ဝတ်ရုံအနက်ဖြင့် အမေရိကန်နိုင်ငံတစ်ဝှမ်း တစ်ဦးတည်း ခြေလျှင်သွားလာနေသည့် အမျိုးသမီး
လျှို့ဝှက် ဆန်းကြယ်နှင့် ဂမ္ဘီရ ၀တ္ထုများထဲမှ ဇာတ်ကောင် များအတိုင်း အမျိုးသမီး တစ်ဦးသည်
ဝတ်ရုံ အနက်ဖြင့် တစ်ဦးတည်း အမေရိကန်နိုင်ငံ မြို့ကြီးများသို့ တစ်မြို့ဝင် တစ်မြို့ထွက် ခြေလျှင် ခရီး သွား လာနေကြောင်း သတင်းမီဒီယာများနှင့် လူမှု ကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီး အဆိုပါ အမျိုးသမီး မည်သူမည်ဝါ ဖြစ်သည်ကို လူအများ စိတ်ဝင် စားလာကြသည်ဟု Oddity Central သတင်း ဌာနက ဖော်ပြသည်။
ယင်းအမျိုးသမီး၏ ဓာတ်ပုံ အများအပြားကိုလည်း အင်တာနက်တွင် လူအများက တင်ကြပြီး ဖေ့စ်ဘုတ်ခ် လူမှု ကွန်ယက်တွင်ပင် အဆိုပါ အမျိုးသမီးအား ရည်ညွှန်းသည့် “Where is the Mysterious Woman in Black” ဟူသည့် စာမျက်နှာတစ်ခုပင် ပေါ်ထွက်လာခဲ့သည်။
ထို့အတူ အခြားလူမှုကွန်ယက်များ ဖြစ်ကြသည့် အင်စတာဂရမ်၊ တွစ်တာတို့တွင်လည်း ယင်းအမျိုးသမီး၏ ဓာတ်ပုံများနျှင့် ၎င်းမည်သူမည်ဝါ ဖြစ်နိုင်ကြောင်း ထင်မြင်ရေးသားချက်များ အသုံးပြုသူများအကြားတွင် ရေပန်း စားလာခဲ့သည်။ ၎င်းအမျိုးသမီးသည် လမ်းလျှောက်ရာတွင် မည်သူမျှနှင့် စကားသိပ်ပြောလေ့မရှိပဲ တစ်ဦး တည်းသာ လမ်းလျှောက် လေ့ရှိပြီး ယင်းအချက်ကြောင့်ပင် ၎င်းကို လူအများ ပိုမိုစိတ်ဝင်စားလာခဲ့ကြသည်။
လူအချို့ ကမူ ယင်းကို သာသနာပြုနေသူတစ်ဦးအဖြစ် ထင်မြင်ရေးသားကြပြီး အချို့ကယင်းမှာ ပင်တဂွန် စစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။ လူအချို့ကလည်း ၎င်းကို မဟူရာ နတ်မိမယ် အဖြစ် တင်စားပြောဆိုကြပြီး အမျိုးသမီးတစ်ဦးကမူ သူ၏ သမီးငယ်လေးက မဟူရာနတ်မိမယ်၏ ဦးခေါင်းတစ်ဝိုက်တွင် ရောင်စဉ်များ ထင်ဟပ်နေသည်ကို တွေ့ရှိခဲ့ရ ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ၎င်းတို့ မိသားစုမှာ အေးချမ်းမှုများနျင့် ပျော်ရွှင်မှုများ ပိုမိုများပြားလာသည် ဟုပင် ရေးသားပြောဆိုခဲ့သည်။
သို့ရာတွင် အဆိုပါအမျိုးသမီးနှင့် မောင်နှမတော်စပ်သူ ရေမွန်ပိုးလ်စ်ဆိုသူ၏ ရှင်းလင်းချက်များ ထွက်ပေါ်လာမှသာ ယင်းထင်မြင်ယူဆချက်နှင့် ရေးသားချက်များမှာ အခြေအမြစ်မရှိသည့် အရာများ ဖြစ်ကြောင်းကို သေချာစေခဲ့သည်။ စစ်ပြန်တစ်ဦးနှင့် အသက် ၅၆နှစ်ရှိပြီဖြစ်သော အဲလီးဇဘတ်ပိုးလ်စ်တွင် သားသမီးနှစ်ယောက်ရှိပြီး အယ်လဘားမား ပြည်နယ်၊ မော့သ်မြို့တွင် နေထိုင်သူဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းတွင် အဲလီးဇဘတ်တွင် စိတ်ရောဂါ စွဲကပ်လာခဲ့သည်။ ယင်းနောက်ပိုင်းတွင် မိသားစုဝင်ဖြစ်သူများက ၎င်းအား စစ်ပြန်ကြီးများဆေးရုံသို့ တက်ရောက်ကုသမှု ခံယူစေခဲ့သည်။
ယင်းဆေးရုံတွင် တက်ရောက်ကုသမှုခံယူစဉ်အတွင်း ၎င်း၏ စိတ်ကျန်းမာရေး အခြေအနေမှာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့သော်လည်း ယင်းမှာ ကြာရှည်ခံခဲ့ခြင်းမရှိပေ။ နောက်ပိုင်းတွင် ၎င်း၏ အခြေအနေမှာ ပြန်လည်ဆိုးရွားလာခဲ့ပြီး နောက်ဆုံးတွင် ၎င်းမှာ ဆေးရုံမှ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ အဲလီးဇဘတ်သည် အမေရိကတစ်ခွင် တစ်ကိုယ်တည်း လမ်းလျှောက်ခြင်း ခရီးစဉ်ကို စတင် ခဲ့သည်။
"နောက်ပိုင်း သူ့ရဲကခရီးစဉ်ကို စတင်ခဲ့တဲ့ နေရာက သူတက်ခဲ့တဲ့ ဆေးရုံကနေဆိုရင် တစ်မိုင်လောက်ပဲဝေးတယ်။ အဲဒီနေရာကို သူသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက ကျွန်တော့်အိမ်ကို ရောက်လာတယ်။ ဘ၀င်မကျတဲ့ ပုံစံနဲ့ ညည်းညူကြိမ်းမောင်းတယ်။ တစ်ညကျတော့ သူရောက် လာတယ်။ နောက်ပြီး ကျိန်စာတိုက်တဲ့ပုံစံနဲ့ ပါးစပ်က ဆက်တိုက်ဆိုသလို ရွတ်ဆိုတယ်။
တနင်္ဂနွေ တစ်နေ့မှာတော့ သူ့ဆံပင်တွေ အကုန်ရိတ်ပစ်ပြီးတော့ ဘုရားကျောင်းလည်း မသွားတော့ဘူး။ အဲဒီနောက်ပိုင်း လတော်တော်ကြာအောင် သူလုံးဝ ပျောက်သွားခဲ့တယ်" ဟု ရေမွန်က ပြောသည်။
သို့တိုင် ၎င်း၏ အစ်မဖြစ်သူသည် စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူဖြစ်ကြောင်း ရေမွန်က ထုတ်ဖော် ပြောဆိုခဲ့သည်။ "အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ကတော့ သူ့ကို အိမ်ပြန်လာစေချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ သူ့ကို ကုသစောင့်လျှောက်မှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု ယင်းက ပြောသည်။
ယခုအခါတွင် အဲလီးဇဘတ်အတွက် ရည်ညွှန်းထားသည့် ဖေ့စ်ဘုတ်အကောင့်ကို follow လုပ်ထားသူ နျစ်သောင်းနီးပါး ခန့်ရှိပြီး ၎င်းတို့က အဲလီးဇဘတ်ကို ၎င်း၏ ခရီးစဉ်တစ်လျှောက် မျက်ခြည်မပြတ် စောင့်ကြည့်ရန် ကြိုးစားနေကြသည်။
"တကယ်လို့ သင့်အနေနဲ့ အဲဒီအမျိုးသမီးကို တွေ့ရှိခဲ့လို့ရှိရင် စားစရာဖြစ်ဖြစ်၊ သောက်စရာဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့မှာလိုအပ်နေတယ်လို့ သင်ထင်တဲ့ အရာတစ်ခုခုကို လှူဒါန်းပြုစုလိုက်ပါ။ ကျေးဇူးပြုပြီးတော့ သူ့ကို နွေးထွေး စွာ ဆက်ဆံပေးကြပါ။ သူ့ကို ကူညီပေးကြပါ" ဟု အသုံးပြုသူ တစ်ဦးကလည်း ၀င်ရောက်ရေးသားခဲ့သည်။

Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook