STDs Basic လိင်မှတဆင့် ကူးစက်သော ရောဂါများ အခြေခံ

ဒီစာကို ‘ဖေ့စ်ဘွတ်’ မှာ တင်သင့် မတင်သင့် အကြာကြီး စဉ်းစား ရပါတယ်။ ရေးထားတာ ၄ နှစ်ရှိပါပြီ။ တချို့ ကျွန်တော့ ‘ဘလော့’ ကနေ ကူပြီး တခြားမှာ တင်နေတာတွေရှိတယ်။ ရိုးရိုးလေး ပညာပေးဘို့ရော၊ စာထက် ပုံကို အသားပေး တင်ကြတာ တွေ့ရတယ်။ အဲလိုလုပ်တာတော့ မသင့်လျှော်ဘူးလို့ ထင်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကို ဆေးပညာမှာ Sexually Transmitted Diseases (STDs) နဲ့ Sexually Transmitted Infections (STIs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။

ကျွန်တော်တို့ဆီမှာလဲ အရင်က ‘ကာလသားရောဂါ’ လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ ‘ကာလသား’ ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ STDs တွေက ကာလသားတွေ သာ မဟုတ်ဘူး၊ အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ ကာလသမီး အမျိုးသမီး များတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ မဆင်ခြင်ကြလို့ တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။

Venereal လို့ ခေါ်တာကလဲ Venus ‘ဗီးနပ်စ်’ ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ‘ဗီးနပ်စ်’ ကို အချစ် နဲ့ အလှကိုကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမသာမကပါ၊ ဂရိနတ်သမီး ‘အဖရိုဒိုက်’ နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ ‘လှတာမက်တော့ ညစာခက်’ ဆိုသလို ရောဂါက အတော်ကိုကြောက်ဘို့ ကောင်းတယ်။

ဆေးတွေ မပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံး ဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ဒီရောဂါ မျိုးဟာ ‘ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်’ လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ အသုံးပြုတဲ့နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေ ကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြောထိုးနည်းတွေကနေလဲကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားနေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေကပိုဆိုးတယ်။ Systemic STDs တကိုယ်လုံးကို ပြန့်တဲ့အဆင့်လို့ ခေါ်တာတွေက HIV, Hepatitis B (ဘီ) ပိုး၊ Hepatitis C (စီ) ပိုးနဲ့ Herpes လိင်လမ်းရေယုံတွေ ဖြစ်တယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
(၁) Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ‘Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD’ ကို ရေးထားပါတယ်။
(၂) Gonorrhea ဂနိုရီးယားက ဒုတိယအများဆုံးဖြစ်တယ်။ ‘Gonorrhea ဂနိုရောဂါ’ ကိုလဲရေးထား ပါတယ်။
(၃) ‘Syphilis ဆစ်ဖလစ်’ ကိုလဲ ရေးထားပါတယ်။
(၄) ‘Genital herpes လိင်လမ်းရေယုံ’ ကိုလဲ ရေးထားပါတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည် ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကိုကူးနိုင်တယ်။
(၅) ဗဂျိုင်းနားရောင်ခြင်းကိုဖြစ်စေတဲ့ (၃) မျိုးထဲမှာ(ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)နဲ့ (ကင်ဒီဒိုင်ယေးဆစ်) တွေက လိင်နည်းနဲ့မဆိုင်ဘဲ ဖြစ်ပေမဲ့ (ထွိုင်ကိုမိုးနပ်စ်) ကတော့ လိင်ကနေကူးစက်တယ်။
(၆) Chancroid ‘ရှန်ကာ’ ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာအနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ် တွေ ရောင်လာတယ်။
(၇) LymphogranulomaVenereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။
(၈) ‘Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)’ နဲ့ ‘Genital Warts (2) လိင်အင်္ဂါကြွက်နို့ (၂)’ တွေကိုလဲ ရေးထားပါတယ်။
Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကနေတချိန်မှာသားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။
(၉) အသဲရောင် (ဘီ) ကိုတော့ အများကြီးရေးထားပါတယ်။
(၁ဝ) HIV/AIDS ကိုလဲ အများကြီးရေးထားပါတယ်။

ဒီလိုကူးစက်ရောဂါတွေကနေလဲ ဖြစ်နိုင်တယ်။
Pubic Lice သန်း။ Parasites ‘ပါရာဆိုက်’ ခေါ်တယ်။ ဆီးစပ်မွှေးမှာလဲ ဆံပင်တွေမှာလို သန်းတွေ ရှိနိုင်တယ်။ ပုံစံမတူတတ်ဘူး။ ဒါကြောင့် Crabs ခေါ်တယ်။ ယားမယ်။ ဥတွေအုချတယ်။ ပွါးမယ်။ ကူးမယ်။

Scabies ဝဲ (ယားနာ)။ Mite ခေါ်တယ်။ ဒါပေမဲ့ STD ဟုတ်ချင်မှဟုတ်မယ်။ ယားမယ်။ နီရဲလာမယ်။ ကူးမယ်။

Ring worm ပွေး။ တခြားနေရာကပွေးလဲ ဆီးစပ်နေရာတဝှိုက်မှာ ဖြစ်နေရင် တယောက်ကနေ တယောက် ကူးမယ်။

Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း။ လိင်က တဆင့်ကူးတာ ဟုတ်ချင်မှဟုတ်မယ်။ အသေအခြာဆေးမကုရင် အမျိုးမီးမှာ ကလေးမရတာ ဖြစ်နိုင်တယ်။ ဗိုက်အောက် ပိုင်းနာနေမယ်။ ကိုယ်ပူမယ်။ ဆက်ဆံရင် နာမယ်။ ဆီးအောင့်မယ်။ ကြားရက် သွေးဆင်းမယ်။လိင်က တဆင့်ကူးစက်ရောဂါလဲဖြစ်နိုင်တယ်။ဆက်ဖြစ်၊ ထပ်ဖြစ်ရာကနေ အတွင်း အင်္ဂါတွေ (သားအိမ်ဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ်နဲ့ အတီးအတားကနေရာတွေ) ရောင်တာ ဖြစ်တယ်။ Chlamydia နဲ့ Gonorrhea ကနေလဲဖြစ်စေတယ်။ ဆီးစပ်နေရာနာမယ်။ တခုခုဆင်းမယ်။ ‘Pelvic Inflammatory Disease (PID) အမျိုးသမီးတင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း’ ကိုရေးထားပါတယ်။

STDs ဘယ်လိုကာကွယ်မလဲ။ လိင်မဆက်ဆံဘဲနေပါလို့ပြောတာ အမှန်ဆုံးဘဲ။ လက်တွေ့မကျလို့ အကြံကောင်း ပေးတာကို လိုက်နာပါ။ အဖေါ်ကို ပွင့်ပွင့်လင်းလင်းမေးပါ။ ဆေးစစ်ကြပါ။ (ကွန်ဒွမ်) အမြဲသုံးပါ။ လက္စဏာရှိရင် မြန်မြန် ထိထိရောက်ရောက် ဆေးကုပါ။

Condoms (ကွန်ဒွမ်) ကနေအကုန်လုံးကိုမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) ကနေ Gonorrhea, Chlamydia, HIV နဲ့ Trichomoniasisတွေကိုတော့ ကောင်းကောင်းကာကွယ်နိုင်တယ်။ Herpes, Syphilis နဲ့ Genital warts တွေကိုတော့ ကောင်းကောင်းမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) မဖုံးတာကိုတော့ မကာကွယ်နိုင်ပါ။ Crabs နဲ့ Scabies တွေကို လုံးဝ မကာကွယ်နိုင်ပါ။

ကိုယ်ဝန်ဆောင်ရင် အထူးသတိထားပါ။ စောမွေးတာ-ပျက်တာလဲ ဖြစ်နိုင်တယ်။ အထဲကကလေးကို ထိခိုက်နိုင်တယ်။ အသေမွေးနိုင်တယ်။ အလေးချိန်မပြည့်ကလေးမွေးနိုင်တယ်။ ကလေးမှာမွေးရာပါ ချို့ယွင်းချက်တွေ ရှိနိုင်တယ်။

အများစုရောဂါတွေက တခါဖြစ်ပြီး၊ ရောဂါပြီးသွားသလို မဖြစ်စေနိုင်ပါ။ Gonorrhea, Syphilis, Chlamydia နဲ့ Trichomoniasis တွေကို ဆေးကုရင် ရှိနေတာတွေ ကောင်းသွားမယ်။ ဒါပေမဲ့ နောက် ထပ်ဖြစ်ရင် နောက်တခါ ဆေးထပ်ကုရလိမ့်မယ်။ ကိုယ်ကဆေးကုပေမဲ့ အဖေါ်ကဆေးမကုရင် ပြန်ကူးလာမယ်။


Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...