သတင်းစာ မဖတ်၊ ဂျာနယ် မဖတ် မြန်မာ ခေတ်ပညာတတ်

နိုင်ငံသားပီသတဲ့ နိုင်ငံသား တစ်ယောက်မှာ အခြေခံ အသိတရား နှစ်ခုရှိပါသတဲ့။ ၁။ မိမိကို နိုင်ငံတော် အစိုးရ တွေက ဘယ်လို ဥပဒေတွေနဲ့ ပြဋ္ဌာန်းပြီး အုပ်ချုပ်နေပါသလဲ။ ၂။ မိမိရဲ့အခြေခံကျတဲ့ နိုင်ငံသား အခွင့်အရေးက ဘာတွေ လဲ ဆိုတာပဲ ဖြစ်ပါတယ်။ 

နိုင်ငံသား တစ်ယောက်မှန်ရင် ဒီဥပဒေတွေ၊ အခွင့်အရေး တွေကို အစမှအဆုံးတိုင် သိနေရမယ်လို့ မဆိုလိုသော်လည်း အခြေခံ အားဖြင့်တော့ သိသင့်ပါတယ်။ ဥပမာအားဖြင့် အတန်းပညာတွေ မတတ်ရင်တောင်မှ အသုံးလုံးကိုတော့ ကျေသင့်တဲ့ သဘောပါပဲ။ နိုင်ငံသား မပီသတော့ရော ဘာဖြစ်သေးလဲ။ ဒါတွေ လာပြောမနေနဲ့။ ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသူများ အတွက်တော့ ဒီဆောင်းပါးမှာ အဖြေတစ်စုံတစ်ရာ မရှိနိုင်ပါ။

အာဏာရှင်တွေ အုပ်စိုးတဲ့ နိုင်ငံများကို လေ့လာကြည့်ရင် အာဏာရှင်စနစ် ဖြစ်သည့် အားလျော်စွာ မိမိ အာဏာစက် ရှင်သန်နိုင်ရေး အတွက်သာ အလေးထား ဆောင်ရွက်ကြတာမို့ တိုင်းသူပြည်သားများရဲ့ကဏ္ဍမှာ အထူးသဖြင့် ပညာရေးကဏ္ဍမှာ အမှန်တရားဝါဒ၊ လူသားဝါဒကို အခြေမခံဘဲ တောနက်ကြီး ဥပဒေဝါဒ၊ အထက်အမိန့် နာခံဝါဒ၊ ဆရာကို ဆရာမလုပ်နဲ့ ဝါဒတွေကို ရိုက်ထည့်ထားတာ။ ဒီဝါဒကို တော်လှန်လိုသူတွေရှိရင် စံပြအနေနဲ့ လုပ်သမျှ ဒုက္ခများသွားရအောင် အာဏာပြတာမျိုးတွေကို တွေ့ရမှာပါ။

ယနေ့ မျက်မှောက် အချိန်အခါကိုတော့ ဒီမိုကရေစီ ပွင့်လန်းစအချိန်လို့ မှတ်ယူလို့ ရနိုင်ကောင်းပါတယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကလွဲရင်၊ သတင်းထောက်တချို့ ပြစ်ဒဏ်ကြီးစွာ ချမှတ်ခံရတဲ့ အမှုကလွဲရင် စာနယ်ဇင်း လွတ်လပ်မှု တစ်စုံတစ်ရာ ရရှိနေခိုက် ဖြစ်ပါတယ်။ ရေဒီယို ရုပ်မြင်သံကြားမှာလည်း ပြည်ပကနေ ထုတ်လွှင့်နေတာကို တားမြစ်ထားနိုင်တာ မဟုတ်လို့ နိုင်ငံသားများအနေနဲ့ အချိန်မှန် နားဆင်ရှုမြင်လို့ ရနိုင်ပါသေးတယ်။

အထူးသဖြင့် နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ် ဂျာနယ်တွေဟာ ဘယ်လိုပုံစံနဲ့ပဲ ထွက်ရှိလာသည်ဖြစ်စေ၊ ယေဘုယျ အားဖြင့်တော့ ကြိုဆိုရမယ့် ကိစ္စပါပဲ။ ဒီပုဂ္ဂလိက သတင်းစာတွေရဲ့ သက်တမ်းဆိုတာလည်း တစ်နှစ်ကျော်သာ ရှိသေးတာမို့ အရှိန်ယူ နေရဆဲပါပဲ။ သတင်းစာဖတ်တဲ့ ပရိသတ် ဆိုတာလည်း အာဏာရှင် နှစ်ငါးဆယ်ရဲ့ လောင်းရိပ်အောက်က လွတ်မြောက်စ ပရိသတ် ဖြစ်နေရသလို ယနေ့ဘွဲ့ရခေတ် ပညာတတ် ဆိုသူများကအစ သတင်းစာ ကောက်မကိုင်တတ်တဲ့ လူတွေ ဒီတိုင်းပြည်မှာ ရန်ကုန်လို မြို့ကြီးမှာတောင် အများကြီး တွေ့နေရပါတယ်။ ဝမ်းမြောက်စရာ ကိစ္စတစ်ရပ်တော့ မဟုတ်ပါ။

တိုင်းတစ်ပါးတွေမှာ ငါးစိမ်းသည်မကအစ သတင်းစာကို လက်ကမချတဲ့ အချိန်မှာ ဒီတိုင်းပြည်မှာကတော့ သတင်းစာနဲ့ ပညာတတ်ဆိုသူ အချို့ ခပ်စိမ်းစိမ်း နေကြလေရော့သလားလို့ စိတ်မကောင်းမိပါ။ ခေတ်ပညာ တတ်ဆိုတာ ဘွဲ့တစ်ခုရသူကို ခေါ်ဆိုတာပါ ဆိုတာပါ ဆိုရင်တော့ ဒီနေရာမှာ လွဲတာတွေ လွဲနေပါပြီ။ ဘီအီးဒီ အောင်သိုက် ပြဇာတ်တစ်ပုဒ်ထဲကလို ‘ပညာဆိုတာ အတန်းကို’ ပြောလာလား ဆရာမ’ လို့ မေးခွန်းထုတ်ရ ပေတော့မယ်။

ပညာဆိုတာ ပ=ခွဲခွဲခြားခြား၊ ည=သိခြင်းလို့ အနက်ထွက်တာမို့ အမှားနဲ့အမှန်ကို ခွဲခြားသိတာကိုသာ ပညာလို့ ဆိုရမှာပါ။ ဒီတိုင်းပြည်မှာ ဘယ်ဟာ အမှား၊ ဘယ်ဟာ အမှန်ရယ်လို့ ခွဲခြားသိနိုင်စွမ်းရင် မူလတန်းအဆင့် သစ်ခုတ်သမား လင်ကွန်းလည်း အမေရိကန်သမ္မတ ဖြစ်သွားနိုင်တာပါပဲ။ ဒါပေမဲ့ လင်ကွန်းအနေနဲ့ နိုင်ငံသစ် တစ်ခု၊ စနစ်တစ်ခုရဲ့ အမှားအမှန်ကို ခွဲခြားသိနိုင်ဖို့အတွက် သတင်းစာပေ များစွာကို နေ့စဉ်ဖတ်မှတ် လေ့လာပြီး အဆင့်ဆင့် တက်လှမ်းခဲ့ရသူတစ်ဦး ဆိုတာကတော့ ယုံမှား သံသယဖြစ်စရာ မလိုပါ။

စာရေးသူတို့ဟာ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ မှတ်ပုံတင်တွေ ကိုင်ဆောင်ထားကြတဲ့ နိုင်ငံသား စစ်စစ်တွေအဖြစ် ခံယူထားသူများ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံသားတစ်ယောက်ရဲ့အမြင်မရှိပါဘဲ နိုင်ငံသား တစ်ယောက်အဖြစ် ခံယူထားခြင်းဟာ ဘာသာတစ်ခု အပေါ်မှာ အမြင်မရှိပါဘဲ နားမလည်ပါဘဲ ဘာသာဝင်အဖြစ် ခံယူထားသလိုပါပဲ။ ဒီလိုအပေါ်ယံ အမြင်အားဖြင့်သာ ခံယူထား တတ်သူများဟာ အချိန်မရွေး အစွန်းရောက် ဝါဒီတွေ ဖြစ်သွားနိုင်သလို အချိန်အခါမရွေး အသုံးချခံတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။

ဒီအခါမှာ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံသားချင်းကို ဒုက္ခပေးသူများ၊ အတ္တကြီးသူများ အတွေးအခေါ် လွဲမှားသူများ ဖြစ်သွားနိုင်ပါတယ်။ ယနေ့ အိမ်နီးချင်း မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေမှာ လက်ရှိ အစိုးရတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားပြီး အုပ်ချုပ်နေလို့ဆိုပြီး အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်လိုတဲ့ IS စစ်သွေးကြွအဖွဲ့တွေက အစိုးရ ပြုတ်ကျအောင် အကြမ်းဖက် တိုက်ခိုက်ရမယ်၊ ဖြုတ်ချရမယ်လို့ ကြွေးကြော် နေကြပါတယ်။

သူတို့ ကုရ်အာန်ကျမ်း ၂း၂၅၇ ‘ဘာသာရေးတွင် အတင်းအကျပ် ပြုမှုမရှိ’ လို့ အတိအလင်း ဖော်ပြထားပြီး လူသားအား မိမိကိုးကွယ်မည့် ဘာသာကို မိမိကိုယ်တိုင် လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်ဟူသော အခြေခံ မူလအခွင့်အရေးကို အသိပေးသည်လို့ ဆိုထားပါသော်လည်း ဘာသာရေးမှာ အစွန်းရောက် သူတွေကတော့ အစွန်းမရောက်တဲ့ မိမိတို့ရဲ့ အစ္စလာမ် ဘာသာဝင် အစိုးရကိုပဲ တစ်ဖန်တုံ့ပြန် ရန်မူနေကြတာကို တွေ့ရပါတယ်။

ကိုယ့်တိုင်း ကိုယ့်ပြည်မှာလည်း မည်သည့် ဘာသာဝင်ဖြစ်စေ အစွန်းမရောက်ဖို့ လိုအပ်ပါတယ်။ ငါ့နိုင်ငံမှာ ငါ့ဘာသာဝင်တွေသာ အများဆုံး ဖြစ်တယ်ဆိုပြီး သူများဘာသာကို မီးကွင်းပစ်သူဟာ ဘာသာရေး အစွန်းရောက် ဖြစ်နိုင်သလို ဘာသာကို အလွဲသုံးစားလုပ်တဲ့ နိုင်ငံရေး လှည့်ကွက်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို သိနိုင်ဖို့ အမှားအမှန်တွေကို ခွဲခြားနားလည်နိုင်ဖို့ သတင်းအမှန်တွေကို သိနေရမှာ ဖြစ်ပါတယ်။

ဒီတိုင်းပြည်မှာက သတင်းစာဂျာနယ် မဖတ်သော်လည်း မိမိကိုယ်မိမိ ခေတ်ပညာတတ်ကြီး တစ်ယောက်လိုလို ယူဆနေသူများလည်း ရှိသလို တစ်ရက်သတင်း၊ တစ်ပတ်သတင်း၊ တစ်လသတင်းကိုမှ နားမစွင့်၊ သတင်းစာမြင် လို့မှ ကောက်ကိုင်ချင်စိတ် မရှိသူတွေကိုတော့ (စာရေးသူကို သတင်းစာဂျာနယ် ဖတ်တာ ဝါသနာပါလို့ စိတ်ကြီး ဝင်တယ်ထင်မှ ထင်ရော) ဘယ်လိုမှ ခေတ်ပညာတတ်ပါလို့ သတ်မှတ်လို့ရမှာ မဟုတ်ပါကြောင်း...။

ဌေးအောင်ကို

The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...