ပညာအမွေ အစဉ်ရှာဖွေ

“နိတ္ထိဝိဇ္ဇာ သမံမိတ္တ” ဟူသော၊ ‘အတတ်ပညာနှင့် တူသည့် မိတ်ဆွေမရှိ’ ဟု ဆိုစကားနှင့်အညီ ယနေ့ ခေတ်လူငယ် လူရွယ်တို့သည် ပညာကို တန်ဖိုးထား ကာ လေ့လာသင်ယူ ရင်းဖြင့် ပညာရေးကို မြှင့်တင် ပြီး ပညာခေတ် Age of Knowledge ကို ထူထောင်နေကြ ပြီဖြစ်သည်ကို တွေ့ရပေမည်။

ကျောင်းနေအရွယ် လူငယ်တိုင်း ပညာသင်ကြားနိုင်ရန် အတွက် အခြေခံပညာ ကဏ္ဍတွင် မူလတန်း၊ အလယ် တန်း အခမဲ့ပညာ သင်ကြားရေး စနစ်နှင့်အတူ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များ၊ နိုင်ငံတကာ အဆင့် မီရေးနှင့် သုတေသနအခြေပြု တက္ကသိုလ်များ ဖြစ်လာစေရန်အတွက် နိုင်ငံတော်မှ လည်း အဖက်ဖက်မှ တိုးတက်အောင် ဆောင်ရွက်လျက် ရှိသည်။

“လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗစရိယ မိနှင့်ဖ” ဟူ၍ မိဘနှင့်ဆရာသမားတို့၏ သွန်သင် ညွှန်ပြမှုမှာလည်း အရေး ပါလှသည်။ ယနေ့လူငယ်တိုင်းသည် EQ (Emotional Quotient) စိတ်ထားသည်ငြိမ် ရင့်ကျက်မှုနှင့် IQ (Inteligence Quotient) စွမ်းရည်မြင့်မားမှုတို့ပြည့်ဝရန်လိုပေသည်။ သို့အတွက် မိဘ၊ ဆရာများနှင့်အတူ ပညာရေး မိသားစုဝင် များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် ပညာ ရေးပန်းတိုင်သို့ တူညီစွာလက်တွဲ သွားနိုင်ရန် လိုအပ်လှသည်။

ပညာရေးပန်းတိုင်သို့ တက်လှမ်းရင်းဖြင့် လူငယ်လူရွယ်တိုင်း မိမိကိုယ်ကိုယုံကြည်မှု ပိုလာပြီးနောက် အချင်းချင်း ချစ်ကြည် ကူညီရိုင်းပင်းစိတ်ထားဖြင့် စံနမူနာပြကာနိုင်ငံအကျိုး သယ်ပိုးဆောင်လိုစိတ်ထား နှင့် ပြည်ထောင်စု စိတ်ဓာတ်များ ခိုင်မာလာပေမည်။

နိုင်ငံစီးပွားရေးမှ ပြည်သူတစ်ရပ်လုံးစီးပွားရေး တိုးတက်မြင့်မားရန်အတွက် ပညာရေးကဏ္ဍမှာ အခြေခံ အုတ်မြစ် ပမာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုအတွင်း အရေးအကြီးဆုံးမှာ ပြည်သူ့စွမ်း အားဖြစ်သည်။ ထိုပြည်သူအားလုံး ပညာရေးမြင့်မားမှုမှာလည်း အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါဆုံး ကဏ္ဍ၌ တည်ရှိနေပေသည်။

လူငယ်လူရွယ်တို့၏ ပညာရှာမှီးစဉ် အသိကိုဖြစ်ပေါ်စေသည့် ဉာဏ်ကိုအကြမ်းအားဖြင့် ခွဲခြမ်းစိတ်ဖြာလျှင် ပထမ အချက်မှာ မျက်မြင်ကိုယ်တွေ့ကို အခြေခံ၍ဖြစ်ထွန်းလာသော “သုတဉာဏ်” ဒုတိယမှာအ ကြောင်းနှင့်အကျိုးကို ဆက်စပ်၍ ယုတ္တိသဘောမှ ဖြစ်ထွန်းလာသော “အနုမိတ္တဉာဏ်” တတိယမှာ ကိုယ်တိုင်နားလည် ခံစားခြင်းဖြင့် ဖြစ်ထွန်းလာသော “သစ္ဆိကတဉာဏ်” ဟူ၍ သုံးမျိုးခွဲခြားနိုင်ပေသည်။

ထိုသို့ဖြစ်ပေါ်လာသော ဉာဏ်တို့ကိုအသုံးချ၍ လူငယ်လူရွယ်တို့သည် ပညာသင်ဘဝတွင် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ် ကြရမည်ဖြစ်ပေသည်။ သို့မှသာအသိပညာနှင့် အတတ်ပညာပြည့်စုံ သောလူတော်လူကောင်း များပေါ်ထွန်းပြီး နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း မြင့်မားလာနိုင်ပေ သည်။ ပညာကိုရှေ့တန်းတင်လာသော ယနေ့ပညာခေတ်တွင် ပညာကိုမိတ်ဆွေရင်းပမာ တန်ဖိုးထား ကာ ကြိုးစားလေ့လာသင်ယူခြင်းဖြင့် မိမိအတွက် ရောနိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက်ပါ တန်ဖိုးမြင့် မားလာနိုင်မည် ဖြစ်သည်။

အနာဂတ်ကိုဦးဆောင်မည့် မျိုးဆက်သစ်လူငယ်လူရွယ်တို့ ပညာရည်တိုးတက်၊ ဘက်စုံထူးချွန် ထက်မြက်စေခြင်း ဖြင့် နိုင်ငံတော်၏ အနာဂတ်အလားအလာမှာ တိုးတက်ဖွယ်ရာဖြစ်သဖြင့် ပညာအမွေ အစဉ်ရှာဖွေသင့် ပါသတည်း။ 


ကြေးမုံသတင်းစာ
သြဂုတ် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...