မြေပဲ တိုဟူးသုပ် (၄ ပွဲ) နှင့် တို့စားရန် sauce



မြေပဲတိုဟူးက ကျိုင်းတုံ အစားအစာလို့ သိရပြီး အရင်က ကျွန်မကိုယ်တိုင် တစ်ခါမှ မစားဖူးပါဘူးရှင်။ ပထမ စာအုပ်မှာ ပါတဲ့ ပြောင်းဖူးတိုဟူးကျိုတာကို အခြေခံပြီး မြေပဲတိုဟူးကို စမ်းသပ်ကျို ကြည့်ရာမှာ အောင်မြင်သွားတဲ့ အတွက် သုပ်နည်းလေးကို FB မှတစ်ဆင့် စားဖူးတဲ့ သူငယ်ချင်းတွေကို မေးကြည့်ပါတယ်။ တောင်ကြီးက သူငယ်ချင်း တွေကတော့ ပဲပုပ်ချဉ်မပါတာက လွဲရင် ကျန်တာ ဆန်တိုဟူးသုပ် (ချဉ်ငံစပ်) နဲ့ အတူတူပဲလို့ ပြောကြ ပါတယ်။ ကျိုင်းတုံက သူငယ်ချင်း မစိုပြေ ကတော့ ချဉ်ငံစပ်အရသာမဟုတ်ပဲ ချိုချိုချဉ်ချဉ် စပ်ထားတဲ့ အရည်လေး ထည့်ပြီး စားတယ်လို့ပြောတဲ့အတွက် ဆန်တိုဟူးသုပ်နည်းကို မသုံးပဲ ပိုပြီးနီးစပ်တဲ့ တောင်ကြီး ရှမ်းတိုဟူး သုပ်နည်းနဲ့ အတော်တူအောင် အောက်ပါနည်းကို အသုံးပြုပြီး သုပ်ထားပါတယ်။ အရမ်းကို စားကောင်း လှတဲ့ အတွက် နည်းမမှန်ရင်တောင် နည်းအသစ်တစ်ခုရတယ်လို့ ကျိုင်းတုံသူ၊ ကျိုင်းတုံသားတွေ သဘော ထားနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင် …..

***... ကြက်သွန်ဖြူ ၊ ဂျင်း အချဉ်ရည် အတွက် လိုအပ်တာလေးတွေ…

1. အခွံခွါထားသော ဂျင်း – လူကြီး လက်မအရွယ်ခန့်
2. အခွံခွါထားသော ကြက်သွန်ဖြူ  အတက်ကြီး – ၄ တက်
3. ရှာလကာရည် – ထမင်းစားဇွန်း ၂ ဇွန်း
4. ရေ – ထမင်းစားဇွန်း ၁၀ ဇွန်း

ကြေညက်အောင် ထောင်းထားသော ဂျင်း နှင့် ကြက်သွန်ဖြူကို ရှာလကာရည်၊ ရေတို့ဖြင့် ရောစပ်ဖျော်လိုက်လျှင် ကြက်သွန်ဖြူ ၊ ဂျင်း အချဉ်ရည်လေး ရပါပြီ။ (အနည်းဆုံး ၁ နာရီခန့် ကြိုတင် ဖျော်ထားနိုင်လျှင် ပိုကောင်းပါသည်။)

***... မြေပဲ တိုဟူးသုပ် တစ်ပွဲစာ အတွက် လိုအပ်တာလေးတွေ…

1. မြေပဲတိုဟူး လုပ်နည်းမှ တိုဟူး၏ ၄ ပုံ ၁ ပုံ
2. ပဲငံပြာရည်အပျစ် (sweet soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
3. ပဲငံပြာရည်အကျဲ (thin soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
4. ပါးပါးလှီးထားသော ဂေါ်ဖီထုပ် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
5. ကြက်သွန်ဖြူ ၊ ဂျင်း အချဉ်ရည် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
6. ကြက်သွန်ဖြူ ၊ ဂျင်း အချဉ်ရည် ထဲမှ အဖတ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
7. နနွင်းမပါသော ကြက်သွန်ဖြူဆီချက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
8. နှမ်းဖြူလှော်ထောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. မြေပဲလှော်ထောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
10. ပါးပါးလှီးထားသော နံနံပင် – ထမင်းစားဇွန်း တစ်ဝက်ခန့်
11. ငရုတ်သီးအကြမ်းမှုန့် ဆီချက် – လက်ဖက်ရည်ဇွန်း တစ်ဝက်

လက်ညှိုးအရွယ်ခန့် လှီးထားသော မြေပဲတိုဟူးထဲ အထက်ပါ တစ်ပွဲစာ ပါဝင်ပစ္စည်းများအားလုံး ထည့်ကာ ခပ်ဖွဖွရောမွှေ သုပ်လိုက်လျှင် ချိုချိုချဉ်ချဉ် အရသာလေးဖြင့် စားကောင်းလှသော မြေပဲတိုဟူးသုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

သုပ်ပြီး မစားလိုပါက အတုံးလေးများတုံးကာ ငရုတ်သီး ဆီချက်၊ ကြက်သွန်ဖြူ ဆီချက်၊ ဟင်းချိုမှုန့်၊ ဆား၊ မြေပဲထောင်း ရောထားတာလေးဖြင့် တို့ပြီး စားကြတယ်လို့ ကျိုင်းတုံမှ သူငယ်ချင်းက ပြောပါတယ်။

နောက်သူငယ်ချင်း တစ်ယောက်ကတော့ ပဲပုပ်နည်းနည်း၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ရော ချက်ထားတဲ့ ဆီချက်လေးနဲ့ တို့ပြီးစားတယ်လို့ ပြောပါတယ်ရှင်။

ကျွန်မ ကတော့ အသုပ်နည်းနဲ့ သိပ်မကွာတဲ့ sauce လေး စပ်ပြီး သုံးထားပါတယ်ရှင်။

***... မြေပဲတိုဟူးဖြင့် တို့စားရန် sauce အတွက် လိုအပ်တာလေးတွေ…

1. ပဲငံပြာရည်အပျစ် (sweet soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
2. ပဲငံပြာရည်အကျဲ (light soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
3. မြေပဲလှော်ထောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း တစ်ဝက်
5. နနွင်းမပါသော ကြက်သွန်ဖြူဆီချက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
6. နှမ်းလှော် – အနည်းငယ်

အားလုံးကို ရောဖျော်လိုက်ပါက မြေပဲတိုဟူးလေးဖြင့် တို့စားရန် sauce လေးရပါပြီ။


https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...