လေလွင့်သွားသော ထမင်းလုံးများ
By ထက်ဝေထွန်း
ကိုထိုက်တို့ ထမင်းဆိုင်လေးရဲ့ နောက်ဖေးက အမှိုက်ပုံ ထဲမှာ နေ့တိုင်း မြင်တွေ့နေရတဲ့ စွန့်ပစ် ပစ္စည်းက ထမင်းလုံး လေးတွေပါ။ အမှိုက်ပုံရဲ့ အပြင်မှာလည်း ထမင်းလုံးတွေက ဟိုတစ်စ ဒီတစ်စ အမြဲတမ်း မြင်တွေ့နေ ရပါတယ်။
ဒီလို မြင်ကွင်းမျိုးကို လူတိုင်း မြင်ဖူးကြမှာပါ။ လူတိုင်း အတွက် မထူးဆန်းတဲ့ မြင်ကွင်းမျိုးပါ။ ထူးဆန်းမှု မရှိတော့လို့ ထမင်းတစ်လုံး ရဲ့ တန်ဖိုးဟာ ဘာမှမရှိဘူး ဆိုပေမယ့် ထမင်းစေ့တွေ အများကြီးရဖို့ စပါးစေ့တွေ အများကြီးကို ကြိတ်ခွဲ ခဲ့ရတာပါ။
မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ အဆင်းရဲဆုံး နိုင်ငံ စာရင်းထဲမှာ ပါတဲ့ မြန်မာနိုင်ငံမှာ အဓိက စားသုံးတာ ဆန်စပါး ဖြစ်ပါတယ်။ ဆန်ကို ချက်ပြီးမှ ထမင်း ဖြစ်တာပါ။ ဒါပေမဲ့ အလေ အလွင့် ဖြစ်နေသလား၊ မဖြစ်ဘူးလား မစဉ်းစားမိ ကြဘူးလား။ ဒီလို အလေအလွင့် ဖြစ်ခဲ့တာ ကလည်း နှစ်ပေါင်း မနည်းတော့ပါဘူး။
““တစ်နေ့ကို ဆန် ရှစ်ပြည်ချက် ရောင်းရတယ်။ တစ်ရက်ကို ထမင်း အလေအလွင့်က ဆန်နို့ဆီဘူး သုံးဘူးစာ လောက်တော့ ရှိပါတယ်”” ဟု ဒဂုံ ဆိပ်ကမ်းမြို့ရှိ ထမင်းဆိုင်ရှင် ကိုထိုက်က ပြောပါတယ်။
တစ်နေ့ကို နို့ဆီဘူး သုံးလုံးလောက် လေလွင့်နေတဲ့ ထမင်းဆိုင်မှာ ချက်တဲ့ဆန်က တစ်ပြည်ကို (၁၃၀၀) ကျပ် ဖြစ်ပါတယ်။ ဆန်နို့ဆီဘူး တစ်လုံးကို (၁၆၂) ကျပ်နီးပါး ကျပါတယ်။ နို့ဆီဘူး သုံးဘူးကို (၄၈၇) ကျပ်နီးပါး ဆုံးရှုံး ပါတယ်။ တစ်လကို (၁၄၆၁၀) ကျပ်နီးပါး လေလွင့်ပါတယ်။ တစ်နှစ်ကို တစ်သိန်း ခုနှစ်သောင်းကျော် ကုန်ကျပါ တယ်။
ကိုထိုက်တို့ရဲ့ ထမင်းဆိုင်ကို တစ်နေ့ကို နို့ဆီဘူး သုံးဘူးခန့် အလေ အလွင့်ရှိတဲ့ ထမင်းဆိုင်တွေ မြန်မာနိုင်ငံ အနှံ့မှာ အနိမ့်ဆုံး ဆိုင်တစ်သောင်း ၀န်းကျင်တော့ ရှိမှာပါ။ ဒီထက်လည်း များနိုင်ပါတယ်။
ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်ပုံ ယာပုံ ဆိုတဲ့ မြန်မာ စကားပုံ အတိုင်း အခုချိန်မှာ မြန်မာမှာ ပေါကြွယ်ဝ သေးရဲ့လား။ ဒီစကားပုံ ပေါ်တဲ့ အချိန်က မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ အနာဂတ်မှာ လူဦးရေ တိုးပွားမှု တွေနဲ့ဆိုရင် ရှေးကအတိုင်း ဖြစ်နိုင်ပါ့မလား။ အလေအလွင့်တွေကို ဂရုစိုက်သင့်ပါပြီ။
““အခုက ပိုလျှံလို့ ဆန်ကို Export လုပ်နိုင်တယ် ဆိုပေမယ့် သဘာဝ ဘေးအန္တရာယ်တွေနဲ့ အလေ အလွင့် တွေကို မထိန်းသိမ်းနိုင်ရင် တစ်ချိန်ကြရင် စားနပ်ရိက္ခာ ရှားပါးမှုများနဲ့ ရင်ဆိုင် ရနိုင်ပါတယ်”” ဟု ဆန်စပါး အသင်းမှ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။
အခု နောက်ပိုင်း ကာလတွေမှာ မြန်မာနိုင်ငံဟာ နှစ်စဉ် ရေကြီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဆန်အိုးကြီးလို့ တင်စားတဲ့ မြစ်ဝကျွန်းပေါ် ဒေသမှာ ဆားငန်ရေ ၀င်ရောက်တာရယ်၊ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ပဲခူး၊ မွန်၊ ကရင်နဲ့ ရန်ကုန်တိုင်း ဒေသကြီးက လယ်ကွင်းတချို့မှာ ရေနစ်မြုပ်ပါတယ်။ မိုးစပါးဧက အများအပြားလည်း ပျက်စီးကုန်ပါပြီ။
အခုဆိုရင် မြန်မာနိုင်ငံရဲ့ အဓိက ထွက်ကုန်ကို စိုက်ပျိုးနေတဲ့ လယ်သမားတွေဟာ စားစရာ ဆန်မရှိတဲ့ အခက် အခဲတွေ ရှိနေပါတယ်။ အလှူရှင်တွေရဲ့ ထမင်းထုပ်တွေကို မျှော်ကိုး စားသောက် နေရပါတယ်။
ညောင်းရမ်းခေတ်မှာ သာလွန် မင်းတရားကြီးဟာ ထမင်းရည်ကို သွန်တဲ့ မုဆိုးမကို ကြိမ်ဒဏ် ပေးခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာတွေရဲ့ ချက်ရေးပြုတ်ရေး မီးဖိုချောင်မှာ မလေလွင့် သင့်တာတွေ လေလွင့်တာနဲ့ မကုန်သင့်တာတွေ ကုန်နေတာတွေ နဲ့ ပတ်သက်ပြီးလည်း မိန့်ခွန်း တစ်ခုတည်းမှာ ထည့်သွင်း ပြောကြား ခဲ့ဖူးပါတယ်။
““အဓိက ကိုင်တွယ် ဖြေရှင်းတဲ့ သူအပေါ်မှာ မူတည်တယ်။ သာလွန် မင်းတရားကြီးတောင် ထမင်းရည် မသွန်ခဲ့ ရဘူးလို့ တားမြစ်ခဲ့တာပါ။ စီမံ ခန့်ခွဲတဲ့သူက အရေးကြီးပါတယ်””ဟု စာရေးဆရာ မောင်မိုးသူ (ဘကြီးမိုး) ကပြောပါတယ်။
လွတ်လပ်ရေး မရခင် ဒုတိယ ကမ္ဘာ စစ်အတွင်း ကတောင် မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ မပြတ်လပ်ခဲ့တာကို အမြဲတမ်း အတွက် ဖူလုံမယ်လို့ ပြောလို့မရပါဘူး။ နဂိုက မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ ချမ်းသာတဲ့ နိုင်ငံဆိုပေမယ့် အခုချိန်မှာ အကြွေး ပတ်လည် ၀ိုင်းနေတဲ့ အထည်ကြီးပျက် တိုင်းပြည် ဖြစ်ပါတယ်။
သားအမိ နှစ်ယောက်ပဲ ရှိတဲ့ ဒေါ်ပြုံးတို့ မိသားစုမှာ တစ်လ ၀င်ငွေ နှစ်သိန်းနီးပါး ရှိပါတယ်။ ဒေါ်ပြုံးတို့ မိသားစုမှာ နေ့စဉ် နေ့တိုင်း ထမင်း အကြွင်းအကျန် အများအပြားကို အမှိုက်ပုံးထဲသို့ စွန့်ပစ် နေရတာပါ။
““သားအမိ နှစ်ယောက်ကို တစ်နေ့ ဆန်နှစ်လုံး ချက်တယ်။ ခြောက်နပ်စားတယ်။ ပိုတဲ့ ထမင်းတွေကို နေ့စဉ် လွင့်ပစ် နေရတာတော့ နှမြောပါတယ်။ အဲ ထမင်းသိုးတွေရဲ့တန်ဖိုးက လကုန်ရင် ရေဖိုးတွေ၊ အမှိုက် သွန်ခတွေ လောက်တော့ ရှိမယ်ထင်တယ်”” ဟု လှိုင်မြို့နယ်တွင် နေထိုင်တဲ့ ဒေါ်ပြုံးက ပြောပါတယ်။
နိုင်ငံ အချို့မှာတော့ အစားအသောက်များ လေလွင့် ဆုံးရှုံးမယ့် အနေအထားမျိုး မရှိအောင်တွေ ပြုလုပ်ကြပါတယ်။ စားသောက်ဆိုင်တွေ ကုန်တိုက်တွေကနေ သက်တမ်း မကုန်သေးဘဲပို နေတဲ့ အစားအသောက်တွေကို ချို့တဲ့ တဲ့ နေရာတွေ ပြန်လှူတဲ့ အဖွဲ့အစည်းမျိုး ရှိပါတယ်လို့ စားနပ်ရိက္ခာ ဖူလုံရေး အစီအစဉ်များကို ဆောင်ရွက်နေတဲ့ ဒေါက်တာ ဥမ္မာခိုင်က ဆိုပါတယ်။
““အစား အသောက်တွေရဲ့ တန်ဖိုးကို သိသင့်ပါတယ်။ အာဟာရ မျှတစွာ စားဖို့လိုပါတယ်။ ပိုလျှံနေတဲ့ လေလွင့် နေမှုတွေကိုလည်း ဒဏ် ရိုက်သင့်ပါတယ်။ အစား အသောက်နဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာ ပေးဖို့ လည်း လိုအပ်ပါတယ်”” ဟု ဒေါက်တာဥမ္မာခိုင် က ဆိုပါတယ်။
အဓိက ထမင်းလုံးတွေ လေလွင့်နေတဲ့ နေရာတွေက ထမင်းဆိုင်၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဓမ္မာရုံ ဆွမ်းလောင်းအသင်း၊ နေအိမ် အစရှိတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
မြန်မာပြည်က ဆန်စပါး အမြောက်အမြား ထွက်ပေမယ့် အလွန်ပေါများ ပိုလျှံနေတာမျိုး မဟုတ်ပါဘူး။ အကယ်၍ အလွန်ပေါများ ပိုလျှံခဲ့တယ် ဆိုရင်တောင် တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်ဖို့ မိသားစု ဆန်အိုးထဲ ဆန်ရောက်ဖို့ ပင်ပင်ပန်းပန်း ကြိုးစား ရှာဖွေကြရတာပါ။ ဒါပေမဲ့ ရန်ကုန်မှာရှိတဲ့ အမှိုက်ပုံးတွေ အမှိုက် ကန်တွေနဲ့ နေအိမ်တွေက စွန့်ပစ်လိုက်တဲ့ အမှိုက် ထုတ်တွေမှာ အမြဲတမ်း ထမင်းစေ့တွေ ရှိနေရပါတယ်။
““ထမင်းလုံး မပါလာတဲ့ အမှိုက်ထုပ်က တစ်ရက်မှ မရှိပါဘူး”” ဟု သန့်ရှင်းရေး ၀န်ထမ်း ဦးထွန်းမြတ် က ဆိုပါတယ်။
နယ်ဒေသနဲ့ ကျေးလက်ဒေသ တချို့မှာရှိတဲ့ သက်ကြီးသူတွေဟာ ထမင်းကို စားသုံးတဲ့အခါမှာ ပန်းကန်ထဲမှာ ရှိတဲ့ ထမင်းကို ပြောင်အောင်စားရင် ဆင်းရဲတယ်လို့ ပြောကြလို့ ထမင်း ပန်းကန်ထဲမှာ ထမင်းလုံးတွေကို ချန်ခဲ့ကြမှုမျိုး လည်း ရှိပါတယ်။
မြန်မာနိုင်ငံထက် အစပေါင်းများစွာ ချမ်းသာတဲ့ ကိုးရီးယား၊ ဂျပန် တို့မှာတောင် ဆန်စပါး ပြတ်လတ်သွား မှုမျိုးနဲ့ ကြုံတွေခဲ့ရဖူးလို့ ဆန်ကို အရမ်း တန်ဖိုးထား ကြပါတယ်။
ကိုရီးယား၊ ဂျပန်တို့ထက် အဆပေါင်းများစွာ ဆင်းရဲတဲ့ မြန်မာပြည်က အလှူတွေ၊ ဆွမ်းချက် ဓမ္မာရုံတွေ၊ နေအိမ်တွေ၊ စားသောက်ဆိုင်တွေ မှာ လေလွင့်ဖိတ်စင်နေတဲ့ ထမင်း အမြောက်အမြား ရှိနေတာလည်း ဘာကြောင့်ပါလဲ။
““ဆန်က တောင်ပုံယာပုံ မရှိသေးဘူး။ ဟိုတုန်းက ဆန်ဈေးနဲ့ အခု ဆန်ဈေးက မတူတော့ဘူးလေ။ ၀င်ငွေပို မကုန်အောင် ဂရုစိုက် သင့်ပါတယ်။ တစ်နိုင်ငံလုံးမှာ နေ့စဉ် လေလွင့်တဲ့ ထမင်းလုံးတွေရဲ့ တန်ဖိုးကို တွက်ကြည့်ရင် နည်းမှာ မဟုတ်ဘူး””ဟု ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ ဈေးကွက် ထိုးဖောက်မှု မန်နေဂျာ ဦးနေမျိုးစန်း က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဆန်စပါး တင်ပို့တဲ့ နိုင်ငံတွေထဲမှာ ခုချိန်ထိ ထိပ်ဆုံးအဆင့်မှာ ရှိပါတယ်။ ပြည်တွင်း မှာက ဆန်ဖူလုံတယ်လို့ ပြောလို့ ရပါသလား။ ဆန်တစ်ပြည်ရဲ့ တန်ဖိုးက ပြည်သူတွေရဲ့ ၀င်ငွေနဲ့ အဆင်ပြေတဲ့ ဈေးနှုန်းလား။ ဆန်ကို အဓိက စားသုံးတဲ့ နိုင်ငံသားတွေ အနေနဲ့ရော ကိုယ်စားတဲ့ဆန်ကို အလေအလွင့် ဖြုန်းတီး မိတာမျိုး မရှိအောင် ဂရုတစိုက် ရှိရဲ့လား။ တစ်ဦးချင်းစီ အသိ ကိုယ်စီရှိရဲ့လား။
ဘယ်လိုနည်းနဲ့ပဲ ဖြစ်ပါစေ ကမ္ဘာ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံပါ။ အကယ်၍ နိုင်ငံက ချမ်းသာ စာရင်းဝင်နိုင်ငံ ဖြစ်တယ် ဆိုရင်တောင် ဒီလို အလေအလွင့်များစွာ ဖြစ်နိုင်တဲ့ အခြေအနေမျိုးကို တစ်ဦးချင်း အသိနဲ့ ရှောင်ကြဉ်ရမှာပါ။ စပါးတစ်စေ့ ဖြစ်ဖို့၊ စပါးအစေ့တွေ အများကြီးရဖို့ ဘယ်လောက် စောင့်ဆိုင်းရလဲ၊ ဘယ်လောက် ခက်ခဲသလဲ၊ စားစရာ မရှိလို့ ခက်ခဲ ရုန်းကန် နေရတဲ့သူတွေ အများကြီးရှိတဲ့ တိုင်းပြည်မှာ စားစရာ မလိုတော့လို့ စွန့်ပစ်လိုက်တဲ့ ထမင်းလုံးတွေက အမှိုက်ပုံးထဲ ဘယ်လောက်တောင် များနေပါလဲ။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook