ယုံကြည်မှုကို မွေးယူပါ

 Written by သရက်တန်း စိုးရွှေ (စိတ်ပညာ)

လူငယ်များစွာ ပြောဆို ညည်းညူကြသော စကားတစ်ခု ရှိပေသည်။ အလုပ်မရှိ၍ ဆိုသော စကားပင် ဖြစ်ပေ သည်။ အများစုသော လူငယ်တို့ ပြောဆိုနေကြသော အလုပ်မှာ သက်သက်သာသာ ကြော့ကြော့ မော့မော့ လုပ်ကိုင်ရသော အလုပ်များကိုပင် ပြောဆိုနေကြ ပေသည်။ အလုပ်မရှိ ဆိုသော စကားမှာအ လုပ်မလုပ် လိုသူ ရိုးသားစွာ ရှာဖွေ လုပ်ကိုင်ရသော အောက်ခြေ အလုပ်များကို မလုပ်ရဲသော သူတို့ပြော ဆိုသော စကားများ ပင်ဖြစ်ပေသည်။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသော စကားရှိပေသည်။ လုပ်ချင်လျှင် အလုပ်တို့ ပေါများလှပေသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့သာ လိုအပ်လှပေသည်။ စာရေးသူတို့ ငယ်စဉ်ကတွေ့ကြုံ လုပ်ကိုင်ခဲ့သော လုပ်ငန်းများတွင် ရိုးသားစွာဖြင့် ရရာအလုပ်ကို လုပ်ထားပြီးမှ မိမိရည်မှန်းထားသည့် အလုပ်ကိုရအောင် ကြိုးစားရင်း ယုံကြည်မှု မွေးခဲ့သော သာဓကတို့ကို တင်ပြလိုပါသည်။

ရိုးသားစွာ လုပ်ကိုင်သမျှ ဘာမျှရှက်စရာ မလိုဘူးဟုပင် ပထမဦးစွာ ခံယူရပေသည်။ အရာရာ ငါစွမ်းနိုင် တယ်ဟု ယုံကြည်ထားရပေသည်။ ဈေးရောင်းသွားစဉ် ဘုရားဂုဏ်တော်နှင့်တကွ ရသမျှဂါထာတို့ကို ယုံကြည်စွာ ရွတ်ဆို နေပေသည်။ ထိုလုပ်ငန်းများအားစက်ဘီးနင်းရင်းပြုလုပ်ကာ နောက်ဆုံးပိတ်ကိုယ့် ကိုယ်ကိုယ်အဆက်မပြတ် အမိန့်ပေးနေသည်က ‘ငါလုပ်လျှင်ဖြစ်ရမယ်။ ငါကြံလျှင်အောင်ရမယ်။ ငါ ဆောင်လျှင်မြောက်ရမယ်။ ငါဟာ စွမ်းအား ရှိသူဖြစ်တယ်’ ဟုပင်ဖြစ်သည်။

အလုပ်က ကိုယ့်ထံမလာပါ။ ကိုယ်ကအလုပ်ထံသွားဖို့ လိုအပ်လှပေသည်။ ထိုင်နေလို့တော့ ဘာမှဖြစ် မလာ တတ်ပါချေ။ သို့အတွက် ယုံကြည်မှုကိုမွေးယူသင့်လှပေသည်။ ကိုယ့်ကိုယ်ကိုယ် အမိန့်ပေးတော့ သတ္တိကောင်း လာတတ်သည်။ ဘုရားဂုဏ်တော်ပွားတော့ စိတ်ကြည်ကာမျက်နှာရွှင်စေတတ်ပေသည်။ သတ္တိရှိတယ်၊ မျက်နှာ ရွှင်တယ်၊ ယုံကြည်မှုရှိတယ်ဆိုမှတော့ ဈေးရောင်းကောင်းမည်နေရာကို တွေးဆ တတ်သလိုပင် ပြောဆိုဆက်ဆံ မှုကောင်းကာ အောင်မြင်သောသူဖြစ်လာမှာ မလွဲပါချေ။ လက်တွေ့ လုပ်ရန်သာ လိုနေပါတော့သည်။

ဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှုတို့ ဝင်လာသောကာလတွင် အလုပ်အကိုင်အခွင့်အ လမ်း ပေါများ လာပေသည်။ လုပ်ကိုင်လိုစိတ် လုပ်ကိုင်နိုင်သည့် အရည်အချင်းနှင့် အတတ်ပညာရှာဖွေ ခြင်း၊ မိမိကိုယ်ကို ယုံကြည်ခြင်းတို့ မွေးယူကာအလုပ်အကိုင် အခွင့်အလမ်းကို အဆက်မပြတ်ရှာဖွေရန် လိုအပ်သည်။ ဘဝတစ်ခု အောင်မြင်တိုးတက်ရေးအတွက် ယုံကြည်မှုကိုမွေးယူကာ အောင်ပန်းများဆီ သို့ချီတက်သင့်ပေသည်။


ကြေးမုံသတင်းစာ
စက်တင်ဘာ (၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...