ပညာရေးနှင့် အာဏာရှင်

သြဂုတ်လ တစ်နေ့သ၌ ကျွန်တော်သည် တုပ်ကွေး ဖျားဖျားလျက် တစ်ကိုယ်လုံးနွမ်းလျ ကိုက်ခဲလျက်ရှိ ပါသည်။ ကျွန်တော်မှတစ်ဆင့် ဇနီးသည် မဝေဖြူ ထိုမှတစ်ဆင့် ၁၀ တန်းသမီးလေး မိုးမိုးကိုပါ တုပ်ကွေး ကူးစက် လျက်ရှိပြီး တစ်မိသားစုလုံး ဖျားနာကိုက်နေရ သည်။ မနေ့ညက ဆေးခန်းသွားပြကြရာ သမီး လေးမှာ အဖျားဒီဂရီ ၁၀၃ ဒီဂရီ ဖာရင်ဟိုက် အပူချိန်ရှိနေသည်။ မဝေဖြူက သမီးလေးအတွက် ကျောင်းကို ခွင့်သွား တိုင်ရာ မကြာမီ အိမ်ပြန်ရောက် လာသည်။ ‘ကျောင်း စစ်ဆေးရေးတွေ လာမှာမို့လို့ ခွင့်တိုင်လို့ မရပါဘူးရှင်၊ ကလေးဖျားရင် ဆေးသောက်ပြီး ကျောင်းတက်ပါတဲ့၊ ဆရာမမှာလည်း အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက် ရှိတယ် ဆိုပါလား၊ ဆရာမလည်း ဆေးသောက်ပြီး ကျောင်းတက် ရတာပဲတဲ့’ ဟု ဆိုလေသည်။

မဝေဖြူသည် သုံးပိဿ၊ လေးပိဿမျှလေးသော သမီး၏ ကျောပိုးအိတ်ကြီးကို လွယ်လျက် သမီးကို ကျောင်းပို့လေသည်။ နေမကောင်း၍ ချမ်းတုံနေရှာသော သမီးလေးမိုးမိုးမှာ ဆေးကုချိန်၊ နားချိန်မရ၊ ကျောင်းမတက်ချင်ဘဲ ကျောင်းတက် ရလေသည်။ နေ့ခင်းကျောင်းဆင်း လာသောအခါ မိုးမိုးသည် မျက် လုံးကြီးများနီရဲလျက် ဟန်မဆောင်နိုင်ဘဲ သာခွေယိုင်ဖြစ်လျက်ရှိပါသည်။ မိုးမိုးသူငယ်ချင်းများက မိုးမိုး ကို လိုက်ပို့ကြလေသည်။ ရောက်ရောက်ချင်းပင် မြမြကပြောပြသည်။

‘ကျောင်းစစ်ဆေးရေးတွေကလည်း အားကြီးရိုင်းပျကြတာပဲ။ ကျောင်းသား၊ ကျောင်းသူတွေရှေ့မှာ တောင်မရှောင် ဆရာမကို နှစ်ပြားမတန်အောင်ပြောဆိုနေလိုက်ကြတာများ ဆရာမရော၊ ကျောင်းသူ တွေရောကို ကျောင်းစစ်ဆေး ရေးတွေ ဆူပူနေကြတာက လွန်ကိုလွန်လွန်းပါတယ်” ဟုဆိုတော့ မိသွယ်က-

‘ကျောင်းစစ်ဆေးရေးတွေ ဆရာမကို အော်လိုက်တာ ဆရာမမူးလဲ သွားသေးတယ်’ ဟုဆိုပြန်သည်။ မိုးမိုးက အားမရှိသည့် လေသံနှင့်-

‘တစ်ချိန်လုံး စာသင်ကြတာလည်း မဟုတ်ပါဘူး။ နေမကောင်းတဲ့ကြားက တစ်နေ့လုံး တစ်ချိန်လုံးထိုင် ခိုင်းထားကြ တယ်။ ဘာမှကို အဓိပ္ပာယ်မရှိပါဘူး’ ဟုဆိုလေသည်။ မဝေဖြူက-

‘နောက်နေ့တွေမှာ ကျောင်းပျက်လို့ မရတော့ဘူး။ ကျောင်းမပျက်ရဆိုပြီး မိဘတွေရော ကျောင်းသား၊ ကျောင်းသူတွေပါ လက်မှတ် ထိုးရတယ်လေ’ ဟုဆိုလေသည်။

တချို့ပညာရေးအတွက် ညွှန်ကြားသူ၊ စစ်ဆေးပေးသူများ၏ မကောင်းသတင်းသည် မိဘပြည်သူများ ကြားထဲ တစ်မုဟုတ်ချင်း ပျံ့နှံ့နေလေသည်။ တချို့ပညာရေးညွှန်ကြားသူ၊ ကျောင်းစစ်ဆေးသူများသည် ဆရာ၊ ဆရာမများကို လေးလေးစားစား ဆက်ဆံရေးမရှိကြပါ။ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်အာဏာ ကိုအပြည့်အဝ အသုံးချပြီးနင်ပဲငဆ ပြောဆိုနေကြလေသည်။ စစ်ဆေးသူများသည် ဆရာ၊ ဆရာမများ ကိုနှုတ်ချိုသျှိုတစ်ပါး ဆိုသလို ယဉ်ကျေးစွာနှုတ် ချိုချိုဖြင့် ပြောဆိုတတ်မည်ဆိုပါက အလွန်ပင်မင်္ဂလာ ရှိပါမည်။ အပေါ်ကိုဖား၊ အောက်ကိုဖိကြသည့် သူတို့သဘော၊ သူတို့သဘာဝပါ။ ပညာရေးညွှန်ကြား သူများ၊ စစ်ဆေးသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သည် အဆင့်ဆင့်အ ကြောက်တရားတွေ လွှမ်းခြုံနေအောင် လုပ်ဆောင်နေကြပါသည်။

ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအပေါ်နွေးထွေးသော မေတ္တာနှင့်ဆက်ဆံကြပါမှ တပည့်ဖြစ် သော ကျောင်းသား၊ ကျောင်းသူများကလည်း နွေးထွေးသော မေတ္တာစိတ်တွေကူးစက်ပြီး ယဉ်ကျေးသိမ်မွေ့ကြမည် မဟုတ်ပါလား။ ယခုတော့ မိမိလုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ် ဆောင်နေကြမှုတွေကြောင့် ကျောင်း ပညာရေးသည် အကြောက်တရားများ လွှမ်းခြုံနေကြရသည်။ ကျောင်းသား၊ ကျောင်းသူများကို အကြောက်တရား များ သွတ်သွင်းပြီး အုပ်ချုပ်ထားကြသည်။ ဥပမာ ကျောင်းတက်ချိန် ၇၅ ရာခိုင်နှုန်းအပြည့်ရှိမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ရမည်ဆိုတာမျိုး ကျောင်းကဆရာမတွက်နည်းမှလွဲ၍ မည်သည့်တွက်နည်းမှ အမှတ်မပေး ဆိုတာမျိုးခွဲခြားဆက်ဆံမှုများ စသည်တို့ဖြစ်ကြပါသည်။ ဆရာမတစ်ဦးက ရင်ဖွင့်ပါသည်။

‘ပညာရေး ဒီမိုကရေစီနှင့် ဝေးပါသေးတယ်ရှင်၊ ပညာရေးညွှန်ကြားတဲ့သူက ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစား တာမဟုတ် ဘူး။ သုံးလသင်မှ ပြတ်မယ့်သင်ခန်းစာသုံးခန်းကို တစ်လတည်းနဲ့ အပြတ်သင် ခိုင်းလို့သင် ခိုင်း၊ အရည်အချင်း မရှိတဲ့ ကျောင်းသား၊ ကျောင်းသူကို တန်းစဉ်အအောင် ပေးခိုင်းလို့ပေးခိုင်း၊ တာဝန်ရှိ တဲ့ဆရာမကလည်း မှန်တာ မှားတာ ပြန်မတင်ပြရဲကြပါဘူး။ မှားမှား၊ မှန်မှန်အပေါ်က အမိန့်ကိုပဲနာခံ နေကြတယ်။

ပညာရေးက သူတို့စိတ်ကူးတည့်ရာ မြေစမ်းခရမ်းပျိုးနေတာနဲ့ပဲ မတိုးတက်တော့ဘူး။ ပြီးတော့ရှိပါ သေးတယ်။ တာဝန်ဆိုတဲ့ လက်ပက်ကြီးတွေကိုဆရာ၊ ဆရာမတွေပေးပြီး ဆရာ၊ ဆရာမတွေက လုံခြုံ ရေးတာဝန်ယူ နေကြ ရတာလေ။ အပိုအလုပ်တွေနဲ့ အချိန်ကုန်နေကြရပါတယ်။ ပညာရေးတိုးတက်ဖို့၊ လေ့လာကြံဆတီထွင်ဖို့ဆိုတာ ဝေးပါသေးတယ်’ ဟု ဆိုလေသည်။

နေရာတကာမှာ လူမှန်နေရာမှန် မရှိကြတာကခက်ပါသည်။ ပါမောက္ခကြီးလို ပုဂ္ဂိုလ်ကြီးကစာပေလေ့ လာပြုစု သုတေသနပြုနေရကြရမည့်အစား အစည်းအဝေးတွေနှင့် အချိန်ကုန်နေရသည်ကိုလည်း တွေ့ရပါသည်။ ပညာရေး ညွှန်ကြားသည့်ပုဂ္ဂိုလ်က သင်ခန်းစာသုံးခန်းကို တစ်လတည်းနဲ့ပြီး အောင် သင်ကြားရမည်ဟု ညွှန်ကြားသည် ဆိုပါစို့။ ဆရာ၊ ဆရာမဘက်ကလည်း သက်ဆိုင်ရာသင်ခန်းစာက ခေါင်းစဉ်လေးဖတ်ပြလိုက်ရုံနှင့် တစ်လအပြတ် သင်ပေးလိုက်ကြသည်။ ကျောင်းသား၊ ကျောင်းသူ အတွက်က ဘာစာမှမရလိုက်၊ မတတ်လိုက်ကြပါ။ ဘာမှအကျိုး မရှိကြပါပေ။

တချို့အခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ရှိသူများသည် မိမိကျောင်းဂုဏ်သိက္ခာကျဆင်း အောင် လုပ်သလိုဖြစ်ပြီး၊ ပုဂ္ဂလိကကျောင်းများကို ကျောင်းသားများ တွန်းပို့နေသည်နှင့် တူနေပါသည်။ နေရာတိုင်းမှာ ဖော်ရှိုးလုပ်နေကြသည်။ အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးနေကြသည်။ အောက်ခြေက အထက်သို့ အဆင့်ဆင့် လိမ်ညာကြသည်။ အထက်က အောက်သို့မလိမ့်တပတ်လုပ် မျက်လှည့်ပြနေကြသည်။ ငါ့မြင်းငါးစိုင်း စစ်ကိုင်းရောက်ရောက်ဟူသော သဘောဖြင့်ညွှန်ကြားနေကြ သည့် အာဏာရှင်ဆန်သည့် အပြုအမူသည် ယခင်ကအတိုင်း မပြောင်းလဲပေ။ အများစုမှာ ခေါက်ရိုး ကျိုးနေကြပါသည်။

ကျောင်းစစ်ဆေးရေးလာပြီး နောက်ရက်များတွင် မိုးမိုးတို့သည်ဖျားနာနေမကောင်းကြသော်လည်း ကျောင်းမှန်မှန် တက်နေကြရသည်။ ဤအချိန်မှာ နိုင်ငံတော်က တိရစ္ဆာန်မှလူသို့၊ လူမှလူအချင်းချင်းသို့ ကူးစက်နေသည့် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ၊ ကြက်ငှက်တုပ်ကွေး၊ လူတုပ်ကွေး ဗိုင်းရပ်စ်ရောဂါများ၊ သွေးလွန်တုပ်ကွေး၊ အသည်းရောဂါ၊ ဘီပိုး၊ စီပိုးစသည်ဖြင့် ကူးစက်ရောဂါများကို သတိနှင့်ကာကွယ် ကြဖို့ထိန်းချုပ်နိုင်ကြဖို့ စီမံကိန်းများချမှတ်နေကြသည်။ ဖျားနာနေသော ကျောင်းသား၊ ကျောင်းသူများ ကိုကျောင်းတက်ခိုင်းနေကြသည်။ ကျောင်းကျန်းမာရေးကို ဂရုမစိုက် ကြခြင်းပေလော။

တစ်နေ့မိုးမိုးတို့ သူငယ်ချင်းအဖွဲ့ရောက်လာကြပြန်သည်။ မိုးမိုးက-

‘ကျောင်းချိန်ပြီးရင် အချိန်ပိုတက်ရတော့မယ်ဆိုတဲ့၊ လက်မှတ်ထိုးခိုင်းလို့ လက်မှတ်မထိုးချင်လည်း ထိုးခဲ့ရပြန်ပြီ’ ဟုဆိုတော့ မိသွယ်က-

‘ကျောင်းမှာ ဆရာမက ရှင်းလေ၊ ရှုပ်လေဖြစ်နေတဲ့အထဲက ရှုပ်နေတာကို ပိုရှုပ်အောင် ဆရာမတွေ အပိုချိန်ခေါ် သင်ကြတာ့မယ်ထင်တယ်’ ဟုဆိုလေသည်။ အလုပ်တစ်ဖက်နှင့် ကျောင်းတက်နေရရှာ သော မောင်ထူးက-

‘ခက်ပါတယ်ဗျာ။ ကျွန်တော်က ကျောင်းဆင်းရင် အမေ့လမ်းဘေးဈေးဆိုင်ကို ကူရောင်းပေးရတာ။ အလုပ်က ကျွန်တော် မရှိရင်မဖြစ်ဘူး။ ကျွန်တော် အလုပ်မလုပ်ရရင်တော့ ကျွန်တော်တို့ငတ်တော့မှာပဲ။ ကျောင်းက ထွက်ရတော့မယ် ထင်တယ်’ ဟုဆိုပြန်သည်။

ပညာရေး ညွှန်ကြားသူများနှင့် ဆရာ၊ ဆရာမများသည် ကျောင်းသားများ၏ ဘဝကိုလက်တွေ့ကွင်း ဆင်းလေ့လာ နေကြပါသလား။ ကျောင်းသားများ၏ဘဝအခြေအနေဒုက္ခများကို စေ့စေ့စပ်စပ် နားလည် ကြပါသလား။ ကျောင်းချိန်ပြီးအချိန်ပိုများ ခေါ်ယူသင်နေ ကြခြင်းသည်မူလက ကျူရှင်ချိန်ပျက်၍လည်း ကောင်း၊ စာကျက်ချိန်နှောင့်နှေး၍ လည်းကောင်း၊ တချို့မိဘများ တချို့ကျောင်းသားများသည် အချိန်ပို မတက်လိုကြပါ။

အချိန်ပိုစာသင်နေကြခြင်းသည် ကျောင်းသားအတွက် အကျိုးမရှိပါက တက္ကသိုလ်ဝင်တန်းကျောင်း သား၏ အရေးကြီးသည့်ဘဝရေးအတွက် အချိန်ဖြုန်းကာ အနှောင့်အယှက်ဖြစ်နေရခြင်းဖြစ်ရသည်။ စင်စစ်ကျောင်းသား၊ ကျောင်းသူ ဆန္ဒရယူပြီးမှ တကယ်အချိန်ပိုခေါ်သင်ရန် လိုအပ်သောကျောင်းသား၊ ကျောင်းသူများအတွက်သာ အချိန်ပိုခေါ်သင်ယူသင့်ကြပေသည်။ မဝေဖြူက-

‘ဒဂုံမြို့နယ်ကကျောင်းမှာဆိုရင် ကျောင်းတက်စရာမလိုဘဲ ကျူရှင်အပြည့်အဝတက်ခွင့်ရနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိနေကြတာပဲ။ တစ်နှစ်လုံးကျောင်းတက်စရာမလိုအောင် စာမေးပွဲ လည်းဖြေခွင့်ရအောင်၊ ဆက်ကြေးငွေပေးသွင်းရသလို၊ ငွေကြေးပေးသွင်းထားနိုင်တဲ့ ကိုယ်ပိုင်ကျောင်း တွေလည်းရှိနေကြတာပဲလေ။ လိုအပ်တဲ့စည်းကမ်းထက် ပိုတင်းကျပ်တဲ့ကျောင်း၊ လိုအပ်တဲ့စည်းကမ်း ထက်လျော့နည်းတဲ့ကျောင်း၊ လိုအပ် သလောက် စည်းကမ်းသာထားရှိတဲ့ကျောင်းဆိုပြီး အမျိုးမျိုးရှိကြ ပါတယ်။ သူတို့ဥပဒေက လိုရင်တစ်မျိုး၊ မလိုရင် တစ်မျိုးခွဲခြားထားတဲ့ ဥပဒေပါ။။ ညီမျှမှုမရှိကြပါဘူး’ ဟု ဆိုတော့မိသွယ်က ပြောဆိုသည်။

‘မနှစ်ကကျောင်းကြီးတစ်ရက်မှ မတက်ဘဲကျူရှင်ချည်းပဲ တက်ခဲ့တဲ့ကလျာတို့ဆို ဘာသာစုံဂုဏ်ထူး ထွက်သွားကြ တယ်။ မသင်ရဘဲနဲ့ ကျောင်းကဆရာ၊ ဆရာမတွေ ဂုဏ်တက်ကြပါသေးတယ်။ ကျောင်း ချိန်ရော အချိန်ပိုပါ တက်ခဲ့ရတဲ့ မိပုံတို့ကတော့ စာမေးပွဲကျကြတယ်လေ’ ဟုဆိုလေသည်။

‘ဘယ်နေရာ၊ ဘယ်ဘဝရောက်ရောက် ရောက်တဲ့နေရာရောက်တဲ့ ဘဝမှာ၊ စာမေးပွဲမှာ ဂုဏ်ထူးပါရ မယ်ဆိုတဲ့ ရည်ရွယ်ချက်ခိုင်ခိုင်မာမာထားပြီး ထူးချွန်အောင်ကြိုးစားဖို့က အဓိကကျတယ် ကလေးတို့ ရေ’ ဟုကျွန်တော်က စကားဖြတ်လိုက်ပါသည်။

နိုင်ငံတော်မှာက ကျောင်းသားဗဟိုပြုပညာရေးပြုပြင်ပြောင်းလဲရေး စသည့်ဖြင့်ငွေကုန်ကြေးကျခံပြီး စိတ်ကူးယဉ် ကြွေးကြော်နေကြသည်။ ကျောင်းများမှာလက်တွေ့ပြုပြင်ရမည့်၊ ပြုပြင်သင့်သည့်အချက် များကိုတော့ ပြုပြင်ခြင်း၊ လုပ်ဆောင်ခြင်းမပြုလုပ်ကြပေ။ ကြွေးကြော်နေသည်က တခြား၊ ဖြစ်ပျက်နေ သည်ကတခြား အရင်အတိုင်း ခေါက်ရိုးကျိုးနေကြပါသည်။

အစိုးရကပြည်သူကို လေးစားချစ်ခင်မှုရှိပါမှ၊ ပြည်သူပြည်သားများကလည်း အစိုးရကိုအပြန်အလှန် လေးစား ချစ်ခင်မှု ရှိကြလိမ့်မည်။

ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအပေါ် နွေးထွေးသော မေတ္တာနှင့်ဆက်ဆံ ရေးရှိကြပါ မှလည်း ကျောင်းသား၊ ကျောင်းသူများမှာ နွေးထွေးသော မေတ္တာနှလုံးသားပိုင်ရှင် ဘဝများ နှင့် ယဉ်ကျေး သိမ်မွေ့ ကြပါလိမ့်မည်။ ပညာပြည့်ဝသည့်၊ စာသင်ကောင်းသည့်ဆရာ၊ ဆရာမများက စေတနာအပြည့်ဖြင့် ဆရာစား မချန်စာသင်ကြားနိုင်ကြမှလည်း ကျောင်းသား၊ ကျောင်းသူများသည် အတန်းထဲမှာ လေးလေးစားစားရိုရိုကျိုးကျိုး စာသင်ယူချင်ကြပေလိမ့်မည်။ ကျောင်းသား၊ ကျောင်းသူ ဂုဏ်ရည်မြင့်တက်ကြသလို ဆရာ၊ ဆရာမများ၏ ဂုဏ်ရည်လည်းမြင့်တက်ကြပါလိမ့်မည်။ ဆရာ၊ ဆရာမဂုဏ်ရည်မြင့်တက်ကြပါမှလည်း ကျောင်းသား၊ ကျောင်းသူ ဂုဏ်ရည်များလည်း မြင့်တက်နိုင်ပါ လိမ့်မည်။ 


စံတော်ချိန်သတင်းစာ
သြဂုတ် (၃၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...