွေ ဖြစ်ကြတယ်။ စာမတတ်မြောက်တဲ့သူတွေဟာ ဘဏ်တွေနဲ့ဆက်သွယ်ဆက်ဆံ နေနိုင်တယ်ဆိုတာ စိတ်ကူးထဲမှာ အလွယ်တကူပေါ်နိုင်တဲ့ ကိစ္စတစ်ရပ်မဟုတ်ဘူး။ ဘဏ်တွေမှာ စာရွက်စာတမ်းတွေ၊ ပုံစံတွေအလွန်များပါတယ်။ စာမတတ်သူများအတွက် အလွန်ခဲယဉ်းတဲ့ ကိစ္စဖြစ် ပါတယ်။ Grameen Bank မှာတော့ စာမတတ်သူတွေအတွက် အခက်အခဲမရှိအောင် ဆောင်ရွက်ခဲ့ပါ တယ်။ ဘဏ်မှာငွေချေး တဲ့ ဆင်းရဲသူတွေဟာ ငွေချေးတဲ့အခါ ကတိတစ်ခုပေးရပါတယ်။ သူတို့စာမ တတ်ကြပေမယ့် သူတို့ရဲ့ ကလေးတွေ စာတတ်အောင်ဆောင်ရွက်ပေးမယ်လို့ ကတိပေးရပါတယ်။
ပါမောက္ခယူးနစ်(စ်)စတင်ခဲ့တဲ့ အသေးစားချေးငွေလုပ်ငန်းပုံစံဟာ အခုတော့ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေ ခဲ့ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေသာမက ချမ်းသာတဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အင်္ဂ လန်နိုင်ငံ၊ ဥရောပနိုင်ငံတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတာ တွေ့ရပါတယ်။ အသေးစား ချေးငွေလုပ်ငန်းကို သူက Micro Credit လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ပါတယ်။ Micro Credit Finance လို့လည်း ခေါ်ဝေါ်ကြပါတယ်။
အသေးစားချေးငွေလုပ်ငန်းလို့ခေါ်ပေမယ့် ငွေချေးရုံသက်သက်မဟုတ်ဘဲ ငွေစုဆောင်းတာလည်း အ ရေးပါလှပါတယ်။ ချေးတဲ့ငွေတွေကို အကျိုးရှိရှိသုံးစွဲနိုင်ဖို့လည်း အလွန်အရေးကြီးလှပါတယ်။ စီးပွား ရေးလုပ်ငန်းတစ်ခု တည်ထောင်ဆောင်ရွက်တာက စီးပွားရေးပေတံဖြစ်တဲ့ အမြတ်ရမှုပဲဖြစ်ပါတယ်။ လူမှုစီးပွားရေးလုပ်ငန်းရဲ့ ဦးတည်ချက်ကတော့ လူမှုရေးပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်ဖို့ဖြစ်တယ်။ စီးပွားရေးဆန်ဆန် ဆောင်ရွက်ပေမယ့် လူမှုရေးဦးတည်ချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။
ပါမောက္ခယူးနစ်(စ်) တည်ထောင်ခဲ့တဲ့ လူမှုစီးပွားရေးလုပ်ငန်းများအနက် အအောင်မြင်ဆုံးလုပ်ငန်း တစ်ခုက ဒိန်ချဉ်လုပ်ငန်းဖြစ်ပါတယ်။ သူ့နိုင်ငံမှာ နွားတွေမွေးမြူကြတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရောင်းဝယ်ကြတယ်။ ဒီအထဲမှာ ဒိန်ချဉ်ကိုလူတိုင်းစားသုံးမှီဝဲကြတယ်။ အထူးသဖြင့် ကလေးသူငယ် တွေကကြိုက်နှစ်သက်ကြတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေမှာ အာဟာရချို့တဲ့မှုနှုန်းတွေ မြင့်မားကြတယ်။ ဒီလူမှု ရေးပြဿနာကို ပါမောက္ခယူးနစ်(စ်)က ကမ္ဘာကျော်ပြင်သစ်နိုင်ငံ Danone ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး ဒိန်ချဉ် ထဲမှာ ဖြည့်စွက်အာဟာရတွေရောစပ်ခဲ့ပါတယ်။ အခုလိုအာဟာရဓာတ်တွေ ထည့်ထားတဲ့အတွက် ကလေး တစ်ယောက်ရဲ့ တစ်ရက်တာလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ ကုန်ကြမ်းဖြစ်တဲ့ နွားနို့က ပြည်တွင်းကရပြီး ဖြည့်စွက်အာဟာရဓာတ်တွေ ရောစပ်ထားတဲ့ ကုန်ချောဒိန်ချဉ်တွေကို Danone အမှတ်တံဆိပ်နဲ့ ပြည်တွင်းမှာ ဈေးသက်သက်သာသာနဲ့ ရောင်းချခဲ့တယ်။ ဒိန်ချဉ်ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းက လူမှုစီးပွားရေးလုပ်ငန်းအဖြစ် တည်ထောင်ခဲ့ပါတယ်။
ပါမောက္ခယူးနစ်(စ်) မြန်မာပြည်ရောက်တုန်း ရန်ကုန်မှာဟောပြောပွဲတစ်ရပ် လုပ်ပါတယ်။ ပြီးတော့နေ ပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးလေးဦးတက်ရောက်တဲ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ခဲ့တယ်။ စော စောကတင်ပြခဲ့တဲ့ Grameen Bank တို့၊ လူမှုစီးပွားရေးလုပ်ငန်းအပြင် ပါမောက္ခယူးနစ်(စ်) ဟာဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းတွေကို သူ့နိုင်ငံပြင်တစ်ကမ္ဘာလုံးကို သွားရောက်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေကို မျှဝေနေသဖြစ်တယ်။
ဒါကြောင့်လည်း နိုင်ငံတော်အစိုးရသစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ပါမောက္ခယူးနစ်(စ်)ရဲ့ အယူအဆ တွေဟာ အသုံးဝင်နိုင်မှာမို့ သူ့ကိုခုလိုဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူကလက်ရှိကမ္ဘာမှာ ကျင့်သုံးနေတဲ့ အရင်းအနှီးစီးပွားရေးစနစ်ကို လက်မခံဘူး။ ဆင်းရဲချမ်းသာကွာဟမှုဖြစ်နေတာကို မကျေနပ်ဘူး။ ဆင်း ရဲသူတွေရဲ့အပြစ်မဟုတ်ဘဲ စနစ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်တယ်။ အခုလိုဆင်းရဲနွမ်းပါးမှုကို တိုက် ဖျက်ရာမှာလည်း ဆင်းရဲသား၊ ဆင်းရဲသူတစ်ဦးချင်းကို အာရုံစိုက်ပြီးတစ်ဦးချင်း၊ တစ်ယောက်ချင်း ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကြိုးစားဖို့လိုတယ်လို့ လက်ခံတယ်။
ကျွန်တော်တို့နိုင်ငံအတွက် အသုံးကျဆုံး ပါမောက္ခယူးနစ်(စ်)ရဲ့ အယူအဆက အလုပ်အကိုင်ရှာဖွေမှုနဲ့ ပတ်သက်တယ်။ ပညာတတ်လူငယ်တွေဟာ ပညာပြီးဆုံးချိန်မှာ အလုပ်တွေရှာဖွေကြရတယ်။ ဒါ ကြောင့်သူတို့ဟာ (Job Seeker) အလုပ်အကိုင် ရှာဖွေသူတွေဖြစ်လာတယ်။ ဒါကြောင့်ပါမောက္ခယူး နစ်(စ်)က ပညာတတ်လူငယ်တွေဟာ အလုပ်ရှာသူတွေဖြစ်မယ့် အစားအစာအလုပ်ပေးနိုင်သူ (Job Giver) ဖြစ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့တယ်။ ဝန်ထမ်းလုပ်မယ့်အစား ကိုယ်ပိုင်အလုပ်လုပ်နိုင်သူ ဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းတယ်။
လူငယ်တွေမှာ အကြံအစည်တွေရှိကြတယ်။ အကြံကောင်း၊ ဉာဏ်ကောင်းတွေရှိကြတယ်။ ဒီအကြံ ကောင်း၊ ဉာဏ်ကောင်းတွေကသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရင် တိုင်းပြည်အ တွက်အကျိုးအများကြီးရှိနိုင်တယ်။ ဒီလူငယ်တွေကို အခုလိုဆောင်ရွက်နိုင်ဖို့ အရင်းအနှီးတွေ ထုတ် ပေးဖို့လိုမယ်။ ထုတ်ပေးရာမှာလည်း သမားရိုးကျစီးပွားရေးလုပ်ငန်းများ တည်ထောင်ဖို့မဟုတ်ဘဲ လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် လူမှုစီးပွားရေးလုပ် ငန်းတွေ တည်ထောင်ဖို့ အားပေးရမှာဖြစ်ပါတယ်။ အရင်းအနှီးတွေ ထုတ်ပေးရာမှာ နိုင်ငံတော်အစိုးရ သာမကပုဂ္ဂလိကလုပ်ငန်းတွေကလည်း ပါဝင်ရမှာဖြစ်တယ်။
မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်တွေ တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတွေ ဆောင်ရွက်နိုင်မှာဖြစ်တယ်။ အလှူအတန်း၊ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်သလို အခုလိုလူမှုစီးပွားရေးလုပ်ငန်းတွေကို တည် ထောင်သွားသင့်တယ်။
ပါမောက္ခယူးနစ်(စ်)နဲ့တွေ့ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေက သူ့ရဲ့အတွေးအခေါ်တွေကို အလွန်သ ဘောကျကြတယ်။ စီးပွားရေးပါမောက္ခတစ်ဦးဖြစ်ပေမယ့် လက်တွေ့ကျတဲ့အယူအဆတွေကို ဖော် ထုတ်နိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုတယ်။ ဆရာကြီးဟာ စစ်တတောင်းတက္ကသိုလ်က စီးပွားရေး ပါမောက္ခ။ သူက ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရခဲ့သူ။ စီးပွားရေးပညာရှင်ကိုဘာကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပေးခဲ့သလဲ။ ဆင်းရဲခြင်းဟာ အမှန်တော့ ငြိမ်းချမ်းမှုကင်းမဲ့တဲ့ အခြေ အနေဖြစ်တယ်။ ဆင်းရဲတဲ့သူတွေဟာ မငြိမ်းချမ်းနိုင်ဘူး။
ဒါကြောင့် ဆင်းရဲမှုလျှော့ချရေးကို ဦးဆောင်ပြီး တိုက်ပွဲဝင်နေတဲ့ ပါမောက္ခယူးနစ်(စ်)ဟာ လူသားတွေ ငြိမ်းချမ်းအောင် ဆောင်ရွက်နေသူဖြစ်တယ်။ လူမှုစီးပွားရေးလုပ်ငန်းကို ကျွန်တော်တို့နိုင်ငံမှာ ဖော် ထုတ်တဲ့အခါ သမဝါယမလုပ်ငန်းတွေကို မေ့လို့မရပါဘူး။ သမဝါယမ လှုပ်ရှားမှုဟာလူမှုပြဿနာတွေ ကို စီးပွားရေးချဉ်းကပ်မှုနဲ့ ဖြေရှင်းဖို့ကြိုးစားနေတာဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ သမဝါယမ လှုပ်ရှားမှုကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး လူမှုစီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲစေ ချင်ပါတယ်။
Grameen ဘဏ်ဟာ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ ပမာဏအကြီးဆုံး အသေးစားချေးငွေဘဏ်တစ်ခု ဖြစ်နေပြီ။ ဒီဘဏ်ကြီးကို ဘယ်သူတွေပိုင်သလဲလို့မေးရင် ဒီဘဏ်တွေမှာ ငွေချေးတဲ့သန်းပေါင်းများစွာ သောဆင်းရဲသူတွေက ပိုင်ဆိုင်ကြတယ်။ အခုလိုပိုင်ဆိုင်တာမို့လည်း မိမိဘဏ်လုပ်ငန်းထက်တောင် ကြီးပွားအောင်စေတနာရှိတယ်။ ဆောင်ရွက်တယ်။
လောကမှာ အရာရာဟာ အချိန်ကိုက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ကြိုးစားဆောင်ရွက်နေတဲ့အခါ အကြံဉာဏ်ကောင်း တွေ၊ အယူအဆသစ်တွေကို ကြိုဆိုရမှာဖြစ်တယ်။ ဒါကြောင့်လည်း ပါမောက္ခ ယူးနစ်(စ်)ရဲ့အတွေးအ ခေါ်၊ ဆောင်ရွက်မှုတွေဟာ ကျွန်တော်တို့အတွက် အလွန်ပဲအကျိုးရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook