ဆီးချိုရောဂါ ကုသဆေးများက ဆီးချိုရောဂါ မရှိသူများ အတွက်ပင် အကျိုးရှိ
ဆီးချို ရောဂါအတွက် သုံးစွဲရန် ညွှန်ကြားလေ့ ရှိသော ဆီးချိုရောဂါ ကုဆေးဝါး မက်ဖော်မင်ဖြင့် ကုသသော လူနာများမှာ ဆီးချို ရောဂါမရှိ သူများ ထက်ပင် ရှည်ကြာစွာ အသက်ရှင် နေထိုင်နိုင် ကြောင်း လူပေါင်း ၁၈၀,၀၀၀ ပါဝင်သည့် လေ့လာမှု တစ်ရပ်က ဖော်ပြသည်။
ယင်းဆေးဝါး ကို သုံးစွဲခြင်းဖြင့် ကင်ဆာရောဂါနှင့် နှလုံးသွေးကြော ဆိုင်ရာ ရောဂါများကို ကာကွယ်နိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိပြီး ဆီးချိုရောဂါ မရှိသူများအတွက်ပင် အံ့သြစရာ ကောင်းလောက်အောင် ကျန်းမာရေး အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ကြောင်း သုတေသနပြုချက်အရ သိရသည်။
ဆီချိုရောဂါရှင် မဟုတ်သူများနှင့် နှိုင်းယှဉ်ပါက မက်ဖော်မင်ဆေးဖြင့် ကုသသောလူနာများ အသက်ရှင်နိုင် ခြေမှာ အရေအတွက် နည်းပါးသော်လည်း သိသိသာသာ တိုးတက်မှုရှိကြောင်း ကားဒစ်ဖ် ဆေးတက္ကသိုလ် ပါမောက္ခ ကရိတ်ကာရီက ပြောသည်။
အသုံးများသော အခြားဆီးချိုရောဂါကု ဆေးဆူလ်မိုနီလူရီယာဖြင့် ကုသသောလူနာများမှာ ဆီးချိုရောဂါရှင် မဟုတ်သူများနှင့် နှိုင်းယှဉ်ပါက အသက်ရှင်နိုင်မှုနှုန်းမှာ တစ်သမတ်တည်း လျော့ကျမှုရှိကြောင်း ၎င်းက ပြောသည်။ ယင်းဆေးဝါးဖြင့်ကုသသော ရောဂါရှင်များမှာ ရောဂါပိုဆိုးလာပြီး ပိုမိုအားပြင်းသည့် ကုသ မှုဖြင့် ပြောင်းလဲကုသရမည်ဖြစ်ကာ ဆီးချိုရောဂါ ဖြစ်ပွားလျှင် ၎င်းတို့၏ အသက်ရှင်သန်နိုင်မှုမှာ ပျမ်းမျှ ရှစ်နှစ်ခန့် လျှော့ချသွားကြောင်း မစ္စတာကာရီက ပြောသည်။
ယင်းအခြေအနေများကို ရှောင်လွှဲနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးပုံမှန် စွဲစွဲမြဲမြဲလုပ်ခြင်းပင်ဖြစ်သည်ဟု ၎င်းကအကြံပေးသည်။
ယင်းလေ့လာမှုအရ မက်ဖော်မင်ဆေးမှာ ဆီးချိုရောဂါရှင်မဟုတ်သူများအတွက် ရောဂါကြိုတင် ကာကွယ် ခြင်းနှင့် ရောဂါဖြစ်နိုင်ခြေရှိခြင်းကို တားဆီးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။ မက်ဖော်မင် ဆေးမှာ ဈေးသက်သာပြီး ဆီးချိုရောဂါအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ဆေးဖြစ်ကာ ကင်ဆာရောဂါနှင့် နှလုံးသွေးကြော ဆိုင်ရာရောဂါများကို ကာကွယ်နိုင်သဖြင့် ကျန်းမာနေသူများ အတွက် ပင် ကျန်းမာရေး အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်။
သို့သော် ယင်းဆေးဝါး၏ ဘေးထွက်ဆိုးကျိုးနှင့် ကျန်းမာသူများ အပေါ် ထိခိုက်နိုင်မှုတို့ကို သိရှိရေး ဆက်လက် စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်သေးကြောင်း သုတေသီများက ပြောကြားပြီး ယင်းဆေးဝါး ကို ဆက်လက်စမ်းသပ်စစ်ဆေးခြင်း မပြုလုပ်မီ ဆီးချိုရောဂါရှင်များအား အကန့်အသတ်ဖြင့်သာ တိုက်ကျွေး သင့်ကြောင်း သုတေသီများက အကြံပေးထားသည်။

(UPI)
7Day Daily
No.468 Tuesday, August 12, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook