နောက်ကျ ကျန်ရစ်နေခဲ့သော ခြေလှမ်းများ

ညသည် ညမဟုတ်သည့် အလား . . .။ လှုပ်ရှား တက်ကြွနေလေသည်။ သာမန်အားဖြင့် လူအများ အိပ်စက် အနားယူချိန်ပင် ဖြစ်သော်လည်း အိပ်စက်နိုင်ခြင်း ရှိဟန်မတူသည့် အရွယ်စုံ လူများကို လမ်း များပေါ်၌တွေ့ရ၏။ အများစု၏ မျက်ဝန်းများနှင့် မျက်နှာ အမူအရာများက တစ်စုံတစ်ရာကို စောင့်မျှော် လင့်နေသည်မှာ အထင်အရှား။

ဆူညံစွာ ယိမ်းထိုး လှုပ်ရှားနေကြသော လူအုပ်ကြီး ၏ နောက်ကွယ် အမှောင် တစ်နေရာတွင်မူ လူငယ်တစ် စုတိတ်ဆိတ်စွာ ညှိုးငယ်နေကြလေသည်။ အတွေးကိုယ်စီဖြင့် ငြိမ်သက်စွာပင် တစ်ဦးကိုတစ်ဦး စကား မဆိုနိုင်ကြ။

‘စိတ်မကောင်းဖြစ်မနေပါနဲ့ကွာ။ ငါတို့နောက်နှစ် ပြန်ကြိုးစားကြတာပေါ့။ အရေးအကြီးဆုံးက အခုချိန် မှာငါတို့ဘာမှမဖြစ်ဖို့ပဲ’ အနည်းငယ် စိတ်မာပုံရသော လူငယ်ထံမှ စကားသံ စတင်ထွက်လာပေါ်လာ၏။ ခေါင်းစိုက်ကာ စိတ်ပျက် အားလျော့နေပုံရသည့် အခြားလူငယ် လေးဦးထံမှ အကြည့်များက စတင်စကား ဆိုသူ လူငယ်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာ ကြလေတော့သည်။

ထိုနေ့သည် ၂၀၁၄ ခုနှစ်ဇွန် ၆ ရက်ည . . . ။ မြန်မာနိုင်ငံရှိ ဒေသအများစုမှ ကျောင်းသား၊ ကျောင်းသူ များအတွက် ဘဝတစ်ဆစ်ချိုးပြောင်းလဲချိန် သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်သည့် နေ့။ အချို့ကျောင်းသားများက ရင်ခုန်စိတ်လှုပ်ရှားစွာ၊ အချို့ကမူ မိမိ၏ကြိုးပမ်းလုပ်ဆောင်မှုနှင့် တိုက် ရိုက်အချိုး ကျသည့်ရလဒ်ကို ကြိုတင်ခန့်မှန်းသိရှိသည့်အလား စိတ်ပူပန်နေဟန်စိုးစဉ်မျှမရှိ။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ကြေညာပေးရန် သတ်မှတ်ထား သည့်ကျောင်းများ၏ အနီးဝန်းကျင်၌ အသင့်ကြိုတင်စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးထံမှ ရုတ်တ ရက်ဟစ်အော်လိုက်သံများ ထွက်ပေါ်လာသည်။ အချိန်ကျရောက်ခဲ့ပေပြီ။

စာသင်ကျောင်းများအတွင်းသို့ အလုအယက်တိုးဝှေ့ဝင်ကြသည်။ ဘဝအတွက်သက်ရောက်မှုကြီးမား သော အချိုးအကွေ့အချိန်အခိုက်အတန့်မို့ ကာယကံရှင်ကျောင်းသားများသာမက မိဘဆွေမျိုးများ၏ စိတ်ခံစားမှုမျှော်လင့်ချက် ဒီရေကအမြင့်မားဆုံးသို့ တစ်ဟုန်ထိုးရောက်ရှိနေကြပြီဖြစ်သည်။

ရာပေါင်းများစွာသော မျက်ဝန်းများက သူတို့ရှေ့တွင် နီးကပ်တည်ငြိမ်စွာ တည်ရှိနေသည့်စာရွက်များ ပေါ်တွင် ထက်၊ အောက်၊ ဝဲ၊ ယာအနှံ့ကျီးကန်းတောင်းမှောက် လှုပ်ရှားကြည့်ရှုနေကြသည်။

‘ကဲကြည့်ပြီးတဲ့လူတွေက ရှေ့ကဖယ်ဟေ့’။ စိတ်မရှည်နိုင်စွာ အောင်သူကအော်သည်။ ‘ဒီခုံနံပါတ်လေး တွေကြည့်ပေးပါဦး’။ ခုံနံပါတ်များနှင့်အတူ အမည်များတွဲလျက်ပါဝင်သည့် အသင့်ယူဆောင်လာသော စာရွက်အပိုင်းငယ်များကို ထိုးပေးရင်းမှ အကူအညီတောင်းသူက တောင်းသည်။ အခြေအနေက ရှုပ်ထွေးစွာဆူညံလျက်။

ပြိုက်ပြိုက်ကျဆင်းလျက်ရှိသည့် ချွေးသီးချွေးပေါက်များကြားမှ ဝမ်းသာအားရလက်သီးလက်မောင်း တန်းနေကြသူများရှိသလို။ ပျော်ရွှင်မှုကြောင့် ဣနြေ္ဒထိန်းရန် မေ့လျော့ကာအော်ဟစ်ခုန်ပေါက်နေကြ သည့် မိန်းကလေးများမှာလည်းမနည်းလှ။ ငါးပိသိပ်၊ ငါးချဉ်သိပ်ဟူသော ရန်ကုန်ဘတ်စ်ကားများပေါ်မှ အနေအထားထက်များစွာသာလွန်နေသည့် အခြေအနေအတွက် ညည်းညူရန် သတိမရနိုင်ကြ။

သို့သော်ဆူညံစွာ ယိမ်းထိုးလှုပ်ရှားနေကြသော လူအုပ်ကြီး၏အခြားတစ်ဖက်၌ ညှိုးငယ်အားလျော့ဟန် ဖြင့် တိတ်ဆိတ်နေကြသူများဖြင့် မြင်ကွင်းကခံစားမှုရသများစွာ ရောထွေးလျက်ရှိလေ၏။

၂၀၁၄ ခုနှစ်၏ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၃၀ ရာခိုင်နှုန်းဝန်း ကျင်သာရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးလျှောက်ထားသူ စုစုပေါင်း ၅၈၈၆၁၂ ဦးရှိခဲ့ သည့်အနက် ငါးသိန်းနီးပါးဝင်ရောက်ဖြေဆိုခဲ့ကာ တစ်သိန်းကျော်မျှသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသားများကအောင်မြင်ခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့်အောင်မြင်မှုရာခိုင်နှုန်း ၃၄ ဒသမ ၃၃ ရှိခဲ့သော ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက အောင်ချက်ရာ ခိုင်နှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း အဆိုပါစာစစ်ဌာန တာဝန်ရှိသူကပင် သုံးသပ်ပြောဆိုခဲ့သည်။ မည်သို့ပင်ဆိုစေ တစ်သိန်းကျော်မျှသော ကျောင်းသား၊ ကျောင်းသူတို့မှာ အကြမ်းဖျင်းအားဖြင့် လေးသိန်းဝန်းကျင်ခန့်ရှိသော ကျောင်းသားတို့၏ ရှေ့သို့ခြေတစ်လှမ်းပို၍ လှမ်းလျှောက်အရောက် သွားနိုင်ခဲ့ကြပြီဖြစ်သည်။

ငယ်စဉ်ကဆရာတစ်ဦး၏ လမ်းညွှန်ဆုံးမစကားကို ပြန်လည်ကြားယောင်လာမိသည်။

‘တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျကြတယ်။ ရုတ်တရက်စဉ်းစားလိုက်ရင် ကိုယ့်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အများကြီးပဲပေါ့ကွာ။ ဒါပေမဲ့တကယ်တမ်းတွေးသင့်တာက ကိုယ်နဲ့အတူတူ လျှောက်လှမ်း လာကြသူချင်းအတူတူ ကိုယ့်ထက်ပိုပြီးတော့ ရှေ့ကိုတစ်လှမ်းကြိုရောက်သွားတဲ့လူတွေက အများကြီး ဖြစ်သွားပြီ’ ဟုပြောဆိုဆုံးမခဲ့ခြင်း ဖြစ်သည်။

ဆရာ့စကားမဆုံးသေး။ နောက်ကျကျန်ရစ်ခဲ့သော ခြေလှမ်းပိုင်ရှင်တို့မှာ ရှေ့မှကျော်တက်သွားသူတို့ ကိုအမီလိုက်နိုင်ရန်အတွက် နှစ်ဆပိုကြိုးစားရတော့မည်ဖြစ်သည့်အတွက် စိတ်ဓာတ်ကျနေ၍လည်း မဖြစ်ကြောင်းထိုစဉ်က စာမေးပွဲဖြေဆိုရခြင်းမရှိသေးသည့် တပည့်များကို အမြော်အမြင်ရှိစွာဖြင့် လမ်း ပြစကားဆိုခဲ့သည်။

ယခုလည်း လေးသိန်းခန့်သောကျောင်းသားတို့မှာ အမျိုးမျိုးသောအကြောင်းပြချက်များဖြင့် နောက်ကျ ကျန်ရစ်နေခဲ့ပြီဖြစ်သည်။ ဘဝတွင်အနည်းဆုံးတစ်ကြိမ်တော့ လဲကျခဲ့ဖူးကြပြီဖြစ်သည်။ ထို့အတွက် စိတ်ပျက်အားလျော့စွာဖြင့် ချော်လဲရောထိုင်နေ၍မဖြစ်။ လဲကျလျှင်ပြန်ထနိုင်ရမည်မှာ လောကနိယာ မ။ သို့မဟုတ်ပါက ပို၍ကြီးမားနောက်ကျကျန်ရစ်မှု အရှုံးများဖြင့်သာ ရင်ဆိုင်ကြရမည်ဖြစ်သည်။

၁၀ တန်းဟုခေါ်ကြသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုသည်မှာ ဘဝအတွက်အပြောင်းအလဲတစ်ခု၊ အချိုးအကွေ့တစ်ခုအဖြစ် အားလုံးကအသိအမှတ်ပြု နားလည်လက်ခံထားကြသည်။

ထို့ကြောင့်ပင်လျှင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် သားသမီးများအတွက်ဆိုလျှင် မိဘများကတတ်နိုင် သမျှ အကောင်းဆုံးသော ဖြည့်ဆည်းမှုများဖြင့် အားပေးထောက်ခံဖြည့်ဆည်းပေးကြသည်။

မိသားစု၏ ရပ်တည်မှုအနေအထားအလိုက် ဖြည့်ဆည်းပေးနိုင်မှုများ ကွာခြားနိုင်သော်လည်း အ ကောင်း ဆုံးလုပ်ဆောင်ပေးလိုသည့် စိတ်စေတနာများမူ ထပ်တူသာရှိနေကြပါလိမ့်မည်။ ‘ကျုပ်သားက ဒီနှစ် ၁၀ တန်းဖြေမှာလေ’ ဟုဂုဏ်ယူဝံ့ကြွားစွာပြောဆိုတတ်ကြသည်မှာ မိဘတို့၏သဘာဝ။ ထိုသို့ တတ်နိုင်သမျှ အကောင်းဆုံးဖြည့်ဆည်းပေးတတ်ကြသည့်နည်းတူ အကောင်းဆုံးရလဒ်ကိုလည်း မျှော်လင့်မိကြသည်။ ချို့တဲ့စွာ၊ နွမ်းပါးစွာဖြင့် ကျောင်းထားသည်ဆိုရုံမျှသာ ထားနိုင်သောမိဘများအ တွက်တော့ တက္ကသိုလ် ဝင်တန်းကို ရိုးရိုးသာမန်မျှသာ အောင်မြင်ခဲ့သော သား သို့မဟုတ် သမီးသည် မဟာစွမ်းဆောင်ရှင်ကြီး အဖြစ် ဂုဏ်ယူ၍မဆုံး တပြံးပြုံး။

တတ်နိုင်သမျှဆိုရုံမက လိုအပ်သည်ထက်များပြားစွာ ပိုမိုထောက်ပံ့ဖြည့်ဆည်းပေးခဲ့ရသည့် မိဘများ ကမူ ဘာသာစုံဂုဏ်ထူးအစရှိသဖြင့် မျှော်မှန်းကြသည်။ မိမိသားသမီးကို လောကအလယ်တင့်တယ် စေလိုသော စိတ်ဆန္ဒစေတနာ အားကြီးစွာဖြင့်အောင်မြင်မှုအတွက် ဂုဏ်ယူလိုကြသည်။ စာမေးပွဲဖြေ မည့် သားသမီးစိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ အပြစ်စကားပင် မဆိုဝံ့။ အရာရာအကောင်းမြင်စိတ် ဖြင့်နားလည်ခွင့်လွှတ်သည်းခံပေးကြသည်။ ‘အေး ဒါဆိုလည်းပြီးရော စာမေးပွဲမအောင်ရင်တော့ အသိပဲနော်’ ဟု အပြုံးမျက်နှာချိုသာသော နှုတ်ထွက်စကားတို့ဖြင့် အပြစ်တို့ကို ကျေအေးလေ့ရှိကြ သည်။ အလိမ်အညာမှန်းသိလျက်ဖြင့်ပင် အပြစ်အတွက်ဆင်ခြင်စကားတို့ကို ကျေနပ်စွာလက်ခံတတ် ကြ၏။

ယင်းသို့မျှော်လင့်ချက်များကြားမှ သားသမီးတို့၏ ထင်မှတ်မထားသော ကျရှုံးမှုဖြင့်ရင်ဆိုင်ကြုံတွေ့ရ သောအခါတွင် ဒေါသစိတ်တို့ပေါက်ကွဲပွင့်အန်လာလေတော့၏။ စေတနာ၊ ကရုဏာစိတ်တို့ကို အရင်း ခံဖြစ်တည်လာသော မိခင်၊ ဖခင်တို့၏ဒေါသစကားများနှင့် ကာယကံရှင်၏ကြေကွဲဝမ်းနည်းမှုတို့ ပေါင်းစပ်မိကြသောအခါတွင် မဖြစ်သင့်သည့် စိတ်ထွက်ပေါက်ရှာမှုများ ဖြစ်ပေါ်လာရတော့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးမှုကိုအကြောင်းပြု၍ ကျောင်းသား လူငယ် အချို့ မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ဖြစ်ပွားခဲ့ရသည်။ ကြေကွဲဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ အချို့က စာမေးပွဲကျသည့် သတင်းစကားကို သယ်ဆောင်ကာအိမ်ပြန်ရမည်ကို ကြောက်ရွံ့သည်စိတ်ဖြင့် အရွယ်မတိုင်မီ အိမ်ထောင်မှုနွံအတွင်းသက်ဆင်းကြရသည်။ ကျောင်းသားမိဘများအနေဖြင့် သား သမီးများအပေါ်တွင် မျှော်လင့်ချက်ကြီးမားသည်မှန်သော်လည်း နည်းလမ်းတကျလမ်းညွှန်ဆုံးမမှုများ ဖြင့်သာ သွန်သင်လမ်းပြသင့်ပေသည်။

‘ကိုယ်ကတော့ မျှော်လင့်တာပေါ့။ ဒါပေမဲ့သူတို့မကြိုးစားလို့ မအောင်တော့လည်း ဘယ်တတ်နိုင်မလဲ။ ကိုယ့်မှာက ပေးစရာဆိုလို့ပညာအမွေပဲရှိတယ်။ တတ်နိုင်သလောက်ပံ့ပိုးပေးနေပေမယ့် အခုထိသား နှစ်ယောက်စလုံး မအောင်ကြဘူး။ ခံစားရပေမယ့်လည်း မပြောချင်တော့ဘူး။ သူတို့ထိုက်နဲ့သူတို့ကံ ပေါ့’ ဟုနှစ်ကျနှင့် နှစ်တက်ကျောင်းသားညီအစ်ကိုနှစ်ဦးတို့၏ ဖခင်ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ပညာရေးမြှင့်တင်မှု လုပ်ဆောင်ခဲ့သည်ဟုဆိုကာ လွန်ခဲ့သော ဆယ်စုနှစ်တစ်စုကျော်ခန့်အတွင်း မြန်မာ့ပညာရေးစနစ်တွင် မော်ဒရေးရှင်း (အောင်မှတ်ဖြည့်တင်းပေးသည့်စနစ်) ကိုအသက်သွင်းခဲ့ သည်။ ရလဒ်မှာပညာရေးစနစ် နိမ့်ကျလာသည်ဟူသော ဝေဖန်မှုများပင်ဖြစ်သည်။ အမှန်တကယ်တွင် လည်း ပညာရေးစနစ်နိမ့်ကျခဲ့ရသည်။

လက်ရှိကာလတွင်မူ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတော်မှတစ်နှစ်ထက်တစ်နှစ် တိုးမြှင့် လုပ်ဆောင်လာလျက်ရှိရာ ကျောင်းသားများအနေဖြင့်လည်း ယခင်ထက်ပိုမိုကြိုးစား အားထုတ်ကြရန် လိုအပ်မည်ဖြစ်သည်။

‘ဒီနှစ်က မော်ဒရေးရှင်းမထိုင်ဘူး။ အရည်အသွေးပြည့်ဝတဲ့ တက္ကသိုလ်ဝင်တန်းအောင်ချက်ပဲ ဖြစ် တယ်။ ဒီနှစ်ကစပြီးတော့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ကို စတင်တာဖြစ်တဲ့အတွက် ပိုပြီး တော့ကောင်းလာတယ်’ ဟု အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံ) ဦးညွှန့်ရွှေက ဇွန် ၇ ရက်တွင်ထုတ်ဖော်ပြောကြားခဲ့သည်။

ပညာရေးကို လိုလားစွာသင်ယူလိုကြသော် ပြည်တွင်းပဋိပက္ခများ၊ စစ်ဘေးဒုက္ခများနှင့် အခြားသော အကြောင်းအမျိုးမျိုးတို့ကြောင့် ပညာသင်ကြားခွင့်မရသည့် ကလေးငယ်များ၊ ပညာရေးခရီးလမ်းဆုံး အထိတိုင် မလျှောက်လှမ်းနိုင်သည့် ကလေးငယ်များ အများအပြားကို မြန်မာနိုင်ငံဒေသအသီးသီး၌ ထင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်သည်။

ယင်းသို့ပညာသင်ခွင့်မရသည့် ကလေးငယ်များအတွက်အထောက်အကူပြုရန် ရည်ရွယ်ကာအဖွဲ့ အစည်း အသီးသီးကပညာရေးသင်ကြားနိုင်ရေုးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးကြသည်။ ဆရာ တော်၊ သံဃာတော်များကလည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အခက်အခဲများစွာအ ကြားမှ ဖွင့်လှစ်သင်ကြားပေးနေကြသည်။ ကလေးများကြိုးစားပမ်းစား ပညာသင်ယူနေကြသည်ကို လည်းလေ့လာတွေ့ရှိရသည်။

အချို့မိမိကျောင်းစရိတ်ကို ကိုယ်တိုင်ရှာဖွေကာ ပညာသင်ကြသည်။ အချို့မှာမူ မိသားစုစားဝတ်နေ ရေးအတွက်ပင် ကူညီလုပ်ကိုင်နေကြရသေးသည်။

သို့ဆိုလျှင်မိဘတို့၏ အရိပ်ကိုခိုလှုံ၍ အေးငြိမ်းသက်သာစွာ ပညာသင်ယူနေရသည့် ကျောင်းသားလူ ငယ်များမှာလည်း မိမိတို့ရရှိလာသည့် အခွင့်အရေးကို အမိအရ ပိုင်နိုင်စွာအသုံးချသင့်ကြသည်။ မိဘတို့၏ ချွေးစက်များကို မျက်ကွယ်ပြုကာ စိတ်သောကများဖြစ်ပေါ်စေရန် မသင့်ပေ။

ပညာသင်နှစ်တစ်နှစ် ပြီးဆုံးခဲ့ပြီ။ ဘဝ၏အရေးကြီးသော အချိုးအကွေ့အပြောင်းအလဲတစ်ခုကို ရင် ဆိုင်ကျော်ဖြတ်ခဲ့ကြပြီးပြီ။ ကျရှုံးခဲ့သူမှာ အများအပြား။ ရှေ့သို့ခြေတစ်လှမ်းကျော်တက်သွားကြသူများ မှာလည်းအများအပြား။ ကိစ္စမရှိ။ လဲကျရာမှပြန်ထနိုင်ရန်ကသာ ပို၍အရေးကြီးသည်။ ကျရှုံးခဲ့ရသည့် အကြောင်းရင်းကို သိဖို့ကပို၍ အရေးကြီးသည်။

အမှားကိုအမှန်ပြင်နိုင်ဖို့ကသာ ပို၍၊ ပို၍အရေးကြီးလှပါသည်။ မှားမှန်းသိလျက်ဖြင့်ပင် အားယူကာ အနာခံ၍ အသစ်တစ်ဖန်ပြန်စရန် ကြိုးပမ်းမှုမလုပ်ခဲ့ပါက ချော်လဲရောထိုင်ကာ ရှေ့ဆက်မှားယွင်းနေဦး မည်ဆိုပါမူ အဓိကနစ်နာခံစားရမည့်သူမှာ မိမိကိုယ်တိုင်သာလျှင်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရ ပါသည်။ 


စံတော်ချိန်သတင်းစာ 
ဇွန် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...