IUCD ကိုယ်ဝန်တား သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း
ဆရာရေ သားအိမ်အတွင်း ပစ္စည်းထည့်တဲ့ အကြောင်းလေး သိချင် လို့ပါ။ သမီး အိမ်ထောင်ကျ ၁ နှစ် ရှိပြီ။ ၄ လလောက်မှာ ကာကွယ် ဆေး မသုံးလို့ ရာသီ မလာတာ ၂ လလောက် ကြာသွား ပါတယ်။ ဆီးစစ်တော့ ကိုယ်ဝန် ရှိတယ်လို့ သိရပါတယ်။ အဲဒါ ဆရာမ ဆီမှာ ရာသီ လာအောင် ပြန်လုပ်ပြီး တခါတည်း သားအိမ်ထဲ ပစ္စည်းထည့် ခဲ့ပါတယ်။ ၁ လနေရင် ပြန်ပြရမယ်၊ နရာမှန်မမှန် ကြည့်မယ် ဆိုလို့ ပြန်လဲ သွားပြပြီး ပါပြီဆရာ။ ၁ဝ နှစ်နေလို့ ရတယ် လို့တော့ ပြော ပါတယ်။ အခု ၆ လလောက် ရှိပြီ။ ရာသီလာ ခါနီးကျရင် သားအိမ်က စူးစူးအောင့် ပါတယ်။ အဲဒါ အန္တရာယ်ရှိ ပါလား ဆရာ။ ပြီးတော့ အဲဒါ ထည့်ထားရင် ၁ နှစ်လောက်နေရင် ရာသီ လုံးဝ မလာတော့ဘူးလို့ ပြောသံကြား ပါတယ်။ သားအိမ် ခေါင်း ကင်ဆာလဲ ဖြစ်နိုင်ခြေ များတယ်လို့ ပြောကြပါတယ်။ ဟုတ်ပါသလား ဆရာ။ ဘယ်လို ဆိုးကျိုးတွေ များဖြစ်နိုင်လဲ သိချင်ပါတယ် ဆရာ။
ကိုယ်ဝန်တားဘို့ သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း Intra-Uterine Contraceptive Device ကို အတို ကောက် (IUCD) လို့ ခေါ်ရာကနေ ပိုတိုတဲ့ (IUD) လို့ ခေါ်လာတယ်။ အင်္ဂလိပ်စာလုံး (တီ) နဲ့တူတယ်။ (တိုယိုတာ) အမှတ်တံဆိပ်နဲ့ ဆင်တယ်။ အရင်ပေါ်ကာ စတုံးက အင်္ဂလိပ် စာလုံး (အက်စ်) နဲ့တူတဲ့ ပလပ်စတစ် ပစ္စည်းလေးက ဆရာဝန်တွေ သုံးတဲ့ မြွေရုပ်လေးနဲ့ တူတယ်။ အောက်ဖျားမှာ နိုင်လွန် ကြိုးလေး ၂ ချောင်းက သားအိမ်ထဲ ထည့်ပြီးနောက် (ဗဂျိုင်းနား) ထဲမှာ တိုတိုလေး ကျန်အောင် ဖြတ်ပြစ် ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင်ဖြစ် ပါတယ်။
ဒီလို ပစ္စည်း နှစ်မျိုးနှစ်စားရှိတယ်။
၁။ Copper IUD (ကော်ပါး-တီ) ပစ္စည်း။ လူအများဆုံးသုံးတာဖြစ်တယ်။ Paragard ခေါ်တယ်။ သား အိမ်ထဲမှာ ၁ဝ နှစ်ကြာ ထားနိုင်တယ်။ အရေးပေါ်တားနည်း တခုအနေနဲ့လဲ ဆက်ဆံမှုပြုပြီး ၅ ရက် အတွင်း ထည့်ပေးနိုင်တယ်။ ဟော်မုန်း မပါလို့ ကလေးနို့တိုက်သူတွေနဲ့လဲ သင့်တယ်။ Copper IUD ထဲကပါနေတဲ့ Copper ကြေးနီဓါတ်ဟာ သုက်ပိုးအတွက် အဆိပ်ဖြစ်တယ်။
၂။ Hormonal IUD ဟော်မုန်းပါပစ္စည်း။ Mirena လို့ခေါ်တာထဲမှာ Levonorgestrel ခေါ်တဲ့ Progestin ပါနေတယ်။ ပိုထိရောက်တယ်။ ဟော်မုန်းပါနေလို့ ဟော်မုန်းသတ္တိနဲ့ ဘေးထွက်-ဆိုးကျိုး တွေတော့ ရှိ လိမ့်မယ်။ သားအိမ်ထဲမှာ ၅ နှစ်ကြာ ထားနိုင်တယ်။ သားအိမ်ဝက အချွဲကိုစေးပျစ်စေလို့ သုက်ပိုး ဝင် မလာအောင်လဲ တားပေးနိုင်တယ်။ သားအိမ် အတွင်းနံရံကိုလဲ ပါးလွှာစေလို့ မျိုးစပ်မှုဖြစ်အုံးတော့ တွယ်ကပ်မှု မဖြစ်စေနိုင်ဘူး။ ရာသီဆင်းတာကိုလဲ နည်းစေနိုင်တယ်။ ဗိုက်နာတတ်တာလဲ သက်သာစေ မယ်။
နှစ်မျိုးလုံးကနေ သုက်ပိုးနဲ့ မ-မျိုးဥ မတွေ့စေအာင်လုပ်ပေးတယ်။ မျိုးဥနဲ့သုက်ပိုး တွေ့ကြအုံးတော့ သားအိမ်အတွင်း နံရံမှာ လာမတွယ်စေနိုင်ဘူး။ ဒီပစ္စည်းရှိနေလို့ သားအိမ်နဲ့ သားအိမ်ပြွန်တွေကနေ အရည်တမျိုးထွက်တယ်။ ဒီအရေထဲမှာ White blood cells သွေးဖြူဥ၊ Copper ions (ကေားပါး)၊ Enzymes (အင်ဇိုင်းမ်) တွေ နဲ့ Prostaglandins ဟော်မုန်းတွေ ပါတယ်။
ဘယ်အချိန်မှာ သားအိမ်ထဲ ထည့်ပေးမလဲ
ကိုယ်ဝန်မရှိတာ သေခြာရင် ထည့်နိုင်တယ်။ ကလေးဖွါးဘူးတဲ့ အမျိုးသမီးကို ထည့်ပေးရတာ ပိုလွယ်ကူ တယ်။ ထည့်ထားပြီး ၄-၆ ပတ်နေရင် တခါစစ်သင့်တယ်။ ဖြစ်နိုင်ရင် ရာသီတခါ ဆင်းပြီးတိုင်း စစ်သင့် တယ်။ ဆရာဝန်ဆီ မသွားနိုင်ရင် ကိုယ့်တိုင် ကိုယ့်လက်ချောင်းထည့်ပြီး နိုင်လွန်ကြိုးလေး စမ်းတွေ့-မတွေ့စစ်နိုင်ပါတယ်။
Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ Hormonal IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။
Hormonal IUD သုံးသူတွေ ၉ဝ% မှာ ရာသီဆင်းတာ နည်းစေမယ်။ ဗိုက်နာတတ်တာလဲ သက်သာ မယ်။ တချို့မှာ ရာသီ မဆင်းတာလဲ ရှိတယ်။ ရောဂါမဟုတ်ပါ။ Endometrial hyperplasia သားအိမ် ရောဂါ နဲ့ Endometrial cancer သားအိမ်-ကင်ဆာတွေ ဖြစ်တာ သက်သာစေနိုင်တယ်။ Endometriosis သားအိမ်ရောဂါ ရှိနေသူတွေလဲ ခံစားရတာတွေ သက်သာစေနိုင်တယ်။ Ectopic pregnancy ဖြစ်တာလဲ နည်းတယ်။ လူ ပိုမဝစေနိုင်ဘူး။
သတိထားစရာတွေ
• ပိုက်ဆံပိုကုန်ကျတယ်။
• ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာပိုနိုင်တယ်။ ကြားရက် သွေးနဲနဲဆင်းချင်ဆင်းမယ်။
• လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ပေါက်ထွက်သွားတတ်တယ်။
• လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။
• Hormonal IUD သုံးသူတွေမှာ ကင်ဆာမဟုတ်တဲ့ မျိုးဥအိမ်-အကျိတ် ဖြစ်နိုင်တယ်။ မခွဲရဘဲ ပျောက် သွား တတ်ပါတယ်။ တားဆေး-စားဆေးတွေလိုဘဲ ဟော်မုန်းသတ္တိတွေရှိမယ်။ ရင်သားတင်းတာ-နာတာ၊ စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ ဝက်ခြံ ထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။
• တကယ်လို့ ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရရင် ထုတ်ပြစ်ရမယ်။
• PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်တုံးက ရှိနေခဲ့လို့ဖြစ်တာ များတယ်။
• STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေတုံး မထည့်ပါနဲ့။ STDs တွေကို မကာကွယ်နိုင်ဘူး။
(ကောပါး-တီ) ကို အရေးပေါ် တားနည်းအဖြစ်သုံးနည်း
ကျားသုက်ပိုးနဲ့ မမျိုးဥတွေဆုံပြီးနောက် သားအိမ်နံရံမှာသန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆ ရက် ကနေ ၁၂ ရက် အတွင်းမှာ ဖြစ်နိုင်တယ်။ IUDs ထည့်တာကို မျိုးဥထွက်ပြီးနောက် ၅ ရက်အတွင်း လုပ်နိုင်တယ်။ မျိုးဥမထွက်ခင် ၃ ရက် လောက်အတွင်း အတူနေခဲ့တာကိုပါ ကာကွယ်မယ်။ အဲဒီရက်ဟာ အတူနေခဲ့ပြီး ၈ ရက်အထိအချိန်ကြာဖြစ်နိုင်တယ်။ ဒါပေမဲ့ မျိုးဥထွက်ရက်ကို မစိမ်းဘဲ မသိနိုင်လို့ အကာ ကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ထည့်သင့်တယ်။ WHO ကတော့ ရာသီရက် ၁၂ ရက်မြောက်နေ့အထိ သုံးနိုင်တယ်လို့ ဆိုတယ်။ Copper IUD ကို ၁၂ နှစ်အထိထားနိုင်တာ ပေါ်လာပြီ။ သတိထားဘို့က (STIs) လိင်ကတဆင့်ကူးစက်ရောဂါ ရှိနေသူတွေ မသုံးသင့်ဘူး။
Follow-up ပစ္စည်း ထည့်ထားပြီးနောက်
သန္ဓေတား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်းထည့်ထားပြီရင် ဘာတွေကို ဂရုစိုက်ရမလဲ။ ၄-၆ ပါတ် နေရင် ထည့်ပေးတဲ့ ဆရာဝန်က တခါခေါ်စစ်ပါမယ်။ ဒိနောက်မှာတော့ တနှစ်တခါသာ စစ်ဘို့လိုမယ်။ လစဉ် ရာသီလာတိုင်း ထွက်ကျ-မကျ ကိုယ့်ဖါသာစစ်ပါ။ ကြားထဲမှာလဲ ကိုယ့်ဖါသာ ကိုယ့်လက်နဲ့ကို စစ်နေနိုင်တယ်။ ခက်တာလဲ ရှိမယ်။ လွယ်တာလဲ ရှိတယ်။ ဆရာဝန်ကို တိုင်ပင်ပါ။ လိုအပ်တိုင်း ဆရာဝန် ကို တိုင်ပင်ပါ။
ဒေါက်တာတင့်ဆွေ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook