ကလေးတွေ ပညာရဖို့

financialplanningpeak.blogspot.com
Written by: လူသန့်

စားပွဲထိုး ချာတိတ်လေးက ကျွန်တော်မှာထားတဲ့ လက်ဖက်ရည်နဲ့ ရေနွေးဓာတ်ဘူးတွေကို လာချ ပေးတဲ့ အချိန်မှာ ကျွန်တော် သိချင်စိတ် တစ်ခုနဲ့ မေးလိုက် မိပါတယ်။

“သား . . . မင်းအသက် ဘယ်လောက်ရှိပြီလဲကွ”

“၁၀ နှစ်ပါဦး”

“ဘယ်နယ်ကလဲကွ”

စားပွဲထိုးချာတိတ်က အညာဒေသတစ်ခုရဲ့ ရွာနာမည်ကို ပြောပြပါတယ်။

“ဘယ်နှတန်းအထိ ကျောင်းတက်ခဲ့သလဲကွ”

“သုံးတန်းအထိ ကျောင်းတက်ခဲ့ပါတယ် ဦး။ သုံးတန်းစာမေးပွဲဖြေပြီးတော့ အဆင်မပြေလို့ ရန်ကုန်လာပြီး အလုပ်လုပ်တာပါ”

စားပွဲထိုးချာတိတ်က ကျွန်တော်မေးတာတွေဖြေပြီးတော့ အခြားစားပွဲတစ်ခုက လှမ်းခေါ်တာနဲ့ ထွက်သွား ပါတယ်။ ဆိုင်ထဲမှာတော့ အရွယ်တူ စားပွဲထိုးလေးတွေဟာ အပြိုင်အဆိုင် အော်ဟစ်လုပ်ကိုင်နေ ကြ လို့ပေါ့။

ကျွန်တော်ကတော့ ရင်လေးစရာအတွေးတွေ အများကြီးနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ရန်ကုန်က ဘီယာဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးချာတိတ်လေးတွေကို မြင်မိတိုင်း ကျွန်တော် စိတ်မကောင်းဖြစ်မိ တယ်။ မူလတန်းသာသာ အရွယ်လေးတွေဟာ စာသင်ခန်းထဲက သင်ခန်းစာတွေကို အော်ကျက်မနေနိုင် ဘဲ အစားအစာနာမည်တွေကို အလွတ်ရွတ်ဆိုနေကြရတယ်။

ကောင်လေးတွေ အရမ်းကို ငယ်ကြပါသေးတယ်။ တချို့ကလေးတွေ စာသင်ခန်းထဲမှာ စာအံနေကြတဲ့ အချိန်၊ လွတ်လပ်စွာ ပျော်ပါးဆော့ကစား နေကြတဲ့အချိန်တွေမှာ သူတို့ကလေးတွေက ကလေးတွေနဲ့ ဘာမှမဆိုင်တဲ့ လုပ်ငန်းခွင်တွေထဲမှာ အမှန်တကယ် မပျော်နိုင်ဘဲနဲ့ ပျော်အောင်နေကြရတယ်။ စားပွဲထိုး ချာတိတ်လေးတွေကို ကျွန်တော်မကြာခဏ မေးမေးကြည့်ဖူးပါတယ်။

“မင်းတို့ စာမသင်ချင်ကြဘူးလားကွ”

“သင်ချင်တာပေါ့ဦးရာ။ ဒါပေမဲ့ အဖေတို့၊ အမေတို့ကမှ အဆင်မပြေကြတာ”

ဆိုင်တွေမှာ ကလေးစားပွဲထိုးလေးတွေကို မမြင်ချင်တော့ပါဘူး။ သူတို့ရဲ့ မိသားစုအခြေအနေအရ မဖြစ်မနေ အလုပ်လုပ်နေကြရမယ်ဆိုရင်လည်း သူတို့တွေ ပညာသင်ကြားနိုင်ဖို့ ပညာကို အမှန်တကယ် လိုလားသူတွေက လုပ်ပေးစေချင်မိပါတယ် . . . . .
ကလေးတွေဟာ စာသင်ချင်စိတ်ရှိပေမယ့် မိသားစုဘ၀တွေက အခြေအနေ မှေးမှိန်နေကြတဲ့အခါ စာသင်ကျောင်းတွေနဲ့ ဝေးနေကြရတာပါပဲ။ မိဘတွေကတော့ ကိုယ့်သားသမီးကို ပညာတတ်ကြီး တစ်ယောက် ဖြစ်စေချင်ကြမှာ အမှန်ပါ။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်မိသားစု အခြေအနေကို ကိုယ်သာ အသိဆုံး မဟုတ်လား။

စားပွဲထိုးလေးတွေ တော်တော်များများဟာ အညာဒေသနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက လူငယ် တွေပဲ များကြပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးမြူရင်း နေထိုင်ကြတဲ့ အဲဒီဒေသခံတွေဟာ အဆင်မပြေမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတယ် ဆိုတာကို ရန်ကုန်စားသောက်ဆိုင်တွေက စားပွဲထိုး လူငယ်လေးတွေကိုကြည့်ရင် သိနိုင်ပါတယ်။

ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်နိုင်ဖို့ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးတဲ့အချိန်မှာ မိသားစုစားဝတ်နေရေးက ပိုပြီးအရေးကြီးနေခဲ့တော့ ကလေးတွေအတွက် ပညာရေးနဲ့ ပိုပြီးဝေးကွာနေ ခဲ့ပါတယ်။ စားသောက်ဆိုင်တွေမှာ စားပွဲထိုး ၀င်ရောက်လုပ်ကိုင်ကြပြီး မိသားစုပြဿနာကို တစ်ဖက် တစ်လမ်းကနေ ၀ိုင်းဝန်းဖြေရှင်းကြတဲ့ ကလေးတွေဟာ အထင်ကြီးလေးစားစရာလည်း ကောင်းနေပြန် ပါတယ်။

တကယ့်တကယ် အဲဒီကလေးတွေရဲ့ လခကလည်း နည်းနည်းလေးမှ တကယ့်နည်းနည်းလေးပါ။ တစ်လ ကို စားပြီးသောက်ပြီး နှစ်သောင်း၊ နှစ်သောင်းခွဲထက် ပိုမရကြပါဘူး။ ဒါပေမဲ့ အဲဒီငွေလေး အနည်းငယ် ကပဲ သူတို့မိသားစုရဲ့ အသုံးစရိတ်တွေကို အများကြီး အထောက်အပံ့ ပေးနေပြန်ပါတယ်။

အညာဒေသနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေကို ရောက်ခဲ့တုန်းက နယ်ခံတော်တော်များများရဲ့ ဒုက္ခကို တွေ့ခဲ့ဖူးပါတယ်။ အညာဒေသရဲ့ မိုးခေါင်မှုတွေကြောင့် စိုက်ပျိုးရေး အဆင်မပြေတာတွေ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စပါးတွေရေမြုပ်တဲ့ ကိစ္စကြောင့် လူတွေဟာ အမှန်တကယ်ကို စီးပွားရေး ကျပ်တည်းနေကြပါတယ်။ တချို့နေရာတွေမှာ လယ်မြေအသိမ်းခံကြရတဲ့ ကိစ္စတွေကြောင့် စိတ်ဓာတ်ကျဆင်းနေကြတဲ့ နယ်ခံတွေကိုလည်း မြင်တွေ့ခဲ့ရဖူးပါတယ်။

နယ်ဒေသတွေမှာ မြို့ပေါ်ကလူတွေထက် တောရွာတွေမှာနေတဲ့ လူတွေရဲ့ဒုက္ခတွေက ပိုပြီးများပြား ပါတယ်။ အဆင်မပြေမှု ဒုက္ခတွေက ပိုပြီးများပြားပါတယ်။ အဆင်မပြေမှု ဒုက္ခတွေရဲ့ ရိုက်ခတ်မှုတွေဟာ ကလေးတွေကို စာသင်ကျောင်းရဲ့ ပြင်ပရောက်စေပြီး ဘာမှမဆိုင်တဲ့ လုပ်ငန်းခွင်ထဲကို ရောက်သွားစေ ပါတယ်။

ကျေးလက်ဒေသတွေ ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့အတွက် ခေတ်မီစက်ကိရိယာတွေ သွားရောက် တပ်ဆင် ပေးနေမယ့်အစား သူတို့တွေ မျက်စိပွင့်၊ နားပွင့်၊ အသိဉာဏ်တွေ ဖွံ့ဖြိုးဖို့အတွက် စာသင်ကြားကြရမယ့် ကလေးတွေအားလုံးကို စာသင်ပေးကြဖို့ လိုကိုလိုအပ်ပါတယ်။

ဒီအချိန်၊ ဒီအရွယ်မှာ ကလေးတွေကို စာသင်ပေးမှ မကြာခင် အရွယ်ရောက်လာကြမယ့် ကလေးတွေက ခေတ်ကို ဦးဆောင်နိုင်ကြမှာပါ။ ခေတ်တစ်ခေတ်ကို လူကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ လူငယ်တွေက ဦးဆောင်ကြရမှာ မဟုတ်လား။

အခုနောက်ပိုင်း နယ်ဒေသတွေမှာ ဆရာ/ဆရာမတွေ ထပ်တိုးပြီး ခန့်တဲ့သတင်းတွေကြားတော့ ၀မ်းသာ မိတာအမှန်ပဲ။ အဲဒီထက် စာသင်ခန်းအပြင်ဘက် ကလေးတွေကို စာသင်ခန်းထဲ ဆွဲခေါ်နိုင်ကြမယ်ဆိုရင် အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ ပိုလို့ပိုလို့ ၀မ်းသာပျော်ရွှင်မိမှာပါပဲ။

ဒါပေမဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကလေးတွေ စာသင်ခန်းထဲ ရောက်မလာနိုင်ကြမှာကို တွေးပြီး ရင်လေးနေမိပါတယ်။ ဖြစ်နိုင်ရင် လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာ ကလေးစားပွဲထိုး လေးတွေ ကို မမြင်ချင်တော့ပါဘူး။ သူတို့ရဲ့ မိသားစုအခြေအနေအရ မဖြစ်မနေ အလုပ်လုပ်နေကြရမယ် ဆိုရင် လည်း သူတို့တွေ ပညာသင်ကြားနိုင်ဖို့ ပညာကို အမှန်တကယ် လိုလားသူတွေက လုပ်ပေးစေချင်မိပါ တယ်။

ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်နဲ့ နှစ်ပေါင်းများစွာကြာနေတဲ့ ကျွန်တော်တို့နိုင်ငံကို ပညာတတ်လူငယ်လေးတွေရဲ့ ဦးဆောင်မှုနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားကြရမှာပါ။

မိသားစု စားဝတ်နေရေး အခက်အခဲ အမျိုးမျိုးကြောင့် လုပ်ငန်းခွင်တွေထဲကို အရွယ်မတိုင်ခင် ရောက် သွားကြတဲ့ ကလေးငယ်တွေဟာ စာသင်ခန်းထဲက ကလေးငယ်တွေကို ငေးမောအားကျရင်း ပညာကို ငတ်မွတ်တောင့်တနေကြတယ်ဆိုတာ တကယ့်အမှန်တရားပါပဲ။

ကျွန်တော်ကတော့ အဲဒီကလေးတွေကိုမြင်တိုင်း ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းတစ်ပုဒ်ကိုပဲ ညည်းညူနေ မိတယ်။

“မပျော်ခဲ့ရ ကလေးဘ၀မှာ × × × စာအံသံတည်ညံ ကျောင်းတော် × × × မျှော်ကြည့်ကာ အဝေးက ငေးရုံပဲ × × ×” 


Eleven Daily News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...