ပိုတက်စီယမ်ဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်းဖြင့် လေဖြတ်နိုင်မှု အန္တရာယ်ကို လျှော့ချနိုင်

www.womendailymagazine.com
သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသမီးများ ပိုတက်စီယမ် ဓာတ်ကြွယ်ဝသော အစာများ စားပေးခြင်းဖြင့် လေဖြတ်၍ သေဆုံးမှုကို ကာကွယ်နိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဖော်ပြပြီး ငှက်ပျောသီး များများ စားကြရန် တိုက်တွန်း ထားသည်။

နယူးယောက်မြို့ရှိ အဲလ်ဘက်အိုင်စတိုင်း ဆေးကောလိပ်မှ သုတေသီများက အသက် (၅၀)မှ (၇၉) နှစ်ရှိ အမျိုးသမီးပေါင်း ၉၀,၀၀၀ တို့၏ အစားအစာများကို အချိန် ၁၁နှစ်ကြာ လေ့လာခဲ့ကြ သည်။ ပိုတက်စီယမ် စားသုံးမှု ပမာဏနှင့် လေဖြတ်ခြင်း၊ သေဆုံးခြင်းတို့ကို နှိုင်းယှဉ်ခဲ့ရာ ယခင်က ပိုတက်စီယမ် စားသုံးမှုများမှာ နောက်ပိုင်းတွင် လေဖြတ်ခြင်းနှင့် သေဆုံးနိုင်မှု အန္တရာယ်ပိုနည်းကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ပိုတက်စီယမ်ကြွယ်ဝသော အစားအစာ ပိုမိုစားသုံးသူ အမျိုးသမီးများမှာ လေဖြတ်နိုင်ခြင်း အန္တရာယ် ၁၆ ရာခိုင်နှုန်း ပိုလျော့နည်းပြီး သေဆုံးနိုင်မှုအန္တရာယ် ၁၀ ရာခိုင်နှုန်း ပိုလျော့ နည်းသည်။

သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေး ပြဿနာများ မရှိသောအမျိုး သမီးအများစုတွင် ပိုတက်စီယမ် လေဖြတ်ခြင်းကို ကာကွယ်နိုင်သော အကျိုးကျေးဇူးများရှိကြောင်း ယခုလေ့လာမှုက ပြသနေသည်။ ယင်းလေ့လာမှု၏ ရလဒ်အသေးစိတ်ကို ယခုသီတင်းပတ်အတွင်း ထွက်ရှိမည့် Stroke ဂျာနယ်၌ ဖော်ပြသွားမည် ဖြစ်သည်။

ပိုတက်စီယမ်ဓာတ် ပိုစားသုံးပေးခြင်းသည် သွေးတိုးရောဂါကို လျော့ကျစေနိုင်ကြောင်း ယခင်လေ့လာမှုများက ဖော်ပြသည်။ သို့သော် ပိုတက်စီယမ်စားသုံးပေးခြင်းက လေဖြတ်ခြင်းကို ကာကွယ်နိုင်သလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ရဟု သုတေသီဆိုလ်ဗီယာဝါဆာ သီးလ်စမိုလာက ပြောသည်။

အမျိုးသမီးများအနေဖြင့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားပေးရန်လိုအပ်ကြောင်း မိမိတို့လေ့လာမှုက ဖော်ပြနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်၍ ယင်းတို့ကိုစားသုံးခြင်းဖြင့် အမျိုးသမီးများ သွေးဆုံးပြီး ခံစားရသော ဝေဒနာများနှင့် လေဖြတ်နိုင်ခြင်းအန္တရာယ်ကို လျော့ကျစေနိုင်သည့်အပြင် လေဖြတ်၍ သေဆုံးနိုင်မှုကိုလည်း လျှော့ချပေးသည်။ 

 —Ref: UPI
7Day Daily
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...