နှာခေါင်း ဓာတ်မတည့်သည့် ရောဂါ ဘာကြောင့်ဖြစ်တာလဲ

နှာချေသည့် အကြိမ်ရေမှာ ပုံမှန်ထက် ပိုမိုများပြား လာခြင်းက နှာခေါင်းဓာတ် မတည့်သည့် ရောဂါဖြစ်နိုင် ခြင်းကြောင့် သတိ ထားသင့်ကြောင်း သိရသည်။

“သူများတွေ နှာမချေတဲ့အချိန် ကိုယ်က နှာချေနေတယ်။ သူများတွေက တစ်ခါ၊ နှစ်ခါလောက်ပဲ ချေပေမယ့် ကိုယ်က ငါးခါ ခြောက်ခါလောက် နှာချေနေတယ် ဆိုရင်တော့ သတိထားရမယ်” ဟု နား၊ နှာ ခေါင်း၊ လည်ချောင်း၊ အထူးကု ဆရာဝန် ဒေါက်တာ ဝင်းထိုက်ကြည် ကပြောသည်။

ရောဂါလက္ခဏာ

ရောဂါလက္ခဏာများမှာ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းတွင် ရွစိရွစိဖြစ်ခြင်း စသည်တို့ ဖြစ်တတ်ကြောင်း သိရသည်။

အဖြစ်များသည့်ရောဂါဖြစ်

နှာခေါင်း ဓာတ်မတည့်ခြင်းသည် လူ့အသက် အန္တရာယ်ကို ထိခိုက်စေသည့် ရောဂါမျိုးမဟုတ်သော်လည်း မကုသဘဲ ထားမည်ဆိုပါက နှာခေါင်းပိတ်ခြင်း၊ နှာရည်ကျခြင်း၊ နှာချေခြင်း၊ နှာခေါင်းယားခြင်း၊ နေရခက်ခြင်း၊ မျက်လုံးရဲလာခြင်း၊ ခေါင်းအုံခဲလာခြင်း၊ အလုပ်အကိုင် ပျက်ခြင်းများဖြစ်တတ်ပြီး ယင်း ရောဂါသည် အဖြစ်များ သောကြောင့် သိထားသင့်ကြောင်း သိရသည်။

“နှာခေါင်းရဲ့သဘောက ရှူလိုက်တဲ့ လေထဲမှာပါတဲ့ အမှုန်အမွှားတွေကို စစ်ထုတ်ပေးတယ်။ ရှူလိုက်တဲ့ လေက ခြောက်သွေ့နေရင် စိုစွတ်အောင် ထိန်းညှိပေးတယ်။ အဲဒီရှူလိုက်တဲ့ လေထဲမှာပါတဲ့ ခန္ဓာကိုယ် ကိုထိခိုက်စေတဲ့ အန္တရာယ်ဖြစ်စေတဲ့၊ ဓာတ်မတည့်တာဖြစ်ပေါ်စေတဲ့ အမှုန်အမွှားတွေ ပါလာခဲ့ရင် ပြန်ထုတ်ပေးတယ်။ အဲဒါ ကိုနှာချေတယ်လို့ ခေါ်တာပေါ့”

နှာချေခြင်းသည် ခန္ဓာကိုယ်ကို ဒုက္ခပေးမည့် ဗိုင်းရပ်စ်ပိုးမွှားများကို မဝင်နိုင်အောင် တားဆီးပေးခြင်းဖြစ် ပြီး ယင်းအတွက်ကြောင့် လူတိုင်းနှာချေဖူးကြကြောင်း သိရသည်။

နှာခေါင်း အမြှေးရောင် လက္ခဏာနှင့် ဆင်တူ

နှာခေါင်း ဓာတ်မတည့်ခြင်းသည် ရာသီဥတု အပြောင်းအလဲကြောင့် နှာခေါင်း အမြှေးရောင်ခြင်းနှင့် ဆင်တူပြီး နှာခေါင်း ဓာတ်မတည့်ခြင်းသည် နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ကျခြင်း၊ နှာခေါင်း ယားခြင်း (ယားတာက ရွစိရွစိနှင့်ယားခြင်း) ဆိုးရွားပါက မျက်စိများပါ ယားလာတတ်ကြောင်း၊ နှာခေါင်း ဓာတ်မတည့်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ပြုလုပ်ထားသော စစ်တမ်းများအရ ၁၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည်။

“အဲဒီလိုနှာခေါင်းက ယားတော့ လက်နဲ့ပွတ်မိတယ်။ ကလေးတွေဆိုရင် နှာခေါင်းမှာ အစင်းရာတွေပါ ပေါ်တဲ့အထိ ပွတ်တတ်ကြတယ်” ဟု ဒေါက်တာ ဝင်းထိုက်ကြည်က ပြောသည်။

မျိုးရိုးလိုက်ခြင်း၊ ပန်းနာရင်ကျပ်၊ နှင်းခူနှင့်တွဲနေတတ်

နှာခေါင်း ဓာတ်မတည့်ခြင်းသည် မျိုးရိုးလိုက်တတ်ပြီး ပန်းနာ ရင်ကျပ်ရောဂါနှင့် တွဲနေတတ်ကြောင်း နှာခေါင်း ဓာတ်မတည့်ခြင်းကို ကုသလိုက်ပါက ပန်းနာ ရင်ကျပ်ရောဂါကိုပါ သက်သာစေနိုင်ကြောင်း ယင်းဓာတ်မတည့်သည့် ရောဂါသည် အရေပြားတွင်ဖြစ်တတ်သော နှင်းခူနှင့်လည်း တွဲနေတတ်ကြောင်း သိရသည်။

“နှာခေါင်း ဓာတ်မတည့်တာနဲ့ မှားနိုင်တာက ရာသီဥတု အကူးအပြောင်းမှာ နှာရည်ယို၊ နှာပိတ်တာပါပဲ။ ရာသီဥတု အကူးအပြောင်းကြောင့် ဖြစ်တယ်ဆိုရင်တော့ နွေးနွေးထွေးထွေး နေလိုက်မယ်ဆိုရင် ကောင်း သွားကြတာများ ပါတယ်။ နောက်ထပ် ထပ်မှားနိုင်တာကတော့ နှာခေါင်း အမြှေးရောင်တာနဲ့ပါ။ နှာ ခေါင်းအမြှေးရောင် ရောဂါ ကတော့ မကုသဘဲထားရင် ရောဂါပိုး ဝင်လာတတ်တယ်” ဟု ယင်းက ဆိုသည်။

လူနာများအနေနှင့် နှာချေ နှာရည်ကျသည် ဆိုပါက မည်သည့် အရောင်ဖြစ်သည်ကို တစ်သျှူးဖြင့် သုတ်ကာ ကြည့်ဖို့ရန် လိုအပ်ကြောင်း နှာရည်သည် ဝါနေခြင်း၊ စိမ်းနေခြင်းများဖြစ်ပါက နှာခေါင်းအမြှေး ရောင်ခြင်းဖြစ်နိုင်ကာ ယင်းကို မကုသဘဲ ထားပါက ပါးရိုးနှင့် နဖူးရိုးများသည် အပိတ်များ မဟုတ်ဘဲ ကလိုဏ်ပေါက်များ ဖြစ်နေခြင်း ကြောင့် ယင်းအထဲတွင် ပြည်တည်ပြီး ထိပ်ကပ်နာဖြစ်နိုင်ကြောင်း သိရသည်။

“နှာရည်က အကြည်ရောင်ပဲ ဆိုရင်တော့ ကောင်းတယ်။ အကြည်ရောင် မဟုတ်ဘဲ ဝါနေမယ်။ စိမ်းနေ မယ်ဆို ရင်တော့ နှာခေါင်း အမြှေးရောင်တာ ဖြစ်နိုင်တယ်။ အဲဒါကို မကုသဘဲထားရင် ထိပ်ကပ်နာဖြစ် တတ်တယ်။ ထိပ်ကပ်နာဖြစ်သွားရင် ကုသရခက်တယ်။ နှာခေါင်း ဓာတ်မတည့်တာနဲ့ ရောနေတတ်တယ်။ ရောဂါလက္ခဏာကို သေသေချာချာ ကြည့်တတ်ဖို့ လိုပါတယ်” ဟု ယင်းက ဆိုသည်။

အများဆုံးဓာတ်မတည့် ဖြစ်တတ်သည်များ

အများဆုံး ဓာတ်မတည့် ဖြစ်တတ်သည်များမှာ အိပ်ရာခင်း၊ စောင်များထဲတွင် ပါဝင်သည့်မျက်စိနှင့် မမြင်ရသော လှေး၊ မွှားစသည့် အကောင်များကြောင့် ဖြစ်တတ်ပြီး ယင်းသို့ တစ်နှစ်ပတ်လုံး ဖြစ်တတ်ပြီး တချို့သော သူများ သည် ရာသီအလိုက် ပွင့်တတ်သော ပန်းများ၊ အပင်များနှင့် မတည့်ခြင်းစသည်တို့ ကြောင့်လည်း ဖြစ်တတ်ကြောင်း သိရသည်။

“အဲဒီအကောင်လေးတွေက ထွက်လာတဲ့ အညစ်အကြေးတွေက သေးလွန်းလို့ မျက်စိနဲ့တောင် မမြင်ရပါဘူး။ အိပ်ရာခင်းတွေ၊ စောင်တွေကို ခါလိုက်တဲ့အခါ လေထဲမှာပြန့်နေပြီး အဲဒါတွေကို ရှူမိတဲ့အခါ နှာခေါင်းထဲ ရောက်ပြီး ဓာတ်မတည့်တာုဖြစ်တတ်ပါတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ဘယ်လိုကုသရမလဲ

“အဲဒီလိုတွေ မဖြစ်ရအောင် အရေးအကြီးဆုံးက ကိုယ်နဲ့မတည့်တဲ့ ဓာတ်ကိုရှောင်ဖို့ လိုပါတယ်။ နှာခေါင်း ဖျန်းဆေး၊ စားဆေးတွေကို အသုံးပြုပြီးတော့ ကုသရလို့ ရပါတယ်။ ရာသီဥတုကြောင့် ဖြစ်တဲ့သူတွေဆို ရင်တော့ ဆေးကြိုသောက်လို့ ရပါတယ်။ ပန်းနာရင်ကျပ်နဲ့ တွဲနေတဲ့ လူနာတွေကတော့ နှာခေါင်းဓာတ် မတည့်တာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် နှာခေါင်းရှူဆေး အသုံးပြုမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါပါ သက်သာ စေပါတယ်” ဟုဆိုသည်။

အရေပြားတွင်ဖြစ်သော နှင်းခူနှင့်တွဲဖြစ်သော ဓာတ်မတည့်ခြင်းကို ထိုးဆေးထိုးရန် လိုအပ်ပြီးနှာခေါင်း ဓာတ်မတည့် ခြင်းသည် အဖြစ်များသော ရောဂါထဲတွင် ပါဝင်ကြောင်း သိရသည်။ 


Democracy Today Daily
စက်တင်ဘာ (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...