မျက်မမြင်များ အကြောင်း လူသိနည်းသော အချက် ငါးချက်

မျက်မမြင်တွေ နေ့စဉ်ဘ၀ နေထိုင် သွားလာ လှုပ်ရှားပုံ များနဲ့ ပတ်သက်ပြီး ပုံမှန် လူများသိချင်၍ မေးကြ မြန်း ကြသည့် မေးခွန်းပေါင်း များစွာရှိသည်။ ၎င်းတို့အနက် လူသိနည်း သေးသော အကြောင်းအရာ ငါးခုကို ရွေးထုတ် တင်ပြလိုပါသည်။

မျက်မမြင်တွေဟာ မြင်ရသူတွေထက် နားပိုကောင်း သလား။

အာရုံငါးပါးအနက် တစ်ပါးဖြစ်သော အမြင်အာရုံ ချို့ယွင်း သွားခြင်းကြောင့် ကျန်အာရုံ လေးမျိုးသည် အမြင်အာရုံ နေရာကိုပါ နေရာချဲ့ကာ အာရုံခံလာ ကြသဖြင့် မျက်မမြင် များသည် အခြား အာရုံလေးမျိုး တွင် သာမန် လူများထက် ပိုအစွမ်းထက်ကြောင်း ပြောဆိုမှုများ ရှိသည်။ မျက်မမြင်များ၏ ကိုယ်တိုင် ပြောပြချက်အရကား ပုံမှန် လူများထက် အကြားအာရုံ ပိုကောင်း သည်ဟု သူတို့ကိုယ် သူတို့ မထင်ကြောင်း သိရသည်။ သို့သော် တစ်ခုရှိသည်မှာ မျက်မမြင်သူများသည် အမြင် အာရုံကို အားမကိုးနိုင် ။ အကြားအာရုံကိုသာ ရာနှုန်းပြည့် အားကိုးရသဖြင့် ပုံမှန် လူများထက် ပိုအာရုံစိုက် နားထောင်ခြင်းကြောင့် ပိုကြားရခြင်းသာ ဖြစ်နိုင်သည်။ မျက်မမြင် သူများသည် အကြားအာရုံကို အသုံးပြု၍ ကားလမ်းကူးရာတွင် ကားလာနေသည့် အကွာအဝေးကို အနီးစပ်ဆုံး ခန့်မှန်းခြင်းဖြင့် ကားတိုက်မခံရအောင် လမ်းကူးနိုင် ကြသည်။ ဘူတာရုံမှာ စပီကာက ကြေညာချက်များကြောင့် ပြန်ကန်လာသော အသံလှိုင်းများကို နားက အားစိုက် နားထောင်ခြင်းဖြင့် မိမိစီးလိုသော ရထားသည် မည်သည့် ပလက်ဖောင်းတွင် ရပ်ထားကြောင်းကို မှန်းနိုင်သည်။ မျက်စိမြင်သူ များကား အသံကို နားထောင်ခြင်းထက် ဘူတာရုံတွင် ပြထားသော ရထား ခရီးစဉ် ဆိုင်းဘုတ် ကြေညာချက်များကို လိုက်ရှာကြည့် နေခြင်းကြောင့် အသံကို အာရုံမစိုက်ဖြစ် တော့သောကြောင့် အကြားအာရုံ အားနည်းသည်ဟု ထင်ရခြင်း ဖြစ်သည်။ တစ်ကယ်တမ်းတွင်ကား အာရုံပိုကောင်းလာခြင်း ကြောင့်မဟုတ်၊ အာရုံ ပိုစိုက်ခြင်းကြောင့်သာ မျက်မမြင်များ နားပိုကောင်းသည်ဟု သတ်မှတ်ခံရခြင်း ဖြစ်သည်။

သို့သော် ၂၀၁၂ ခုနှစ်က ကနေဒါနိုင်ငံ မွန်ထရီယယ် တက္ကသိုလ်မှ သုတေသနတစ်ရပ် အရကား မျက်မမြင်သူ များ၏ ဦးနှောက်သည် အမြင်အာရုံအတွက် အသုံးချနေသော ဦးနှောက် အပိုင်းကို အကြား၊ အထိအတွေ့ စသည့် အခြား အာရုံများအတွက် ခွဲဝေ အသုံးချလိုက်ကြောင်း တွေ့ခဲ့ရသည်ဟု သိရသည်။ ထို့တွေ့ရှိချက် အရ အမြင် အာရုံအတွက် သုံးနေသော ဦးနှောက်အပိုင်းကို အထိအတွေ့နှင့် အကြားအာရုံ အတွက် ပိုသုံးလိုက်သဖြင့် နားပိုကောင်း လာသည်ဟု ဆိုနိုင်သည်။

မျက်မမြင်များ သုံးသော နောက်တစ်နည်းမှာ အသံလှိုင်း တန်ပြန်စေခြင်းနည်း ဖြစ်သည်။ ထိုနည်းကို အသုံးပြု၍ မျက်မမြင် များသည် လမ်းလျှောက်ရင်း အသံပြုသွားကာ ပြန်ကန်လာသော အသံကို နားဆင်၍ လမ်းတစ်လျှောက် ၀င်မတိုက်မိအောင် လျှောက်သွားနိုင်စွမ်း ရှိသည်။ ထိုနည်းစနစ်ကို ကျွမ်းကျင်စွာ သုံးတတ်သူများသည် မိမိ ပတ်လည်က အရာဝတ္ထုများ၏ အကွာအဝေး၊ အရွယ်အစား၊ အကြမ်း အနု၊ အပျော့ အမာကိုပါ ခွဲခြားနိုင်သည်။ အများဆုံးသုံးသော အသံပြုနည်းမှာ အာခေါင်ကို လျှာနဲ့ထောက်ပြီး “ဖောက် ဖောက် ဖောက်”ဟု တစ်စက္ကန့်ကို သုံးချက်လောက် မြည်စေသောနည်း ဖြစ်သည်။ ပြန်ကန်လာသောအသံကို နားဆင်ကာ အထက်ပါအတိုင်း ခွဲခြား ပြောဆိုနိုင်ခြင်း ဖြစ်သည်။ လွန်စွာ ကျွမ်းကျင်သူများကား ထိုနည်းကိုသုံးပြီး စက်ဘီးပင်စီးနိုင်သလို၊ တောထဲ တောင်ထဲ လှည့်လည်သွားလာနိုင် သည်အထိ ကျင်လည်သည်။

မျက်မမြင်တွေ အိပ်မက်ထဲမှာကော မြင်လား။

မွေးကတည်းက မျက်မမြင်အဖြစ် မွေးလာသူများသည် ပြင်ပတွင် မြင်တွေ့ရပုံများကို လုံးဝ သိရှိခြင်း မရှိသည့် အတွက် အိပ်မက် ထဲတွင်လည်း လူရုပ်ပုံများ၊ ပတ်ဝန်းကျင် အနေအထားများကို ရုပ်ပုံအလုံးအထည်နှင့် မြင်မက် ခြင်း မရှိ။ မျက်မမြင် အများစုကား အရွယ်ရောက်မှ အမြင်အာရုံ ကွယ်သွားသူများဖြစ်ရာ ထိုသူများကား မျက်လုံး မြင်ရစဉ် တစ်လျှောက် မြင်ထားခဲ့သော ရုပ်ပုံများကို အခြေခံကာ အိပ်မက်ထဲတွင်လည်း ရုပ်ပုံ အလုံးအထည် များဖြင့် အိပ်မက်မက်နိုင်စွမ်း ရှိသည်။ သို့သော် ထိုသို့သော မျက်မမြင်များ သည်လည်း မျက်မမြင်သက်တမ်း ကြာလာလေ ရုပ်ပုံ အလုံးအထည်နှင့် အိပ်မက်မက်နှုန်း နည်းသွား လေဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံ တွင် ၂၀၁၄ ခုနှစ်က ပြုလုပ်သော သုတေသန တစ်ရပ်အရ သိရသည်။

သို့သော် မျက်မမြင်များသည် အိပ်မက်ဆိုးများ ပိုမက်လေ့ရှိကြောင်း ထို သုတေသနကပဲ ထပ်လောင်း တင်ပြပြန် သည်။ အိပ်မက်ဆိုး ဟူသည် စိတ်ထဲ စိုးရိမ်သောက ရောက်နေသော အချက်အလက် များကို အခြေခံ၍ မက်ခြင်းဖြစ်သည်။ လက်တွေ့ မေးမြန်းချက်များအရ မျက်မမြင်များ အများဆုံး မက်တတ်သည်မှာ လမ်းပျောက် သွားပြီး အိမ်မပြန် တတ်တော့ခြင်း၊ လမ်းကူးရင်း ကားတိုက်ခံရခြင်း၊ လမ်းပြခွေး ပျောက်သွားခြင်း စသည်တို့ ဖြစ်သည်။

မျက်မမြင်တွေ အ၀တ်အစား ဘယ်လို ရွေးဝတ်လဲ။

မျက်မမြင် များသည်လည်း အလေ့အထ ရလာသောအခါ ကိုယ်နဲ့ လိုက်ဖက်သည့် အ၀တ်အစား ပုံစံနှင့် စတိုင်ကို လက်နဲ့ စမ်းသပ် ထိတွေ့တိုင်းတာကာ ၀တ်ဆင်တတ်ကြသည်။ အ၀တ်အစား အ၀ယ်ထွက်သည့် အခါတွင်လည်း ယုံကြည် အားကိုးရသော မျက်စိမြင်သူ တစ်ယောက်နဲ့တူတူ ထွက်လေ့ ရှိကြသည်။ ဖက်ရှင်ကို ဂရုစိုက်သော မျက်မမြင် များကား အ၀တ်အစား သပ်သပ်ရပ်ရပ်နှင့် ဖက်ရှင်ကျစေရေး အတွက် အထူး အားစိုက် တတ်ကြသည်။ မျက်မမြင်သူများ အရောင်ကို မည်သို့ ခွဲခြားသနည်းဟု ဆိုလျှင် ဘေးက လူကို မေးခြင်းဖြင့် သိနိုင်သလို၊ အရောင် ထောက်လှမ်းစက် များလည်း သုံးနိုင်သည်။ စက်ငယ်ကို အ၀တ်အစားနဲ့ သုံးလေး စက္ကန့်လောက် ထိကပ်ထားပေး လိုက်ရုံနဲ့ အဖြူ အနီ အပြာ အ၀ါ စသဖြင့် အရောင်များကို အင်္ဂလိပ် စကားဖြင့် အသံထွက်ပေးမည် ဖြစ်သည်။ ထိုသို့သော ကိရိယာလေးများက အ၀တ်အစား ၀ယ်ရာမှာသာမက အိမ်မှာ အရောင်ကိုလိုက်ပြီး အ၀တ်အစားများ စနစ်တကျ နေရာချထားရေး အတွက်ပါ အသုံးဝင်သည်။

မျက်မမြင်များသည် အ၀တ်အစား အရောင် ရွေးချယ် ၀တ်ဆင်နိုင်ရန် နည်းလမ်းမျိုးစုံ ဖန်တီး ထားကြသည်။ အချို့ က အရောင်တူရာ အ၀တ်အစားများ အလိုက် အတွင်း တံဆိပ်များပေါ်တွင် ကြယ်သီးတူရာ လေးများ တပ်ထား တတ်သည်။ ထိုနည်းဖြင့် ကြယ်သီးကို ကိုင်ကြည့်ခြင်းဖြင့် ဘာရောင်ဆိုတာ ခွဲခြားနိုင် သွားသည်။

လမ်းပြခွေးတွေက ဘယ်လို အသုံးဝင်လဲ။

လမ်းပြခွေးများသည် မျက်မမြင်များ သွားလိုသည့်နေရာကို ဦးဆောင်ခေါ်သွား နိုင်သည်၊ လမ်းကူးရမည့် နေရာတွင် ဦးဆောင် ကူးပေးနိုင်သည်ဟု လူအများ ထင်တတ်ကြသည်။ တကယ်တမ်းတွင်ကား ထိုအထင်များ မှားသည်။

တကယ်တမ်းတွင် လမ်းပြခွေးသည် ရှေ့ကိုသာ တည့်တည့်သွားသည်။ မျက်မမြင် သခင်၏ ဗယ်ဘက်ကသာ သွားသည်။ သခင်၏ ညာဘက်ပခုံးကို အမြဲဂရုစိုက်ကြည့်နေ တတ်သည်။ ထိုနည်းဖြင့် သခင်နှင့် အခြားသူ တစ်ယောက် ၀င်တိုက်မိခြင်းကို ကာကွယ်ပေးသည်။ အတားအဆီးများကို ရှောင်ရှားနိုင်သည်။ လမ်းကွေ့များတွင် ရပ်တန့်ကာ သခင်၏ ညွှန်ကြားချက်ကို စောင့်နိုင်သည်။ လမ်းပြခွေးများသည် ဗယ် ညာ ခွဲခြား သိနိုင်သည်။

သို့သော် လမ်းပြခွေးများသည် မျက်မမြင်အတွက် အလုံးစုံ ကာကွယ်ပေး နိုင်သည်ဟု မယူဆသင့်။ တစ်ခါတစ်ရံ ခွေးသည် သခင်ကို အရပ်နဲ့ မလွတ်သည့် သစ်ပင်သစ်ကိုင်းများ ကြားထဲ ဦးဆောင်ခေါ်သွား တတ်သည်။ ခွေး သည် သခင်အရပ်နဲ့ လွတ်မလွတ်ကို ချိန်နိုင်စွမ်း မရှိ။ ခွေးနဲ့ သခင်ကြား နားလည်မှု တည်ဆောက်နိုင်ဖို့ လိုသည်။ ထိုသို့ တည်ဆောက်နိုင် ခြင်းဖြင့် မလိုလားအပ်သော မတော်တဆမှုများ နည်းသွားမည်။ လမ်းပြခွေးကို တစ်ကယ် သုံးနေသော မျက်မမြင်များကား ခွေး ဦးဆောင်ရာနောက် လိုက်နေရသည်ဟု သဘောမထားကြဘဲ မိမိကသာ ခွေး ကို ထိန်းကျောင်းကာ လိုရာသို့ ရောက်အောင် သွားခြင်းဖြစ်သည်ဟု ခံယူချက် ရှိကြသည်။

လမ်းပြခွေးများသည် လမ်းပြရန် သာမက အခြားသော နည်းများဖြင့်လည်း အသုံးဝင်သည်။ မျက်မမြင်အတွက် ကိုယ်ရော စိတ်ရော အဖော်ရသည်။ အပြင်ထွက် ဟိုနား ဒီနား သွားသည့်အခါ အဖော် ခွေးတစ်ကောင် ရှိနေခြင်း ကြောင့် မျက်မမြင်သူ အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးသည်။

မျက်မမြင်တွေ ကွန်ပျူတာ စမတ်ဖုန်း ဘယ်လို သုံးလဲ။

မျက်မမြင်များ ကွန်ပျူတာ စမတ်ဖုန်း နည်းသုံးနည်းဖြင့် အသုံးပြုသည်။ အနည်းငယ်လောက် မြင်ရသော မျက်မမြင် များ အနေဖြင့် ကွန်ပျူတာ ဖန်သားပြင်မှာ ၎င်းတို့ မြင်နိုင်လောက်အောင် ကြီးမားသော စာလုံး များ ရုပ်ပုံများဖြစ် အောင် ချဲ့ယူကြည့်ခြင်းဖြင့် မမြင်ရမှုကို ကျော်လွှားသည်။

လုံးဝ မမြင်ရသူများ အတွက် နောက်ထပ် နည်းလမ်း နှစ်လမ်း ရှိသည်။ ကွန်ပျူတာ ဖန်သားပြင်က စာလုံးများကို မျက်မမြင်စာလုံး ဘရဲလ် စနစ်ဖြင့် ပြပေးသည့် နည်းပညာမြင့် ကီးဘုတ်စနစ် အသုံးပြုနိုင်သည်။ သို့သော် ဗြိတိန်နိုင်ငံမှာပင် မျက်မမြင် နှစ်သန်း နီးပါးအနက် (၁) ရာခိုင်နှုန်း ခန့်ကသာ ဘရဲလ် စာလုံးစနစ်ကို ဖတ်တတ် ကြသဖြင့် ထိုနည်းသည် မတွင်ကျယ်သော နည်းတစ်နည်း ဖြစ်နေသည်။ ထို့အပြင် ထိုနည်းပညာသည် လူ တစ်ယောက်အတွက် ဒေါ်လာ ထောင်ချီကျသင့်နိုင် သဖြင့် လူတိုင်း လက်လှမ်းမမီသောနည်း ဖြစ်သည်။ နောက်တစ်နည်းကား ကွန်ပျူတာ၊ စမတ်ဖုန်း ဖန်သားပြင်တွင် ပေါ်နေသော စာလုံးများကို အသံထွက် ဖတ်ပြသည့် ဆော့ဖ်ဝဲကို အသုံးပြုခြင်း ဖြစ်သည်။ အထူးသဖြင့် အင်္ဂလိပ်စာလုံးများ အတွက် အသံထွက်နှင့် စကားသံ အဖြတ်အတောက်ပါ လူတစ်ယောက် နီးပါး မှန်ကန်စွာ ထွက်ပေးနိုင်သည့် ဆော့ဖ်ဝဲများ ထွက်နေပြီ။ ထိုနည်းသည် မျက်မမြင်များ အတွက် ကွန်ပျူတာ နည်းပညာနယ်သို့ ၀င်ရောက်ရန် အလားအလာ အရှိဆုံး တံခါးပေါက် ဖြစ်သည်။

Ref: Blindnesse by those in the know By Emma Tracey (BBC)

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...