အ.ထ.က နှင့် ကျူရှင်

Written by ကေတုလှနိုင်

အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျူရှင်ပညာရေး အကြောင်း ရေးချင်ပါသေးသည်။ ခေတ်တွေ ဘယ်လိုပင် ပြောင်းသော်လည်း နိုင်းမြစ်ကတော့ စီးမြဲဆိုသော စကားလိုပါပဲ။ ဘယ်ခေတ်၊ ဘယ်အခါ ရောက်ရောက် ကျူရှင် ပညာရေးကတော့ အစိုးရ အထက်တန်း ပညာရေးနှင့် အားပြိုင်ရှိမြဲရှိနေ ပါသည်။ အစိုးရ အထက်တန်း ပညာရေးပုံစံ မပြောင်းလဲ သော်လည်း ကျူရှင်ပညာရေး ပုံစံတွေကတော့ တစ်ချိန် နှင့်တစ်ချိန်မတူပါ။ ပြောင်းလဲမှန်းမသိ ပြောင်းလဲ၍ လာသည်။

၁၉၅၀ ပြည့်နှစ်လောက်က ပုဂ္ဂလိက အလွတ်ပညာသင်ကျောင်းများ စတင်ပေါ်ပေါက်လာပါသည်။ ကျူရှင် ပညာရေး အစဟု ဆိုနိုင်ပါသည်။ ကျူရှင်ကဲ့သို့ပင် အစိုးရ အထက်တန်းကျောင်းနှင့်အပြိုင် သင် ကြားသည်။ ပုဂ္ဂလိက အလွတ် ပညာသင်ကျောင်းများမှာကား ရန်ကုန်၌သာရှိခဲ့သည်။ များများစားစား လည်းမရှိပါ။

၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် ပုဂ္ဂလိက အလွတ်ပညာသင်ကျောင်းများ လျော့နည်းသွားပြီး ကျူရှင် များအပြိုင် အဆိုင် ပေါ်ပေါက်လာာသည် ကျူရှင်ပုံစံပြောင်းလဲလာသည်။ အစိုးရ အထက်တန်းကျောင်း များနှင့်အပြိုင် သင်ကြားနေသော်လည်း ကျူရှင်တိုင်းဘာသာစုံမသင်ကြားပါ။ ဘာသာစုံ သင်ကြားသော ကျူရှင်များရှိသလို အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ရုက္ခ၊ ဘောဂ တစ်ဘာသာချင်းသင်ကြားသော ကျူရှင် များလည်းရှိသည်။ ပညာရေး ဌာနမှ ကျူရှင်များကို ညွှန်ကြားချက် အမျိုးမျိုးထုတ်ပြန်ပြီး ထိန်းချုပ်ပေး နေသည့်ကြားကပဲ ကျူရှင်များမှာ ရန်ကုန်၌ သာမက နယ်မြို့များမှာပါ များပြားလာခဲ့သည်။ ဘာသာစုံ ကျူရှင်များက ပို၍အောင်မြင်လာသည်။ ရန်ကုန်၌ နာမည်ကြီး ကျူရှင်များက တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ယောက်ကို အောင်ရမည်။ မအောင်လျှင် ငွေပြန်အမ်းမည်ဆိုသည့် အာမခံချက်ဖြင့် ဘော်ဒါဆောင်မှာထားပြီး သင်ကြားပေးကြပါသေးသည်။

ဒီအချိန်အထိ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများရော၊ မိဘများပါ စာမေးပွဲအောင်မြင် ရန်သာ အဓိကရည်ရွယ်ချက်ဖြစ်သည်။ ဂုဏ်ထူးပေးပြီဟုဆိုသော်လည်း တစ်ပြည်လုံးအတိုင်းအတာ နှင့်ပင် တစ်ဘာသာ ဂုဏ်ထူးတစ်ယောက်၊ နှစ်ယောက်လောက်ပဲရှိသည်။

ရန်ကုန်မြို့မှ နာမည်ကြီးကျူရှင်များတွင် ငွေကြေးတတ်နိုင်သူမိဘများ၏ သားသမီးများသာ အများဆုံး တက်ရောက် သင်ကြားခွင့်ရှိသည်။ ကျူရှင်လခ၊ စာရွက်စာတမ်းကြေး၊ ခရီးစရိတ် အကုန်အကျများ သောကြောင့်ပါပေ။ ကျူရှင် ဆရာများ လက်ဖျားငွေသီးနေသော အချိန်ဖြစ်သည်။ ကျူရှင်ဆရာဖြစ်ဖို့ လည်းမလွယ်ပါ။ ကျောင်းသား၊ ကျောင်းသူများက သဘောမကျလျှင် ထိုကျူရှင်ဆရာကိုပြောင်းပေးရ သည်။

ကျူရှင်ဆရာသည် ဇာတ်သဘင်လူရွှင်တော်လို ဟာသတွေပြောပြီး သင်ကြားတတ်ရပါသည်။ ကျူရှင် တွင် စာသင်ရင်း တဟီးဟီး၊ တဟားဟားဖြစ်အောင် သင်နိုင်သောကျူရှင်ဆရာမ နာမည်ကြီးသည်။ ထို့ကြောင့် ကျူရှင်ဆရာသင်တန်းဟူ၍ပင် ပေါ်ပေါက်ခဲ့သည်။ အာမခံချက်နှင့် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများက ဘော်ဒါဆောင်မှာ ဟင်းမကောင်းလျှင် ဧည့်ခန်းရှိဆက်တီဆိုဖာများ ကို ဘလိတ်ဓားဖြင့်ခွဲ၍ ဆန္ဒထုတ်ဖော်ကြသည်။

ထို့နောက် စာပေးစာယူကျူရှင်များ ပေါ်ပေါက်လာသည်။ ကျူရှင်ဆရာများက ပညာရေးဦးစီးရုံး စာရေး ဝန်ထမ်းများထံ ချဉ်းကပ်၍ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူ ကျောင်းသား၊ ကျောင်းသူ များ၏ တစ်ဦးချင်း အမှတ် စာရင်း ကတ်များကို ခေတ္တခဏငှားသည်။ ကတ်တစ်ကတ်လျှင် ၂၅ ပြားပေး သဖြင့် ကတ်တစ်သောင်းလျှင် ငွေကျပ် ၂၅၀၀ ရနေပြီ။ ပြီးတော့တစ်ကြိမ်တည်းရှိသမျှ ကတ်များအ ကုန်ငှားသည်မဟုတ်၊ ကတ်အထုပ်ဟောင်းပြန်ပေးမှ ကတ်အထုပ်သစ်ကို ထုတ်ပေးရန်ဖြစ်သည်။ ဝန် ထမ်းများမှာလည်း လစာမလောက်ငတော့ အပိုဝင်ငွေရလို၍ ထိုကတ်များကိုထုတ်ငှားကြသည်။

ကျူရှင်ဆရာများက နယ်မှာရှိနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲကျရှုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများထံ စာရေးပို့သည်။ ပြီးခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲများ မောင်၊ မကတော့သည် ဘာသာတွေမှာ အမှတ် ဘယ်လောက်နှင့် အောင်သည်။ ဘယ်ဘာသာတွေမှာကတော့ အမှတ်ဘယ် လောက်နှင့် ကျခဲ့ရသည်။ ဟုတ်သည်မဟုတ်လား။ ဒီတော့ ဒီနှစ်အောင်မြင်ရအောင် ဆရာတို့ဆီကို ငွေဘယ်လောက်ပို့လိုက်၊ ဆရာတို့က မေးခွန်းနှစ်စုံပြန်ပို့ပေးမယ်။ ဆရာတို့ကိုယုံပါ။ ဆရာတို့က တက္ကသိုလ်က ဆရာ၊ ဆရာမတွေပါ။ စီးပွားရေး ခေတ်ကျပ်ကြီးထဲ ရောက်နေလို့အခုလို လုပ်စားရတာ ပါစသည်ဖြင့် တယောထိုးသော စာတစ်စောင်စီ ပို့လိုက် သည်နှင့် ကျူရှင်ဆရာများထံ ငွေတွေအစုလိုက် အပုံလိုက်ရောက်ရှိလာပါတော့သည်။

ဒီလိုစာပေးစာယူကျူရှင်က မှန်ကန်သည်မဟုတ်၊ ဝိသေမလောဘဖြင့် ကျောင်းသား၊ ကျောင်းသူများ ထံက ငွေကို လည်ပင်းညှစ်ယူသလို ဖြစ်နေလေရကား ထိုဝိသေမစာပေး၊ စာယူကျူရှင်ဆရာများအား လုံးကို ဗိုလ်တထောင် သတင်းစာဆောင်းပါးရှင်တစ်ဦးက ဖော်ထုတ်လိုက်သဖြင့် ထိုကျူရှင်ဆရာအား လုံး အရေးယူခံကြရသည်။ ထောင်ကျသည်အထိ ခံကြရပါသည်။ ထို့နောက်ကျူရှင်များ ဣနြေ္ဒရလာပါ သည်။ အပြိုင်အဆိုင်များ မရှိတော့ပါ။ အေးအေးဆေးဆေးပင် ကိုယ့်မူကိုယ့်ဟန်နှင့် သင်ကြားနေကြ သည်။ ထူးခြားလာသည်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ရုံမဟုတ်၊ အမှတ်ကောင်းရမည်၊ ဂုဏ် ထူးဘာသာစုံရပါမည်။ အမှတ်ကောင်းပြီး ဂုဏ်ထူးဘာသာ များများထွက်သော ကျူရှင်များနာမည်ထိုး ဖောက်လာသည်။ ဂုဏ်ထူးရှင်ကျောင်းသား၊ ကျောင်းသူများ၏ ဓာတ်ပုံ ဆိုင်းဘုတ်များ ကျူရှင်မျက်နှာ စာမှာချိတ်သည်။

အစိုးရအထက်တန်းကျောင်းများမှာကတော့ သင်ကြားရေးပိုင်း အားနည်းလာသည်။ ကိုးတန်းမှ ၁၀ တန်းတက်ရ သည်နှင့် ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းမှန်မှန်မတက်ကြတော့။ ကျောင်းခေါ် ကြိမ်မပြည့်သောကြောင့် ဖြေခွင့်မရသော ကျောင်းသား၊ ကျောင်းသူများရှိခဲ့သည်။ တစ်ချိန်တည်းမှာပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲခန်းထဲသို့ မှတ်စုမိတ္ထူစာရွက်များ ခိုးသွင်းပြီးဖြေဆိုသော အခြေအနေဆိုး တစ်ရပ်ပေါ်ပေါက်ခဲ့သည်မှာ သုံးနှစ်လောက်က ထင်ပါသည်။ ကျောင်းဆရာ၊ ဆရာမများ တင်းတင်း ကျပ်ကျပ်ကိုင်တွယ် ဖြေရှင်းခဲ့ကြရပါသည်။ မှတ်စုမိတ္ထူခိုးချ ဖြေဆိုသည့်အခြေအနေဆိုးပျောက်ကွယ် သွားရသည့် အကြောင်းရင်းကတော့ မှတ်စုမိတ္ထူခိုးချဖြေဆိုမှု မအောင်မြင်သောကြောင့် ဖြစ်ပါသည်။

ယနေ့အစိုးရအထက်တန်းပညာရေးကို မြှင့်တင်ပေးလာသည်မှန်သော်လည်း ခေတ်အဆက်ဆက် တွယ်ကပ်ပါ လာသော ကျူရှင်ပညာရေးမှာကား အောင်မြင်နေဆဲဖြစ်ပါသည်။ အထူးသဖြင့် ကျူရှင် တိုင်းလိုလိုသင်သမျှစာကို အလွတ်ရအောင် ကျက်၊ အခုပြန်ဖြေ၊ Cover to Cover, by heart စနစ်ဖြင့် ခေါင်းထဲဖိသိပ်ပေးလိုက်သော သင်ကြားမှုမျိုးဖြစ်နေလေရကား ကျောင်းသား၊ ကျောင်းသူများ အမှတ် ကောင်းကောင်း၊ ဂုဏ်ထူးဘာသာများများဖြင့် အောင်မြင်နေကြသည်ကတော့ အမှန်ပါပေ။

သို့သော် ဒီလိုပညာသင်ကြားရေးနည်းစနစ်မှန်၊ မမှန်ရေရှည်မှာ ဘယ်လိုအဆိုးအကောင်း ရှိမည်ဆိုတာ ပညာရှင် များက လေ့လာသုံးသပ်ပေးစေ ချင်ပါကြောင်း ရေးသားလိုက်ရပါသည်။ 


စံတော်ချိန်သတင်းစာ
သြဂုတ် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...