ကြွပ်ရွပြီး မွတဲ့ ငှက်ပျောကြော် (ထိုင်း နှင့် ကမ္ဘောဒီးယမ်း)



ထိုင်း နှင့် ကမ္ဘောဒီယမ်း လူမျိုးတွေက ကြွပ်ရွပြီး မွစေဖို့ ထုံးရေကြည် နဲ့ baking powder ကို အသုံးပြု ကာ အုန်းနို့၊ အုန်းသီးဖတ်၊ ဆန်မှုန့်၊ သကြားတွေနဲ့ မုန့်နှစ်စပ်ပြီး ငှက်ပျောသီးကို ကြော်သလို၊ ကန်ဇွန်းဥ (sweet potato)၊ ပိန်းဥ (taro (or) yum) များကိုလည်း အချောင်းလေးများ လှီးပြီး ကြော်ကြပါတယ်။ ကျွန်မကတော့ မြန်မာ့ နည်းလေးဖြစ်တဲ့ ကုလားပဲ အစိမ်းမှုန့်ကိုပါ တွဲဖက်ပြီး သုံးထား ပါတယ်ရှင်။

***... ထုံးရေကြည် လုပ်ရန် လိုအပ်တာ လေးတွေ…

1. ထုံး (lime stone) – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
2. ရေ – 1/3 cup (80 ml)

ထုံးကို ရေထဲထည့်ကာ ပျော်အောင်ဖျော်ပြီး အနည်းဆုံး ၁ နာရီခန့် အနည်ထိုင် ခိုင်းထားလျှင် အပေါ်ယံ တက်လာသော အရည်မှာ ထုံးရေကြည်ဖြစ်ပါသည်။ ထုံးရေကြည် 45 ml (ထမင်းစားဇွန်း ၃ ဇွန်း) ကိုပဲ သုံးမှာ ဖြစ်ပါတယ်။

***... ကြွပ်ရွပြီး မွတဲ့ ထိုင်းစတိုင် ငှက်ပျောကြော် အတွက် လိုအပ်တာလေးတွေ…

1. အုန်းနို့ မညစ်ရသေးသော ခြစ်ထားသည့် အုန်းသီးဖတ် – 1/3 cup (80 ml)
2. သကြား – 1/3 cup (80 ml)
3. အုန်းနို့ (creamy coconut) – 1/4 cup (60 ml)
4. ကုလားပဲစိမ်းမှုန့် – 1/4 cup (60 ml)
5. ဆန်မှုန့် (rice powder) – 1/2 cup (125 ml)
6. ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
7. baking powder – လက်ဖက်ရည်ဇွန်း တစ်ဝက်
8. နှမ်းဖြူလှော် – ထမင်းစားဇွန်း တစ်ဇွန်း
9. နှမ်းမဲလှော် – ထမင်းစားဇွန်း တစ်ဝက်
10. ထုံးရေကြည် – ထမင်းစားဇွန်း ၃ ဇွန်း (45 ml)
11. အရမ်းမမှည့်သေးသော ခပ်မာမာ ငှက်ပျောသီး – ၃ လုံး (စိမ်းရင် ဖန်ပြီး၊ မှည့်နေရင် ကြော်လိုက်ပါက အပူကြောင့် အရမ်းပျော့ပြီး ပျော်သွားတတ်ကာ၊ ငှက်ပျောသီးသပ်သပ်၊ မုန့်နှစ်သပ်သပ် ဖြစ်သွားတတ်ပါတယ်။)

ငှက်ပျောသီးများကို ပုံပါ အတိုင်း လှီးထားပါ။

ပြီးလျှင် ငှက်ပျောသီးမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်လုံးထဲ ထည့်ကာ …

နှံ့သွားအောင် မွှေရောထားပါ။

နှံ့သွားလျှင် လှီးထားသည့် ငှက်ပျောသီး တစ်ဝက်ကို ထည့်ပြီး မုန့်နှစ်များ ကပ်သွားအောင် ခပ်ဖွဖွမွှေေ ရာထားပါ။ (အကုန်လုံး ထည့်လိုက်လျှင် ဇလုံကြပ်ပြီး မုန့်နှစ်များကပ်အောင်လုပ်ရာ၌ ငှက်ပျောသီးများ ပဲ့ရွဲ့သွားတတ် ပါတယ်။)

ပြီးလျှင် medium high heat ဖြင့် အပူပေးထားသည့် ဆီထဲ မုန့်နှစ် တစ်စက်ခန့် ချ ကြည့်ပါ။ ချက်ချင်း တက်မလာပဲ ၄-၅ စက္ကန့် ကြာမှ တက်လာလျှင် ဆီအပူရှိန်မှန်ကို ရပါပြီ။ (ချက်ချင်း တက်လာလောက်ေ အာင် ဆီပူနေလျှင် မုန့်နှစ်တွင် သကြားပါသောကြောင့် ထည့်ချလိုက်တာနဲ့ တူးသွားတတ်ပါသည်။)

ဆီအပူရှိန်မှန်ကို ရလျှင် ငှက်ပျောသီးများ တစ်ခု နှင့် တစ်ခုမကပ်အောင်၊ အိုးမကြပ်အောင်၊ အိုးခွဲ ကြော်ပေးပါ။ (တစ်အိုးစာ ငှက်ပျောသီးထည့်ပြီးလျှင် ဆီအပူရှိန်ကျသွားတတ်သည့်အတွက် လိုအပ်ပါက High heat သို့ တိုးပေးပါ။)

တစ်ဖက်က အတော်လေးကျက်မှ နောက်တစ်ဖက် လှန်ပေးကာ နှစ်ဖက်စလုံး ရွှေဝါညိုရောင်ဖြစ် လာအောင် ၇ မိနစ်ခန့် ကြော်ပေးပါ။ (လိုအပ်ပါက မီးအပူရှိန် အတိုး၊အလျှော့ လုပ်ပေးပါ။)

ပြီးလျှင် ဆီစိမ့်ကျစေရန် ဗန်းခံထားသည့် cooling rack ပေါ်တင်၍ ဆီစစ်ပြီးနောက် ကြွပ်ရွကာ မွှေးနေသော ငှက်ပျောကြော်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (နောက်တစ်အိုးကြော်သည့်အခါ ဆီအရမ်းပူနေနိုင်၍ အပူရှိန်အနည်းငယ်လျှော့သွားအောင် ဆီအိုးကို မီးဖိုမှ ခဏဖယ်ထားပြီးမှ ထည့်ကြော်ပါ။)


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...