မြန်မာ သနပ်ခါးလား၊ ဂျပန် သနပ်ခါးလား

“ဟေမဝန်မြကြော၊ နံ့သာတောရင့်မှုန်၊ လှလိုက် တာ ပင်နပ်ခါး၊ ရှင်နတ်များ စိုက်ထားသည့်ပုံ၊ အရိုးက ကတိုးထုံသည်၊ အခိုးစုံ ပင်စည်လျှောက် ပါလို့၊ အခေါက် ကလေးတစ်ရာ၊ မွှေးတဲ့နံ့သာ” ဟု ရေးဖွဲ့ခဲ့သော ရှေးခေတ်စာဆိုတော် ဦးကြော့တို့ လက်ထက်မှသည် “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာ ကောင်းလိုက်တာကွာ” ဟု ယခုခေတ်တိုင် မြန်မာတို့က သနပ်ခါးကို စာနုစာယဉ်ဖွဲ့ သီကာဆို ညည်းလို့ ကောင်းနေစဉ်မှာပင် သနပ်ခါးနှင့် ပတ်သက်၍ ကဗျာမစပ်၊ စာမသီဖူးသော ချယ်ရီပန်းတောမှ ဂျပန်တို့က သနပ်ခါးကို ရိုးရာအလှကုန်အဖြစ် သတ်မှတ်ပေးရန် ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော နိုင်ငံတကာ မူပိုင်ခွင့်ဖိုရမ်တွင် မူပိုင်ခွင့် တင်လိုက်သည်။

ခေတ်အဆက်ဆက် စာနုစာယဉ် ဖွဲ့သီခဲ့ရသော သနပ်ခါးမှာ မြန်မာ့ယဉ်ကျေးမှု အမှတ်အသား တစ်ခုပင် ဖြစ်လာသည်။ ယဉ်ကျေးမှု အမှတ်အသားတို့မှာ ယခင်က ကဗျာဖွဲ့၊ စာသီစရာမျှသာ ဖြစ်သော်လည်း ယခုခေတ်တွင်မူ ယဉ်ကျေးမှု စီးပွားရေး ဖြစ်လာသည်။ အထင်ရှားဆုံး သာဓကမှာ သနပ်ခါး ပါးကွက် ကြား လိမ်းထားသော မြန်မာမလေး၊ မြန်မာကလေးငယ်များ၏ ဓာတ်ပုံတို့မှာ မြန်မာနိုင်ငံသို့ နိုင်ငံခြား သားများ အလည်အပတ်လာရန် ဆွဲဆောင်နိုင်သော စီးပွားရေး ကြော်ငြာအဖြစ် အသုံးဝင်လာသည်။

သို့ဖြင့် ယဉ်ကျေးမှု အမှတ်အသားတို့ကို လုယူလာကြသည်။ ပဒေါင်လူမျိုးများကို ပြပွဲရုံသဖွယ်ပြသပြီး နိုင်ငံခြားသားများထံမှ ငွေရှာနေသော ထိုင်းလူမျိုးတို့က မြန်မာနိုင်ငံ ကယားပြည်နယ်မှ ပဒေါင်လူမျိုးတို့ကို သူတို့လူမျိုးစု တစ်ခုအဖြစ် ကမ္ဘာသိ ပြောင်ပြောင်တင်းတင်း ကြော်ငြာလျက် လုယူသွားသည်။ ယခုလည်း ဂျပန်တို့က မြန်မာ့ သနပ်ခါးကို သနပ်ခါး ပေါင်ဒါအဖြစ် ပြုလုပ်ကာ ဂျပန်ရိုးရာ အလှကုန်အဖြစ် မူပိုင်ခွင့် တင်ပြီး လုယူဖို့ ကြိုးစားလျက် ရှိသည်။ ယဉ်ကျေးမှု အမှတ်အသားတို့ကို ပြန်ဆယ်ယူနိုင်ရန် မြန်မာတို့ ဘာလုပ်သင့်သနည်း။

“ဈေးကွက် စီးပွားရေးစနစ်အရ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ အခါကျတော့ မူပိုင်ခွင့်က အရေးကြီးသွားပြီ။ ဂျပန်မှာ မူပိုင်ခွင့်တင်လိုက်တော့ သနပ်ခါးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ဂျပန်နိုင်ငံကို ပို့မယ်ဆိုရင် သနပ်ခါး ဆိုတဲ့ နာမည်ပါရင် ပြဿနာ ရှိလာမယ်။ သနပ်ခါးဆိုတာ မြန်မာနိုင်ငံမူပိုင် ဆိုတာကို နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုခုက အင်တာနေရှင်နယ်မှာ တင်ထားသင့်တယ်လို့ ထင်တယ်” ဟု မန္တလေးအခြေစိုက် အလှကုန် ထုတ်လုပ်ဖြန့်ချိနိုင်ရန် ကြိုးစားနေသူ တစ်ဦးဖြစ်သည့် ဒေါ်မေသူသန်းရှိန်က အကြံပြုသည်။

ယဉ်ကျေးမှု အမှတ်အသားတစ်ခုကို ပြန်ဆယ် ယူနိုင်ရန်အတွက် မူပိုင်ခွင့် တင်ရုံမျှဖြင့်လည်း မလုံလောက် ပါ။ နောက်ထပ်လုပ်ရဦးမည့် လုပ်ငန်းတစ်ခုမှာ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ပြောင်းလဲနိုင်ရေး ဖြစ်သည်။ ယင်းသို့ မလုပ်နိုင်သဖြင့် မြန်မာနိုင်ငံမှ မွေးဖွား ပေးလိုက်သော်လည်း တရုတ်နိုင်ငံသား၊ ဂျပန်နိုင်ငံသား ခံယူသွားရရှာသော ကုန်ကြမ်းများ ရှိခဲ့ဖူးပါသည်။ အရည်အသွေး ကောင်းသော မြန်မာပြည်ဖွား ကျောက်စိမ်း တို့မှာ တရုတ်ပြည်ဖွားအဖြစ် နာမည်ပြောင်းခံရသည်။ ထို့အတူပင် ဆိုရှယ်လစ်အစိုးရ လက်ထက်တွင် မြန်မာပြည်ဖွား နွားများကို ထိုင်းနိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံသို့ တင်ပို့ခံရပြီး အရည် အသွေးမြင့် ဂျပန်ပြည်ဖွား အမဲသား ထုပ်များအဖြစ် နာမည်ခံရဖူးသည်။ သို့ဖြစ်ရာ မြန်မာပြည်ဖွား စစ်စစ်တို့ကို မိတ်အင်မြန်မာ (Made in Myanmar) ဟူသော မြန်မာနာမည် ခံယူနိုင်ရန်အတွက် ကုန်ကြမ်းများကို ကုန်ချော ပြောင်းတတ်ရမည် ဖြစ်သည်။ မြန်မာ့သနပ်ခါးကိုလည်း ထိုနည်းတူစွာပင် ကုန်ချောပြောင်းရမည်။ မည်သို့ မည်ပုံ ပြောင်းမည်နည်း။

“သနပ်ခါးနဲ့ ပတ်သက်ပြီး မျိုးစုံထုတ်လို့ရတယ်။ Raw (အကြမ်း) အနေနဲ့ မထုတ်ဘဲ ပေါင်ဒါလည်း ထုတ်လို့ရတယ်။ Cream အနေနဲ့ ထုတ်လို့ရတယ်။ မျက်နှာ ပေါင်းတင်တာအနေနဲ့ ထုတ်လို့ရတယ်။ ရေမွှေးအနေနဲ့ ထုတ်လို့ရတယ်။ အစ်မတို့ ဒီဘက်မှာ လုပ်နိုင်ရင်တော့ အရမ်းကို အောင်မြင်နိုင်တဲ့ နည်းပေါ့” ဟု ဒေါ်မေသူသန်းရှိန်က ဆိုသည်။

ယင်းသို့ ထုတ်လုပ်နေသော လုပ်ငန်းရှင်တချို့တော့ ရှိပါသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးအခြေပြု အလှကုန် ထုတ်လုပ်သော လုပ်ငန်းများအနက် ရွှေပြည်နန်း သနပ်ခါး၊ ဒေါ်သီသနပ်ခါးနှင့် တောင်ကြီး မောက်မယ် သနပ်ခါးလုပ်ငန်းတို့မှာ အကြီးဆုံး လုပ်ငန်းများ ဖြစ်ပါသည်။ ရွှေပြည်နန်း အမှတ်တံဆိပ် အလှကုန်တို့ကို ပြည်ပအထိပင် တင်ပို့ ရောင်းချရသည်များ ရှိသည်။ မလေးရှား နိုင်ငံတွင်မူ ရွှေပြည်နန်း စံပယ်သနပ်ခါး တစ်ဘူးမှာ နှစ်ဒေါ်လာ နီးပါးအထိ ရသည်။

သနပ်ခါးအခြေခံ အလှကုန်တို့ကို မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့နိုင်မှုနှင့် ပတ်သက်၍ မန္တလေး အခြေစိုက် လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးနေလင်းက “အဓိကက အဲဒီမှာ သွားနေတဲ့ မြန်မာလုပ်သားတွေလည်း ရှိတယ်လေ” ဟု သုံးသပ်သည်။

ယင်းသနပ်ခါး အလှကုန် လုပ်ငန်းကြီးများ ရှိသော်လည်း အိမ်တွင်း အသေးစားလုပ်ငန်း တစ်ရပ်အဖြစ် သနပ်ခါးအခြေခံ အလှကုန် ထုတ်လုပ်မှုများ ပိုမိုကျယ်ပြန့်လာရန်အတွက် သနပ်ခါး ထုတ်လုပ်သူများနှင့် သနပ်ခါးစိုက် တောင်သူများကို နည်းပညာသင်တန်းများ ပေးလျက်ရှိကြောင်း ဦးနေလင်းက ထုတ်ဖော် ပြောကြားသည်။

“နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် အလှကုန် သင်တန်းတွေ ဖွင့်ပေးတယ်။ သနပ်ခါးနဲ့ Loction လို ဟာမျိုးကို ထုတ်လို့ရမယ်။ အရင်အပတ်ကဆိုရင် ဆနွင်းဓာတ်ကို အခြေခံထုတ်လုပ်တဲ့ စနစ်တွေပေါ့။ အဲလိုပဲ သနပ်ခါးကို အခြေခံထုတ်လုပ်တဲ့ နည်းစနစ်တွေ ဖြန့်ဝေသွားဖို့ ရည်ရွယ်တာပါ” ဟု ၎င်းက ဆိုသည်။ ယင်းအတွက် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (အထက်ဗမာပြည်) ထံမှ နည်း ပညာရှင် အကူအညီများ ရယူကြောင်း ဦးနေလင်းက ဖြည့်စွက် ပြောကြားသည်။

သနပ်ခါးအခြေခံ အလှကုန်များကို အိမ်တွင်းလုပ်ငန်း တစ်ခုအဖြစ် ထုတ်မည်ဆိုပါက အောင်မြင်နိုင် ကြောင်း၊ ကမ္ဘာတွင် အိမ်တွင်း ထုတ်လုပ်မှု လုပ်ငန်းများ ခေတ်စားလျက် ရှိကြောင်း၊ အခြားနိုင်ငံများတွင် Green Tea Shampoo တစ်ဘူးကို တစ်သောင်းခွဲကျပ်ဖြင့် ရောင်းချကြောင်း အော်ဂဲနစ် အလှကုန် ပစ္စည်း တို့ကို ကိုယ်တိုင် ထုတ်လုပ်နေသူ ဒေါ်မေသူသန်းရှိန်က ပြောကြားသည်။

အိမ်ရှင်မတစ်ဦးကမူ “ရှော့ပင်းမောတွေမှာဆို တရုတ်ပြည်ကလာတဲ့ Jasmine Tea ဘူးလေးတွေ တွေ့ရတယ်။ သံဘူး သေးသေးလေးနဲ့ တစ်ဘူးကို ထောင့်ရှစ်ရာတောင် ပေးရတယ်” ၊ ဟု ဈေးဝယ် အတွေ့အကြုံကို ပြောပြသည်။

မြန်မာ့သနပ်ခါးကိုသာ ခေတ်မီ မိတ်ကပ်များနည်းတူ အလှကုန်အဖြစ် ထုတ်လုပ်နိုင်ပါက ဝယ်သူကို ဆွဲဆောင်နိုင်သော အရည်အချင်းများစွာ ရှိနေပါသည်။ ယခုခေတ်တွင် အလှကုန်ပစ္စည်း တချို့ကြောင့် အသားအရေ ယားယံခြင်း၊ အရွယ်မတိုင်မီ ပါးရေတွန့်ခြင်းစသော ပြဿနာများကို ကြုံတွေ့ကြရသည်။ သနပ်ခါးတွင်မူ ယင်းကဲ့သို့သော ဆိုးကျိုးများမရှိဟု ဆိုကြပါလသည်။ သို့ကြောင့် ပင်သနပ်ခါးဖြင့် အလှကုန် ပစ္စည်းတချို့ ထုတ်လုပ် ရောင်းချနေသော နိုင်ငံခြား ကုမ္ပဏီများက သနပ်ခါးမှာ ခရမ်းလွန် ရောင်ခြည် သင့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်ခြင်း၊ ဗက်တီးရီးယားနှင့် မှိုရောဂါတို့မှ ကာကွယ် ပေးခြင်း စသဖြင့် သနပ်ခါး၏ သဘာဝ အရည်အသွေးတို့ကို ကြော်ငြာမောင်းခတ်ကာ ဈေးကွက်တင် နေခြင်း ဖြစ်သည်။

“မိတ်ကပ်ကတော့ ကြာလာရင် အရေမာတွေ၊ အရေတွန့်တွေ ဖြစ်လာတယ်။ အမျိုးသမီးတွေဆိုရင် ကြီးလာရင် ပါးရေနားရေတွေ တအားတွန့်လာတယ်။ အသားဖြူတဲ့ သူတွေဆိုရင် ပိုသိသာတယ်။ သနပ်ခါးက အဲဒီလိုမဖြစ်ဘူး” ဟု သနပ်ခါးတုံး ရောင်းသူအဖြစ် ခုနစ်နှစ်ခန့်ကြာ လုပ်ကိုင်လာသူ ဦးလွင်အေးက ဆိုသည်။

ဧပြီလကမူ အထက်ပါ မူပိုင်ခွင့်ကိစ္စသည် ပျက်ပြယ်ပြီး ဖြစ်သည်ဟု အထက်ပါကိစ္စကို ကန့်ကွက်ခဲ့သော လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများအသင်း မန္တလေးသို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြန်လည် တုံ့ပြန်ထားခဲ့သည်။ မြန်မာ့ သနပ်ခါးမှာ သဘာဝအရ အရည်အသွေးကောင်းပြီး ဖြစ်သည်။ သဘာဝ အရည်အသွေးကို ထင်ရှားအောင် မြန်မာများ သွေးပြဖို့ လိုသည်။ မြန်မာများ မသွေးနိုင်ပါက ဂျပန်များ သွေးသွားပေလိမ့်မည်။ 


ဉာဏ်မျိုးအောင်
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...