Colgate သွားတိုက်ဆေးအတွင်း ကင်ဆာဖြစ်စေသော ဓာတုပစ္စည်း ပါဝင်ကြောင်း ဟောင်ကောင်တွင် တွေ့ရှိ
စားသောက်ကုန်များကို စစ်ဆေး သကဲ့သို့ ယင်းကဲ့သို့ လူသုံးကုန် ပစ္စည်းများကိုလည်း စနစ်တကျ စစ်ဆေးသင့်သည်....
ရန်ကုန်၊ သြဂုတ် ၁၄
ဟောင်ကောင် စားသုံးသူများ ကောင်စီက ဈေးကွက် အတွင်း သွားတိုက်ဆေး ၃၅ မျိုးခုကို ဓာတ်ခွဲ စစ်ဆေးကြည့်ရာ Colgate၊ Superdrug နှင့် Beverly Hills တံဆိပ် သွားတိုက်ဆေး သုံးမျိုးတွင် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ သတ်မှတ် ပမာဏထက် ပိုမိုပါဝင်နေသည်ကို တွေ့ရှိထားကြောင်း သြဂုတ်လ ၁၄ ရက်နေ့ South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။
ယင်းသွားတိုက်ဆေးများတွင် ပါဝင်သော ထရိုင်ကလိုစန် (Triclosan) ဓာတ်သည် အသက်အန္တရာယ် ဖြစ်နိုင်မှု ရှိ၊ မရှိ သုတေသန ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ အဆိုပါ သွားတိုက် ဆေးများကို တားဆီးပိတ်ပင်ထားခြင်း မရှိသေးကြောင်း ဟောင်ကောင် စားသုံးသူကောင်စီ ဥက္ကဋ္ဌ Ms.Gilly Wong Fung-han က ဆိုသည်။ “သုံးတဲ့သူတွေက တံဆိပ် (Label) ကို ကြည့်ပြီးတော့ ထရိုင်ကလိုစန်ပါလား၊ မပါလား။ သုံးရမလား၊ မသုံးရဘူးလား စိုးရိမ်နေကြတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
သွားဖုံးကျန်းမာရေးအတွက် ထရိုင်ကလိုစန်ကို သွားတိုက်ဆေးအတွင်း ထည့်သွင်းလေ့ရှိပြီး မြန်မာနိုင်ငံ တွင် Colgate သွားတိုက်ဆေးကို ထပ်မံစစ်ဆေးရန် သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း အနေနှင့် လုပ်ပိုင်ခွင့် မရှိကြောင်း အဆိုပါ အသင်းဝင် ပါမောက္ခတစ်ဦးက The Voice သို့ ပြောကြားသည်။
“အများပြည်သူက ပြောတဲ့အခါ ကုမ္ပဏီက ရှင်းချင်ရင် စစ်မယ်။ ကျန်းမာရေး ဝန်ကြီးဌာနက စစ်တာမျိုး ရှိရင် ရှိမယ်။ နိုင်ငံတကာမှာတော့ ဒီပိုးသတ်ဆေးကြောင့် ကင်ဆာဖြစ်တယ်လို့တော့ မသေချာတဲ့အတွက် မစွပ်စွဲရဲဘူး” ဟု သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း အလုပ်အမှုဆောင်ဟောင်း တစ်ဦးက ပြောဆို သည်။
ဓာတုဗေဒ သဘောတရားအရ ထရိုက်ကလိုစန်ကြောင့် ကာဗွန်ဖွဲ့စည်းမှု ပျက်စီးပြီး ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိကြောင်း ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ဖော်ပြထားသည်။ ကင်ဆာဖြစ်စေသော ဓာတုပစ္စည်း ပါဝင်သည့် Colgate သွားတိုက်ဆေး အမျိုးအစားမှာ Colgate Total Professional Whitening ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook