အက်စထရိုဂျင် ဟိုမုန်းက စိတ်ဖိစီးမှုကြောင့် နွမ်းနယ်နေသော ဆဲလ်များကို လန်းဆန်းစေနိုင်

ယေးလ်တက္ကသိုလ်၏ သုတေသနပြု တွေ့ ရှိချက် အသစ်များအရ အက်စထရိုဂျင် ဟိုမုန်းသည် စိတ်ဖိစီး မှုကြောင့် နွမ်းနယ်နေသော ဆဲလ်များကို ပြန်လည် အားပြည့် လန်းဆန်းစေနိုင် သောကြောင့် အက်စထရို ဂျင်ဟိုမုန်းကို အမျိုးသမီးများက စိတ်ဖိစီးမှု ပြေပျောက် စေရန် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

စိတ်ဖိစီးမှုကြောင့် လူသားများ ဆိုးဝါးစွာ ခံစားရသကဲ့သို့ ဆဲလ်များသည်လည်း နွမ်းနယ်သွားလေ့ ရှိသည်။ သိပ္ပံပညာ ရှင်များအနေနှင့် နွမ်းနယ် အိုဟောင်းသွားသော ဆဲလ်များကို သတ်ပစ်ပြီး ဆဲလ်အသစ်ဖြစ်စေသော ကုထုံးကိုသာ အသုံးပြုနေခဲ့ရာဝယ် အက်စထရိုဂျင် ဟိုမုန်းကို အသုံးပြုခြင်းဖြင့် ဆဲလ်ဟောင်းများကို သတ်ရန် မလိုတော့ပဲ ရှိရင်းစွဲ ဆဲလ်များကို ပြန်လည်နုပျိုလန်းဆန်းစေနိုင်သည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ဆဲလ်များနွမ်းနယ်သွားချိန်တွင် အက်စထရိုဂျင်ဟိုမုန်းလမ်းကြောင်း ပွင့်လာလေ့ရှိ သည်။ ယင်းဟိုမုန်းက ဆဲလ်များစိတ်ဖိစီးမှုကို ခံနိုင်အောင် အားဖြည့်ပေးလေ့ရှိသည်။ ထို့ ကြောင့် အက်စထရိုဂျင် ဟိုမုန်း ပုံမှန်ထုတ်လေ့ရှိသော အမျိုးသမီးခန္ဓာကိုယ်က အမျိုးသားခန္ဓာကိုယ်ထက် အသက်ပိုရှည်ခြင်းဖြစ်ပြီး ဤစနစ်ကို ဆန့် ကျင်ဘက်အသုံးပြုကာ ကင်ဆာဆဲလ်များကိုသတ်ရန် အက်စထရိုဂျင်ဟိုမုန်းထုတ်လုပ်မှုကို ပိတ်ဆို့ ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

အက်စထရိုဂျင်သည် အမျိုးသမီးများတွင် လိင်စိတ်ကျေနပ်မှုနှင့် မျိုးပွားမှုအတွက်အရေးပါသောဟိုမုန်းဖြစ်ပြီး မ မျိုးဥ အိတ်၊ အဆီဆဲလ်နှင့် အဒရယ်နယ်ဂလင်းတို့ မှ ထုတ်လုပ်ပေးသည်။ အပျိုဖော်ဝင်စအချိန်တွင် အက်စထရိုဂျင်ဟို မုန်း စတင်ထွက်ရှိသည်။ အက်စထရိုဂျင်ဟိုမုန်းက အမျိုးသမီးများလစဉ်ဓမ္မတာလာခြင်းကို စနစ်ကျမှန်ကန် စေ သည်။

လစဉ်ကြွေဆင်းသော မမျိုးဥသည် သုက်ပိုးနှင့်တွေ့ ဆုံခြင်းမရှိလျင် အက်စရိုဂျင်ထုတ်လုပ်မှုနှူန်းထိုးကျသွားပြီး ဓမ္မတာလာခြင်းဖြစ်ပေါ်ပြီး မမျိုးဥနှင့်သုက်ပိုးတွေ့ ဆုံအောင်မြင်လျင် အက်စထရိုဂျင်သည် အခြားဟိုမုန်းတစ်ခုဖြစ် သော ပရိုဂျက်စထရုံးနှင့်ပေါင်းစည်းဓါတ်ပြုကာ မျိုးဥကြွေခြင်းကို ရပ်တန့် စေပြီး သန္ဓေကိုတည်စေခြင်းဖြစ်ကြောင်း သိရသည်။

အက်စထရိုဂျင်သည် အရိုးဖွဲ့ စည်းမှုအတွက်လည်းအရေးပါပြီး ဗီတာမင် ဒီ၊ ကယ်လစီယမ်နှင့်အခြားဟိုမုန်းတို့ နှင့် အတူ အရိုးခိုင်မာဖွံ့ ဖြိုးစေသည်။ လူလတ်ပိုင်းအရွယ်တွင် အက်စထရိုဂျင်ဟိုမုန်းထုတ်လုပ်မှုနှူန်းကျဆင်းလာပြီး အရိုးတည်ဆောက်မှုလည်း နှေးကွေးလာသည့်အတွက် သွေးဆုံးသွားသောအမျိုးသမီးများတွင် အရိုးကြွပ်ဆတ်လာ ပြီး လွယ်လွယ်နှင့်အရိုးကျိုးခြင်းတို့  ဖြစ်လာနိုင်ကြောင်း သိရသည်။

အမျိုးသမီးများအတွက် ဤမျှအခရာကျလှသော အက်စထရိုဂျင်ဟိုမုန်းကို ယခုအခါ စိတ်ဖိစီးမှုကြောင့် နွမ်းနယ်နေ သော ဆဲလ်များကို ပြန်လည်အားဖြည့် နုပျိုလန်းဆန်းလာစေရန်လည်း အသုံးပြုနိုင်တော့မည်ဖြစ်သည့်အတွက် အမျိုးသမီးထုသည် မိမိတို့ ခန္ဓာကိုယ်၏ အက်စထရိုဂျင်ထုတ်လုပ်မှုနှူန်းကို ကောင်းမွန်စေရန် နားလည်တတ် ကျွမ်းသူများနှင့် ပြသခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း၊ အစားအသောက်အနေအထိုင် မှားယွင်းမှုမရှိအောင် နေထိုင်ခြင်း တို့ ကို လိုက်နာကျင့်ကြံပြုမူသင့်ကြောင်း သိရသည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...