လူ့အဖွဲ့အစည်းအတွင်းက လူမဆန်သူများ

ယဉ်ကျေးမှု အစဉ်အလာ ကြီးမား၍ ရိုးရာဓလေ့ များကို ထိန်းသိမ်းသည် ဟု နာမည် ကြီးသော မြန်မာနိုင်ငံတွင် အဓမ္မ ပြုကျင့်မှု ဖြစ်စဉ်များသည် တစ်နှစ်ထက် တစ်နှစ် မြင့်တက် နေပြီး သက်ငယ် မုဒိမ်းမှုများ သည်လည်း များပြား လာကြောင်း စိတ်မကောင်း ဖွယ်ရာ ကြားသိနေရသည်။

ဘာသာတရား ကိုင်းရှိုင်းပြီး ယာဉ်ကျေးမှု ကြီးမြတ်သော နိုင်ငံတွင် ထိုကဲ့သို့ ဖြစ်နေခြင်း သည် ကောင်းသော ဖြစ်ရပ်များ မဟုတ်သောကြောင့် လူမှု ပတ်ဝန်းကျင်တွင် ထိန်းသိမ်းဖေးမ ရန်လည်း အထူး လိုအပ်နေသည်။ ကြောက်ခမန်း လိလိ ဖြစ်လာတယ်။ ဆောင်ရွက်ချက်ကလည်း ဘာတွေဘယ်လို ဆောင်ရွက်နေတယ် ဆိုတာထက် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ ဘယ်လိုမှ တားဆီးမရတဲ့ အခြေအနေ၊ အသွင်သ္ဌာန် ဆောင်လာတယ်။ သက်ငယ် မုဒိမ်းမှုများလာတဲ့ ကိစ္စ ဒါတွေဘာကြောင့် ဒါမျိုးတွေဖြစ်တယ်ဆိုတာ ဆန်းစစ်ပြီး လုပ်ရမှာ၊ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တယ်ဆိုတာ၊ ဘယ် လို ကျူးလွန်သူများ သလဲဆိုတာ လေ့လာရမယ်။ စုံစမ်းဖော်ထုတ်ရမယ် ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က The Messenger Media သို့ ပြောသည်။

မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအ၀င် အဓမ္မပြုကျင့်သည့် ပြစ်မှုများ ပိုမိုများပြား လာသည့် အတွက် အဓမ္မပြုကျင့်မှု တိုက်ဖျက် နှိမ်နင်းရေး စီမံချက် တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်း ဒေသကြီး အလုံမဲဆန်္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ဇူလိုင် (၁၈) ရက်နေ့က တင်သွင်းခဲ့သည်။ ၎င်း အဆိုကို ပြည်သူ့ လွှတ်တော်က မှတ်တမ်းတင်ထား ရှိပြီး သက်ဆိုင်ရာဝန်ကြီး ဌာန၏ စီစဉ်ဆောင်ရွက်မှု အခြေအနေများကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကျွန်မ ဒီကိစ္စကို ဘယ်လိုမျိုး အကြောင်းကြောင်း တွေကြောင့် ဖြစ်ပေါ်လာရ သလဲပေါ့ သူများတွေ ကတော့ ပြောတယ်။ အပြာကားတွေ ကြည့်လို့ ၊ ညစ်ညမ်းခွေတွေ ကြည့်လို့၊ ဒါက တစိတ်တပိုင်းတော့ ပါပါတယ်။ ရာနှုန်းပြည့်တော့ မဟုတ်ဘူး။ အဓိက စာရိတ္တ ယိမ်းယိုင်လာ မှုပေါ့၊ ညစ်ညမ်းခွေ ကြည့်လို့ စာရိတ္တ ယိမ်းယိုင်တာတော့ မဟုတ်ဘူး။ အဖက်ဖက်ကြောင့်လည်း စာရိတ္တ ယိမ်းယိုင်လာနိုင်တယ် ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက The Messenger Media ကို ပြောသည်။

ထိုကဲ့သို့ သက်ငယ် မုဒိမ်းမှုများ၊ မုဒိမ်းမှုများကို ထိန်းချုပ်ရန်မှာ မိခင်နှင့်ကလေး စောင့် ရှောက်ရေး အသင်းများ၊ အမျိုးသမီးအဖွဲ့ အစည်းများ၊ ဥပဒေအရ တာဝန်ရှိသူများက ကျေးလက်ဒေသများ အထိ ကွင်းဆင်းကာ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးခြင်း၊ Issue ကြီးတစ်ခု အနေဖြင့် ကိုင်တွယ် လုပ်ဆောင် သင့်ကြောင်းလည်း ဒေါ်စန္ဒာမင်းက သုံးသပ်သည်။ မြန်မာနိုင်ငံတွင် အဓမ္မမှုဖြစ်စဉ်များ တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာနေပြီး မြို့ပြ ထက်၊ ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များကာ ဖြစ်စဉ်များတွင် ညအချိန်ထက် နေ့အချိန် ပိုမိုအဖြစ် များကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒုဗိုလ်ချုပ် ကျော်ဇံမြင့်က ဇူလိုင်လ (၁၈) ရက်နေ့က လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ပထမဆုံးက မိန်းကလေး၊ မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်အောင်၊ ထိန်းတက်အောင်၊ ကာကွယ်နိုင်အောင် လုပ်ဖို့လိုတယ်။ ဒါအရေးကြီးတယ်၊ အန္တရာယ်ရှိတယ် ဆိုတာကို သိရမယ်။ တစ်ယောက်ထဲ မသွားနဲ့ ဘယ်လို ဘယ်အချိန်မျိုးမှာ ဘယ်လိုနေရာမျိုးကို မသွားနဲ့ ဆိုတာ ချုပ်ချယ်တာ မဟုတ်ဘူး။ အန္တရာယ်ရှိလို့ ဆိုတာကို နားလည်အောင် လုပ်ပေးရမယ်။ အဲဒီလိုပဲ ဒါမျိုးလုပ်တဲ့ လူတွေကို သေသေချာချာ စိစစ်အရေးယူ ရမယ် ဟု အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း နာယက ဒေါ်ရီရီမြင့်က The Messenger Media ကို ပြောသည်။

မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့မှုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် မေလကုန်အထိမှာ စုစုပေါင်း (၁၁၅၂) ကျော် ဖြစ်ပွားခဲ့ ကာ ၎င်းတို့ အထဲတွင် အမှုပေါင်း (၅၀၀) ကျော်မှာ အသက် (၁၀) နှစ်အောက် ကလေးများ ဖြစ်ကြောင်းလည်း သိရသည်။ အစိုးရပိုင်းကလိုအပ်နေတာ ကတော့ အမျိုးသမီး တွေကို အကြမ်းဖက်မှု အပေါ်မှာ ထိရောက်စွာ ဟန့်တားနိုင်တဲ့ ဥပဒေ မရှိသေးဘူး။ မြန်မာနိုင်ငံ ကလွဲရင် အာဆီယံ နိုင်ငံတိုင်းမှာ အဲဒီဥပဒေတွေရှိ ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီးတော့ မုဒိမ်းကောင် တွေက လုပ်နေတာပါ။ အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်နေရပါ တယ် ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက The Messenger Media သို့ ပြောသည်။
နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသမီးများ၏ လိုအပ်ချက်ကို သေသေချာချာနား လည်နိုင်စွမ်း ရှိရန် လိုအပ်ပြီး အဆိုပါ မုဒိမ်းမှုများနှင့် ပတ်သက်၍ သုတေသနများကို စနစ်တကျ ဆောင်ရွက်ရန် အချိန် လိုအပ်နေပြီဖြစ်ကြောင်း၊ ၎င်း ကိစ္စအတွက် တာဝန်ရှိသူများ အနေဖြင့် အလေးထားရန် လိုအပ် လာနေကြောင်း ဒေါ်ညိုညိုသင်းက ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း အဓမ္မပြုကျင့်မှုပေါင်း (၆၅၄) မှုဖြစ်ပွားပြီး၊ သက်ကြီးမုဒိမ်းမှု (၃၃၆) မှု၊ သက်ငယ် မုဒိမ်းမှု (၃၁၈) မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မုဒိမ်းမှု (၇၃၄) မှု ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်အစမှ ဇူလိုင်လ (၁၄) ရက်နေ့အထိ အမှုပေါင်း (၄၀၈) မှု ဖြစ်ခဲ့ပြီး၊ သက်ကြီးမုဒိမ်းမှု (၂၂၈) မှု သက်ငယ်မုဒိမ်းမှု (၁၈၀) မှု ဖြစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် မုဒိမ်းမှုများ တစ်နှစ်ထက် တစ်နှစ်များပြားလာ သကဲ့သို့ သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွား လာခြင်း၊ ဆွေမျိုးသားချင်း၊ မောင်နှမ အချင်းချင်း၊ မုဒိမ်းကျင့်မှုများလည်း ရှိနေရာ အလွန်အရုပ်ဆိုး အကျည်းတန်ပြီး လူမှုရေးနယ်ပယ်တွင် အန္တရာယ်များသည့် အခြေအနေတွင်ရှိနေသည်။ ဒီလိုအမှုတွေက အမျိုးမျိုးပုံစံနဲ့ဖြစ်နေတယ်။ ပထွေးနဲ့ မယားပါသမီးဖြစ်တာရှိတယ်။ အသက်ငယ်ငယ်နဲ့ ဖြစ်တာလဲရှိတယ်။ အတူနေပြီး လိမ်ညာကာမ ရယူတာရှိတယ်။ ကျွန်တော် တို့က လှည့်ကင်းတွေ နဲ့ သွားတဲ့အခါ အတွဲတွေ ကို လုခေါ်သွားပြီး မုဒိမ်းကျင့်တာတွေ လည်းရှိတယ်။ ဟိုတလောက မိန်းကလေး တစ်ယောက် အဖွားနဲ့ ရန်ဖြစ်ပြီး လမ်းပေါ်မှာရောက်နေလို့ အိမ်ပြန်ပို့ပေးလိုက်ရသေးတယ်။ အဲမှာကျားတွေနဲ့ တွေ့ရင် ဒုက္ခ ရောက်ကုန်မယ် ဟု ဗိုလ်တစ်ထောင်မြို့နယ်မှူး ရဲမှူးစိန်ဝေ က The Messenger Media သို့ ပြောသည်။

မှောင်ရိပ်ခို၍ ချိန်းတွေ့သော သမီးရည်းစားအတွဲများတွင် မုဒိမ်းမှု ဖြစ်ပွားခြင်းများရှိ သကဲ့သို့ ရုံးပြန်ချိန် နောက်ကျမှုကြောင့် မှောင်ရိပ်ထဲတွင် ခေါ်ယူ မုဒိမ်းကျင့်မှုများလည်းရှိကြောင်း ရဲမှူးစိန်ဝေက ပြောသည်။ ဒီလိုမဖြစ်အောင် နှစ်ချက်နဲ့လုပ်ရမယ်။ ကျွန်တော်တို့ တွေလည်း လေ့လာနေတယ်။ တဖြည်းဖြည်းနဲ့ အဆနဲ့ ချီပြီးမြင့်တက်နေတယ်။ စာရိတ္တမြှင့်တင်ရေး၊ လူမှုဘ၀ မြှင့်တင်ရေးတွေလုပ်ရမယ် ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက The Messenger Media သို့ ပြောသည်။

မြန်မာနိုင်ငံတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရခြင်း အခြေခံ အချက်အချို့မှာ အရက်သောက် သုံးခြင်း၊ စိတ်ကြွဆေးများ သုံးစွဲခြင်း၊ ကာမအားတိုးဆေးများ သောက်သုံး ခြင်းများဖြစ်ပြီး အုပ်ချုပ်ရေး အာဏာ မဖြန့် ကျက်နိုင်သော နေရာများတွင် ပိုအဖြစ်များ ကြောင်း ဦးခိုင်မောင်ရည်က ဆိုသည်။ အဆိုပါသက်ငယ်မုဒိမ်းမှုနှင့် မုဒိမ်းမှု များသည် ပြည်ထဲရေးဝန်ကြီးဌာနသို့ ရောက် လာသော အမှုများ မျှသာဖြစ်ပြီး မိဘများက ကိုယ့်သမီးအား အရှက်ရကာ၊ နောင်ရေးအတွက်ကြည့်ပြီး အမှုမဖွင့်မှုများရှိ၍ မပေါ်ပေါက်သော အမှုများလည်း ရှိနိုင်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် အဓမ္မပြုကျင့်မှုကို တိုက်ဖျက်နှိမ်နင်းရာတွင် အရွယ်ရောက်ပြီးသူများ အဓမ္မ ပြုကျင့်ခံရခြင်း ကို တည်ဆဲဥပဒေဖြင့် အရေးယူခြင်းထက် အဓမ္မပြုကျင့်မှု အထူးအမှုအဖြင့် ပြင်းထန်စွာ အရေးယူရန် လိုအပ်သကဲ့သို့ လူမှုပတ်ဝန်းကျင် အနေဖြင့်လည်း ၀ိုင်းဝန်းထိန်းသိမ်းနိုင် ပါမှ တော်ရာ ကျမည် ဖြစ်သည်။

မုဒိမ်းမှု ပုဒ်မမှာ-၃၇၆ ဖြစ်ပြီး တစ်သက် တစ်ကျွန်းအထိထောင်ဒဏ် ချမှတ်နိုင်ကာ သက်ငယ်မုဒိမ်းဟူ၍ သီးခြားထောင်ဒဏ် ချမှတ်ခြင်း မရှိ ကြောင်းသိရသည်။ သက်ငယ်မုဒိမ်းမှုအား သေဒဏ်ချမှတ်ရန် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က လွှတ်တော်တွင် အဆိုတင်သွင်း သော်လည်း မအောင်မြင် ခဲ့ပေ။


ref;The Messenger Media
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...