ဘီယာဗိုက်ပိုင်ရှင်များ သွေးတိုးရောဂါ အန္တရာယ်ပိုများနိုင်

berghoffbeer.com
တစ်ကိုယ်လုံး အဝလွန် သူများထက် ဗိုက်တွင် အဆီစုနေသူ များ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ပိုများကြောင်း လေ့လာမှု အသစ်တစ်ရပ် က ဖော်ပြသည်။

အဝလွန်ခြင်းမှာ သွေးတိုးရောဂါ (သို့မဟုတ်) သွေးတိုးခြင်းကို ဖြစ်စေနိုင်ကြောင်း သိရှိထားပြီး ဖြစ်ကာ လူတစ်ယောက်၏ ကိုယ်ခန္ဓာတွင် အဆီစုဝေးရာ နေရာကိုလိုက်၍ နှလုံးရောဂါနှင့် ကင်ဆာရောဂါ တို့ကဲ့သို့ အခြားကျန်းမာရေး ပြဿနာများကို ပိုမိုများပြားစေနိုင်သည်။ သို့သော် သွေးတိုးရောဂါ၊ တစ်ကိုယ်လုံးနေရာစုံ အဝလွန်ခြင်းနှင့် တစ်နေရာတည်း အဆီများ စုဝေးခြင်းတို့ကြား ဆက်စပ်မှု ကို ရှင်းလင်းစွာ မသိရပေ။

ယခု လေ့လာမှုအတွင်း လူပေါင်း ၉၀၃ ဦးပါဝင်ပြီး ၎င်းတို့သွေးတိုးရောဂါဖြစ်ပေါ်မှုကို ခြေရာခံရန် ပျမ်းမျှအချိန် ခုနစ်နှစ်အထိလေ့လာထားခြင်းဖြစ်သည်။ အပေါ်သွေး ၁၄၀ (သို့မဟုတ်) ယင်းထက်မြင့်မားနေပြီး အောက်သွေး ၉၀ (သို့မဟုတ်)ယင်းထက်မြင့်မားနေခြင်းကို သွေးတိုးသည်ဟုခေါ်ပြီး သွေးတိုးကျဆေးများ စတင်သောက်သုံး ရမည့် အခြေအနေဖြစ်သည်။

လေ့လာမှုတွင်ပါဝင်သူများ၏ ဝမ်းဗိုက်ပိုင်းရှိ နက်ရှိုင်းသောနေရာတွင်ရှိနေသော အဆီ(သို့မဟုတ်) ခန္ဓာကိုယ် အစိတ်အပိုင်းများရှိ အဆီများ၊ အရေပြားအောက်ရှိ အဆီများ (သို့မဟုတ်) ခန္ဓာကိုယ်အနှံ့ရှိနေသော မျက်စိဖြင့် မြင်ရသည့် အဆီများနှင့် ကိုယ်အောက်ပိုင်းအဆီများကို ပုံရိပ်ဖော်၍ လေ့လာစစ်ဆေးခဲ့သည်။

လေ့လာမှုပြီးဆုံးချိန်တွင် ပါဝင်သူအားလုံး၏ ၂၅ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါဖြစ်လာသည်။ ခန္ဓာကိုယ်ညွှန်းကိန်း (BMI)မြင့်မားသူများ သွေးတိုးရောဂါဖြစ်နိုင်ခြေပိုများသည်။ ဝမ်းဗိုက်ပိုင်းအဆီပါဝင်မှု၊ တစ်ကိုယ်လုံးနေရာစုံ အဆီပါဝင်မှုနှင့် ခန္ဓာကိုယ်အောက်ပိုင်းအဆီပါဝင်မှုများကို ထည့်သွင်းတွက်ချက်ကြည့်ရာ ဝမ်းဗိုက်ပိုင်း အဆီစုဝေး မှုနှင့် သွေးတိုးရောဂါကြား လုံးဝဆက်စပ်မှုရှိကြောင်း တွေ့ရသည်။

လိင်ကွဲပြားမှု၊ အသက်အရွယ် (သို့မဟုတ်)လူမျိုးကွဲပြားမှုများကို ထည့်သွင်းတွက်ချက်ပြီးချိန်၌လည်း ဝမ်းဗိုက်ပိုင်း အဆီစုဝေးမှုနှင့် သွေးတိုးရောဂါကြား ဆက်စပ်မှုမှာ အပြောင်းအလဲမရှိပေ။ ဝမ်းဗိုက်ပိုင်းအဆီ စုဝေးမှုနှင့် သွေးတိုးရောဂါ အခိုင်အမာဆက်နွှယ်မှုကို ကျောက်ကပ်တစ်ဝိုက်နှင့် ဝမ်းဗိုက်ပိုင်းအနောက်ဘက်တွင် တည်ရှိ သော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ အဆီတစ်မျိုးဖြစ်သည့် ဝမ်းဗိုက်နံရံအဆီများကို လေ့လာရာတွင် တွေ့ရှိခဲ့ သည်။

ယခုလေ့လာမှုကို American College of Cardiology ဂျာနယ် တွင် ဖော်ပြထားသည်။ —Ref: TOI

7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...