ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King) (အပိုင်း ၁၁)

(၁၁) ပဲရစ်မြို့

အဲဒီနောက် နှစ်ပေါင်း ၃ဝအတွင်း The Dukeနဲ့ Duchess တို့ဟာ ပဲရစ်မြို့ မှာပဲနေထိုင် ခဲ့ကြတယ်။ သူတို့ဟာ မိတ်ဆုံစားပွဲ အမျိုးမျိုးပြုလုပ် ကျင်းပပြီး ကမ္ဘာအနှံ့ ခရီးသွားခဲ့ ပါတယ်။ ဒါပေမယ့် Buckingham နန်းတော်ဆီ
ခြေဦး လုံးဝ မလှည့်ခဲ့ပါဘူး။

၁၉၅၂ခုနှစ်မှာ ဘုရင် George နတ်ရွာစံချိန်နဲ့ ၁၉၆၁ခုနှစ်မှာ မိဖုရားMary နတ်ရွာစံ ချိန်လောက်မှာပဲ Edwardဟာ ဝင်ဆာ ရဲတိုက်ဆီပြန်ပြီး ခဏ တာနေခဲ့ပါတယ်။ Wallis ကတော့ ပြင်သစ်မှာပဲ နေခဲ့ပါတယ်။

“အဲတာက သူ့မိသားစုပါ.. ကျွန်မရဲ့မိသားစု မဟုတ်ဘူး”လို့ Wallis က ပြောခဲ့ပါတယ်။

အဲဒီနောက် ၁၉၆၆ခုနှစ်မှာ The Duke နဲ့ The Duchessတို့ဟာ လန်ဒန်က မိတ်ဆုံစားပွဲလေး တစ်ခုမှာ ဘုရင်မ Elizabeth (Georgeဘုရင်ရဲ့ သမီးတော်) နဲ့တွေ့ဆုံခဲ့ပါတယ်။ နှစ်ပေါင်း ၃ဝကြာခဲ့ပြီ၊ အတိတ်ကို မေ့ပစ်ချိန်တန် ပါပြီ။ ဘုရင်မအယ်လီဇဘက်က Wallisရဲ့လက်မောင်းကိုထိပြီး Edward ဖက်လှည့်ပြောပါတယ်။

“Wallis အရမ်းလှတယ် ဦးရီတော်.. ဦးရီတော် သိပ်ကံကောင်းတယ်လို့ ကျွန်မထင်တယ်”

“အဲဒီနေ့က အယ်လီဇဘက် ကျွန်တော့်တို့အပေါ် ကြင်နာဖော်ရွေလိုက်တာ၊ ဒါပေမယ့် မယ်တော်နဲ့ ညီတော်က ဘာဖြစ်လို့ ဒီလိုစကားမျိုး ကျွန်တော့်ကိုမပြောနိုင်ခဲ့တာလဲ” ” လို့ Edward က ရေးသားခဲ့ပါတယ်။

၁၉၆၉ခုနှစ်မှာ BBCရုပ်မြင်သံကြားအသံလွှင့်ဌာနက The Dukeနဲ့ The Duchessတို့ရဲ့ အိမ်ထောင်ရေးဘဝကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

“အရှင်တို့ စကားများကြလား”လို့ တစ်ယောက်ယောက်က သူတို့ကိုမေးခဲ့ပါတယ်။

“မများဘူး.. မများတတ်ဘူး။ ဒါပေမယ့် ကျွန်မခင်ပွန်းကို ကျွန်မ မနှစ်သက်တာရှိတယ်။ သူက အမြဲနောက် ကျတယ်။ ဘုရင်မကို သွားရောက် ဂါရဝပြုဖို့ပဲဖြစ်ဖြစ်၊ သမ္မတကို သွားတွေ့ဖို့ပဲဖြစ်ဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တွေကို သွားတွေ့ဖို့ ပဲဖြစ်ဖြစ် သူဟာ အချိန်မတိကျဘူး။ ဘာဖြစ်မှန်း ကျွန်မ မသိဘူး။ သူ့ကို ကျွန်မပြောင်းလဲ ကြည့်သေး တယ်။ ဒါပေမယ့် မရခဲ့ဘူး” လို့ The Duchessက ပြန်ဖြေခဲ့ပါတယ်။

The Duke က ပြုံးပြီး သူ့လက်ကိုပုတ်လိုက်ပါတယ်။

“ကိုယ် အမြဲနောက်ကျတတ်မှန်း ကိုယ်သိတယ်။ ဒါပေမယ့် မင်္ဂလာပွဲကျင်းပတဲ့နေ့မှာ မင်းထက် ကိုယ်မိနစ် ၂ဝစောပြီး ဘုရားကျောင်းကိုရောက်ခဲ့တယ်။ ကိုယ်အစောကြီးရောက်နေခဲ့တယ်။ မင်း နောက်ကျခဲ့တယ်” လို့ ပြောပါတယ်။

“ဟုတ်သားပဲ… ဒါတော့ မှန်တယ်”လို့ The Duchessက ပြောရင်း နှစ်ယောက်သား ရယ်မောခဲ့ကြတယ်။

“သူတို့ရဲ့မျက်လုံးထဲကနေ တကယ့်အချစ်စစ်ကို ခင်ဗျားတွေ့မြင်နိုင်ပါတယ်။ သူတို့ကို တီဗွီအစီအစဉ်မှာ တွေ့ဆုံ မေးမြန်ချိန်မှာ သူတို့ဟာ သူတို့ကိုရိုက်ကူးတဲ့ကင်မရာကိုမေ့၊ သူတို့ကိုကြည့်ရှုနေကြတဲ့ ပရိသတ် သိန်းသန်းပေါင်း များစွာကိုမေ့ခဲ့ကြပြီး အချစ်ထဲပျော်ဝင်နေတဲ့ သူတို့နှစ်ဦးပဲရှိခဲ့ပါတယ်”လို့ သတင်းစာတစ်စောင်က အခုလို ရေးသားခဲ့ပါတယ်။

The Duchess က သူရဲ့လက်ဝတ်ရတနာနဲ့ နာမည်ကျော်ကြားသူဖြစ်ပါတယ်။

“ကျွန်မရဲ့ ခင်ပွန်းကလွဲပြီး ဒီလောကမှာ ကျွန်မအနှစ်သက်ဆုံးက လက်ဝတ်ရတနာတွေပဲဖြစ်တယ်”လို့ တစ်ခါက သူပြောခဲ့ပါတယ်။

The Dukeနဲ့၃၅နှစ်တိုင် ဘဝကိုအတူတကွဖြတ်သန်းပြီးနောက် သူ့မှာ ကမ္ဘာ့အရပ်ရပ်က လက်ဝတ်ရတနာတွေကို ရာကျော်စုမိခဲ့ပါတယ်။

“Wallis ထက်လှတဲ့ အမျိုးသမီးကို ကျွန်တော်မမြင်ခဲ့ဖူးဘူး၊ သူ့ကို လက်ဆောင်ပေးရတာ ကျွန်တော်နှစ်သက် တယ်။ သူက ကျွန်တော်ကို ပျော်ရွှင်ခြင်းတွေအများကြီး ပေးခဲ့တယ်။ သူ့ကို ကျွန်တော် လက်ဝတ်ရတနာတွေ ဝယ်ပေးတာဟာ သူ့ကို ကျေးဇူးတင်လို့ပါပဲ”လို့ Edward က ရေးသားခဲ့ပါတယ်။

၁၉၇၂ခုနှစ်မေလမှာ Edwardနာမကျန်းဖြစ်ခဲ့ပါတယ်။ ဆရာဝန်ရောက်လာပြီးတဲ့နောက် သူနဲ့နှလုံးခုန်ချက်ကို နားထောင်ပြီး “တစ်နေ့ကို စီးကရက်ဘယ်နှလိတ်သောက်ပါသလဲ.. ဆာ” လို့ မေးခဲ့တယ်။

“လေးငါးဆယ်လိတ် ရှိမယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော်ကို ဆေးလိပ်မဖြတ်ခိုင်းပါနဲ့။ ကျွန်တော် ဆေးလိတ် သောက်လာတာ နှစ်၆ဝရှိပါပြီ။ အခုချိန်မှာ ဖြတ်လို့မရတော့ပါဘူး”လို့ Edward က ပြန်ဖြေခဲ့ပါတယ်။

အဲဒီညမှာ Wallis ကို Edward အိပ်ခန်းထဲခေါ်ဝင်ပြီး “ကိုယ် မောလိုက်တာကွာ… ကိုယ်အရမ်းကြောက်မိတယ်။ မင်းကို ကိုယ်ချစ်တယ်။ မင်းနဲ့အတူနေရတာ ကိုယ်အရမ်းပျော်ရွှင်ခဲ့တယ်။ မင်းက ဇနီးကောင်းတစ်ဦးပါ။ ကိုယ်သေသွားတဲ့အခါ ကိုယ့်အလောင်းကို ဝင်ဆာပြန်ပို့ပေးပါ။ ကိုယ့်အတွက် ဒါကို မင်းလုပ်နိုင်မလား”

“ဟုတ်ကဲ့.. လုပ်နိုင်ပါတယ်” Wallis အဲဒီလိုပြောပြီးနောက် နှစ်ယောက်စလုံး ငိုကြွေးခဲ့ကြတယ်။

တစ်နာရီအကြာမှာ The Duke of Windsor ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အနားမှာ Wallis တစ်ချိန်လုံး ရှိနေခဲ့ ပါတယ်။

၃ရက်မြောက်တဲ့နေ့မှာ အပြာရောင်လေယာဉ်ပျံတစ်စီး ပဲရစ်မြို့ကို ရောက်လာခဲ့ပါတယ်။ Edward ရဲ့ရုပ်ကလာဘ် နဲ့ အတူ အင်္ဂလန်ကို Wallisရောက်လာခဲ့ပါတယ်။ ဒါဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ် Buckingham နန်းတော် ထဲဝင်ရောက်ခဲ့တာဖြစ်တယ်။

တစ်ပတ်ကြာပြီးတဲ့နောက် ပြင်သစ်ကို Wallisပြန်လာခဲ့ပါတယ်။ အဲဒီနောက် ၁၄နှစ်လုံးလုံး သူတစ်ယောက်တည်း ပဲရစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ သူ့ကိုယ်သူ မှောင်မိုက်တဲ့အိမ်ကြီးထဲမှာ ပိတ်လှောင်ပြီး ဘယ်မှလည်း မသွားခဲ့တော့ ပါဘူး။

နေ့လယ်နေ့ခင်းရောက်တိုင်း ထမင်းစားခန်းထဲမှာထိုင်ပြီး Edwardရေးပေးခဲ့ဖူးတဲ့ ချစ်သဝဏ်လွှာတွေကို သူဖတ်ခဲ့ ပါတယ်။

“စာတွေက အရမ်းလှတယ်.. ကျွန်မ တစ်ကျော့ပြီးတစ်ကျော့ဖတ်ခဲ့ပါတယ်” လို့ သူပြောပါတယ်။

အဲဒီနောက် ၁၉၈၆ခုနှစ်မှာ Wallisနာမကျန်းဖြစ်ခဲ့တယ်။ နေအိမ်နဲ့မနီးမဝေးမှာ ရှိတဲ့ ဆေးရုံလေးတစ်ရုံမှာ သူတက်ရောက် ခဲ့ပါတယ်။ ရက်အနည်းငယ် အကြာမှာပဲ သူကွယ်လွန်သွား ခဲ့ပါတယ်။

“Edward မရှိတော့.. ကျွန်မရဲ့ဘဝလည်း အဓိပ္ပာယ်ကင်းမဲ့တယ်” လို့ သူရေးသားခဲ့ပါတယ်။

သူ့ကို အင်္ဂလန်ဝင်ဆာရဲတိုက်က ခင်ပွန်းရဲ့ဘေးမှာ မြှုပ်နှံသင်္ဂြိုလ်ခဲ့ပါတယ်။

“ဒါဟာ အရမ်းထူးဆန်းတဲ့အရာပဲ… သူတို့အသက်ရှင်စဉ်တုန်းက အင်္ဂလန်မှာမနေခဲ့ရဘူး။ သေသွားမှပဲ အဲဒီနေရာမှာ အတူတူနေရတော့တယ်”လို့ သတင်းစာတစ်စောင်က ရေးသားခဲ့ပါတယ်။

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 19. 2014)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...