သမီးကိုပြောချင်တဲ့ စကားများ

သမီး...

သမီး... အခုဆိုရင် အလယ်တန်း အောင်မြင်ပြီးလို့ အထက်တန်းကို စတက်နေရပါပြီ၊ သမီးရဲ့ ဘ၀မှာ သိသင့်တာတွေလို့ ဖေဖေ ယူဆထားတဲ့ အမှန် တရားတွေကို ပြောပြပါမယ်။ ဖေဖေ ယူဆထားတဲ့ အမှန်တရား ဆိုတာက ဖေဖေ ဒီအသက်အရွယ်မှာ မှန်တယ်လို့ ထင်မြင်ထားပေမဲ့ လုံးဝမှန်တဲ့ အမှန် တရားတွေလို့ မဆိုလိုပါဘူး။ သမီးရဲ့ ဘ၀ တစ်လျှောက်မှာ သမီးရဲ့ဘ၀ အတွေ့အကြုံကို အခြေခံပြီး ပြောင်းလဲပြုပြင်ပြီးမှ လက္ခံလို့ ရပါ တယ်။

သမီး….သမီး မူကြိုကျောင်း တက်ခဲ့တာကို မှတ်မိသေးရဲ့လား။

မူကြိုကျောင်းတက် ခဲ့တုံးက သမီးသင်ယူခဲ့တဲ့ အမှန်တရားတွေကို သမီးတစ်သက်လုံး ထိမ်းသိမ်း ထား သင့်ပါတယ်။ ဥပမာ..ဘာမဆို စည်းကမ်းရှိရမယ်။ တန်းစီရမယ်။ ပစ္စည်းတွေကို သူနေရာနဲ့သူထားရမယ်၊အရင်လာတဲ့လူကို ဦးစားပေးရမယ်၊ တွေ့တဲ့အသိတွေကို နူတ်ဆက်ရမယ်၊သူများအပေါ် မတရားမလုပ်ရ ဘူး စသည်တို့ပေါ့လေ.. အဲဒါတွေဟာ ဘ၀တစ်ခုလုံးအတွက် အမှန်တရားတွေပဲ သမီး၊ ဒါပေမဲ့ အသက် အရွယ် တဖြည်းဖြည်း ကြီးပြင်းလာလို့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မူတွေကြောင့် အဲဒီမူကြိုက အသိတန်ဖိုး တွေဟာ တဖြည်းဖြည်း နဲ့ ပျောက်ပျောက် သွားတတ်ပါတယ်။ ဖေဖေ သမီးကိုတော့ ဆက်ပြီးထိမ်းထား ပါလို့ တိုက်တွန်းချင်ပါ တယ်။ 

သမီး..... လူဆိုတာ ကိုယ့်ကိုကို အပြည့်အ၀ တာဝန်ယူရဲတဲ့ စိတ် ရှိရပါမယ်။

အမှားတစ်ခုကို လုပ်မိတာပဲဖြစ်ဖြစ်၊ ဒဏ်ရာရသွားတာပဲဖြစ်ဖြစ်၊ ဘယ်သူ့မှ ကိုယ့်ကိုယ်စား ခံစားပေးမဲ့ လူမရှိပါဘူး၊ ခံစားပေးလို့လည်း မရပါဘူး။ ယုတ်စွအဆုံး ကိုယ့်ကို အချစ်ဆုံးဖြစ်တဲ့ မိဘတွေတောင်မှ ကိုယ့်အစား ခံစားပေးလို့မရပါဘူး။ အဲတာ မြဲမြဲမှတ်ထားရမယ် သမီး။ လူဆိုတာ တခါတလေ လူတိုင်း အမှားလုပ်မိတတ်ပါတယ်။ အမှားကို ၀န်ခံရဲ ခြင်းဟာ အမှားမလုပ်မိအောင်ရှောင် ရှားတတ်ခြင်းထက် အရေးကြီးပါတယ်။ အမှားကို ပြုပြင်တတ်ခြင်း ဟာ အမှားကို ၀န်ခံတတ်ခြင်းထက် ပိုအရေးကြီး သွားပြန် ပါတယ်။ ဒါကြောင့်မို့လို့သမီး၊ ကိုယ့်ကိုကို တာဝန်ယူရဲတဲ့ သတ္တိမွေးရပါမယ်။ အဲဒီသတ္တိကတော့ ကိုယ် လုပ်မိတဲ့ အမှားကို ၀န်ခံရဲမယ်။ ပြီးရင် ပြုပြင်နိုင်စွမ်းရှိရပါမယ်။

သမီး... လူဆိုတာ ကိုယ့်အတွေးအထင်နဲ့ကိုယ် ပြန်ခြောက်လန့်မိတတ်သလို၊ သူများအတွေးအထင် တွေနဲ့လည်း ကျဆုံးတတ် ပါတယ်။ 

အင်တာနက်တို့ ၊ မိုလ်ဘိုင်းဖုန်းတို့၊ မီဒီယာပေါင်းစုံ ဂျာနယ်ပေါင်းစုံ ထွန်းကားတဲ့ ခေတ်ဆိုပေမဲ့ အဲဒါတွေ အားလုံးဟာ သမီးရဲ့ဆုံးဖြတ်ချက်ကို ကိုယ်စားမပြုလုပ် ပေးနိုင်ပါဘူး။ လူဆိုတာ အတွေ့အကြုံ ကို အခြေ ခံပြီး စဉ်းစားတတ်တာမို့၊ အဲဒါအမှန်တွေပဲလို့ ယုံကြည်တတ်ကြပါတယ်။ သမီးမှတ်မိအုံးမယ် ထင်ပါ တယ်။ တခါက သမီးဖေဖေကို မေးခဲ့ဖူးတယ်လေ၊ သမီးတို့ကျောင်းက ဒုတိယတန်းမှာ သင်ရတဲ့ပုစ္စာလို့ သမီးကပြောတယ်။ ၅၂၇ ကို ၁၀၇ နူတ်လိုက်တာနဲ့၊ ၅၂၇ ကို ၁၀၀ အရင်နူတ်ပြီး ၇ ကို ထပ်ပေါင်း လိုက် တာနဲ့ တူတူပဲလားလို့ ဖေဖေကို မေးတော့ ဖေဖေက တူတူပဲလို့ ချက်ချင်းဖြေလိုက်တယ်လေ။ ပြန်စဉ်း စားကြည့်တော့ အမှားကြီး မှားနေတာကို တွေ့ရတယ်လေ။ ၅၂၇ - ၁၀၇ = ၄၂၀ ရပြီး၊ ၅၂၇-၁၀၀+၇ = ၄၃၄ ဖြစ်နေတာကို တွေ့ရတယ်လေ။ သမီးတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ မှန်သလိုလိုနဲ့ မှားနေတဲ့ အရာတွေ အများကြီးရှိတယ် ဆိုတာ သက်သေပြလိုက်သလိုပဲ။ လူဆိုတာ ကိုယ့်အထင်နဲ့ ကိုယ်မှားသွား တတ်သလို၊ သူများအထင်နဲ့လည်း ဒုက္ခဖြစ်သွားတတ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ အစီအစဉ်တစ်ခုခုကို ကိုယ့်အရည်အချင်းကို သိပ်မယုံကြည်လို့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ သူငယ်ချင်းကို သွားပြီးအကြံအဥာဏ် တောင်းမိတာမျိုး လူငယ်တွေ ခဏခဏပြုလုပ်တတ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ဖြေဆိုဖို့က ၉၀% သေချာနေတယ်..သမီး၊ နားမလည်တဲ့လူကိုမှ သွားမေးမိ တာကိုး။ အကောင်အထည် မစခင်မှာပဲ ကျဆုံးသွားတဲ့ သဘောပေါ့။

ဒါကြောင့်မို့လို့ ဘာမဆို သမီးကိုယ်တိုင် သေသေချာချာ စမ်းစစ်ပြီးမှ လက္ခံယုံကြည်တတ်တဲ့ အကျင့် ကလေးမွေးမြူထားရပါမယ်။ ကိုယ်ကိုကို ယုံကြည်စိတ်မွေးမြူထားရပါမယ်။ ဘ၀မှာ ကိုယ့်အတွေးအထင် သက်သက်ရယ်၊ သူများအတွေးအထင် သက်သက်ရယ်ကို လွတ်မြောက်နိုင်မယ်ဆိုရင် ဘ၀ခရီး တလျှောက် လုံးမှာ တွေ့ကြုံရမြဲ ဖြစ်တဲ့ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ သောကတွေ အားလုံးဟာ ကိုယ်ထင်သလောက် မကြီးမားဘူးဆိုတာကို သမီးတွေ့ရပါလိမ့်မယ်။ အခက်အခဲ အားလုံးဟာလည်း ထင်သလောက် မခက်ခဲဘူးဆိုတာ သမီးတွေ့ရပါလိမ့်မယ်။ လောကကြီးမှာ ခက်ခဲလို့ ဆုံးရူံးရတဲ့လူဟာ ကြောက်လို့ ဆုံးရူံးရတဲ့ လူလောက် မများပါဘူး။ အဲဒီကြောက်တဲ့ လူတန်းစားဆိုတာ သူများအတွေး အထင်တွေကို ကိုယ့်အတွေးအထင်နဲ့ ရောစပ်ပြီး ကိုယ့်ကိုကို ပြန်ခြောက်လှန့်တဲ့ လူတန်းစားမျိုးပါ။ သမီး အဲဒီလူတန်းစားထဲ လွတ်မြောက်နိုင်ပါစေ။

သမီး... နောက်ဆုံးပြောချင်တာကတော့ ဘာသာရေးကို ကိုင်းရိုင်းပါ။ 

ဒါပေမဲ့ သိပ္ပံနည်းကျ စဉ်းစား တွေးခေါ်မူနဲ့ အနုပညာ မြတ်နိုးမူကိုလည်း လုံးဝအလေးထားပါ။ ဒီလိုပြောတာက သမီးက သိပ္ပံပညာရှင်နဲ့ အနုပညာရှင်ဖြစ်ရမယ်လို့ လုံးဝ မဆိုလိုပါဘူး။ သိပ္ပံနည်း ကျ စဉ်းစားတွေးခေါ်မူဟာ ကျိုးကြောင်း ဆက်နွယ် စဉ်းစားမူကို အထောက်အကူပြုစေပြီး ဘ၀ကို မ “အ” အောင် အကူအညီပေးပါလိမ့်မယ်။ အနုပညာပိုင်းကိုတော့၊ ဘယ်အနုပညာပဲဖြစ်ဖြစ်ပေါ့လေ သမီး စိတ်ပါလက်ပါနဲ့ လိုက်စားမယ်ဆိုရင်၊ သမီးရဲ့ဘ၀ များစွာ ပိုမိုစိုပြေလာလိမ့်မယ် ဆိုတာကို ဆန္ဒပြု ရင်း….....။

သမီးရဲ့ဖေဖေ 

Ref: Phoenix TV
https://www.facebook.com/aung.k.latt.5?hc_location=timeline
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...