အသီးအနှံများကြောင့် သက်ရှည် ကျန်းမာစေမည်

Written by ဒေါက်တာဘီရော်

ကျွန်ုပ်တို့သည် ထမင်းစားပြီးတိုင်း အချိုပွဲအဖြစ် ချိုမြိန်သော သင်္ဘောသီးမှည့်၊ သခွားသီးမှည့်၊ သရက် သီးမှည့်၊ သီးမွှေး၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနတ်သီး အစရှိသော သစ်သီးများဖြင့် ဧည့်သည်အား တည် ခင်းဧည့်ခံခြင်း၊ ကိုယ်တိုင်မှီဝဲ စားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေရေးကို ပြုလုပ်နိုင်ပါသည်။

သတ်သတ်လွတ် စားခြင်းကြောင့် ကျန်းမာရေး အတွက် ရရှိသော အကျိုးကျေးဇူးများ ရရှိစေသည်။ သစ်သီး၊ ဟင်းသီး ဟင်းရွက်များကိုသာ စားသုံးသော သတ်သတ်လွတ် သမားများတွင် သွေးပေါင်းချိန်မ တက်ဘဲ သွေးတိုး ရောဂါမှ ကင်းဝေးကြောင်း မကြာသေးမီက သုတေသီများ တွေ့ရှိထားပြီး ဖြစ်ပါသည်။

ယခုတစ်ဖန် သစ်သီးနှင့်ဟင်းသီး ဟင်းရွက်များ ကိုသာ စားသုံးသော ဟင်းရွက်များကိုသာ စားသုံးသော သတ်သတ်လွတ် သမားများနှင့် စားသုံးမှုများသော သူများတွင် အခြားသူများထက် ကျန်းမာရေးပိုမို ကောင်းမွန်မှု ရရှိစေကြောင်း သုတေသီများက သိရှိလာကြပြီဖြစ်ပါသည်။

စင်စစ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် သင်၏ကျန်းမာရေးအတွက် ကောင်းမွန် ကြောင်းအတွေး အခေါ် အယူအဆသည် အသစ်အဆန်းတစ်ခုမဟုတ်ပါ။ ဤလေ့လာမှုတွင် ဆန်းသစ် သည်မှာ သုတေသီများ သည် ယင်းတို့ကိုစားသုံးသော အကြိမ်အနည်းအများနှင့် ကျန်းမာရေးအကျိုး ကျေးဇူးအနည်းအများ ဆက်စပ်မှု ရှိကြောင်းကို တွေ့မြင်ခဲ့ကြခြင်းပင်ဖြစ်သည်။

သစ်သီးနှင့်သီးနှံများကို များများစားသုံးလေ နှလုံးရောဂါမှကင်းဝေးပြီး အသက်ရှည်ကျန်းမာလာ ကြောင်းကို လူအများ အားလေ့လာကာ သုတေသနပြုလုပ်ခြင်းမှ သိရှိလာခြင်းပင်ဖြစ်သည်။

စားသုံးနိုင်သော သစ်သီးများမှာ မိမိတို့ကာလဒေသအလိုက် ထွက်ရှိသော သင်္ဘောသီး၊ သရက်သီး၊ မာလကာသီး၊ ငှက်ပျောသီး၊ သြဇာသီး၊ ပန်းသီး၊ နာနတ်သီး၊ ဖရဲသီး စသည်တို့ဖြစ်ပါသည်။

အများဆုံးစားသုံးသင့်သော ဟင်းသီးဟင်းရွက်များတွင် ပန်းမုန်လာထုပ်၊ အာလူး၊ ခရမ်းသီး၊ ဘူးသီး၊ ဖရုံသီး၊ ဘူးရွက်၊ ဖရုံရွက်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကြက်ဟင်းခါးသီး၊ မုန့်ညင်းရွက်စသည်တို့ ဖြစ် ကြပါသည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့၏ ရောဂါကာကွယ်နိုင်စွမ်းအားမှာ တစ်နေ့ငါးကြိမ်ခန့် စားသုံးပါက အထွတ်အထိပ်ဖြစ်ပြီး နောက်ထပ်စားသုံးပါက စွမ်းအားပိုမိုတိုးတက် မလာနိုင်တော့ ကြောင်း လေ့လာတွေ့ရှိ ထားကြပါသည်။

အာဟာရဗေဒအရ ထောက်ခံထားသည့် ပမာဏတွင် လူတစ်ဦးအမြင့်ဆုံး လက်ခံနိုင်မည့် ဓာတ်စာ ပမာဏ ဖြစ်ကြောင်း ဘောစတွန်ရှိ ဟားဗတ်ကျန်းမာရေးကျောင်းမှ အာဟာရနှင့် ကပ်ရောဂါဌာနမှ တာဝန်ရှိသူ ဒေါက်တာ ဖန်ခ့် ဘီ ဟူးက သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါတွေ့ရှိချက်များတွင် လူဦးရေ ရှစ်သိန်းခန့်ပါဝင်ပြီး လက်တွေ့လေ့လာသူများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး လေ့လာမှု ၁၆ ချက်မှ ခွဲခြမ်းစိတ်ဖြာစိစစ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုလေ့လာမှုများတွင် အချိန်ကာလအားဖြင့် လေးနှစ်ခန့်မှ ၂၆ နှစ်တာ လေ့လာဆန်းစစ်ခဲ့ခြင်းများ ဖြစ်ကြောင်းသိရသည်။ လေ့လာမှုအတွင်း လူဦးရေ ငါးသောင်းကျော်မှာ လေ့လာမှုကာလအတွင်း သေဆုံးသွားခြင်းများလည်း ပါဝင်သည်။

လေ့လာမှုခြောက်ခုတွင် ကာလတစ်လျှောက် ဓာတ်စာအုပ်စုအတွင်း အာလူး၊ ခရမ်းသီး၊ ဘူးရွက်၊ ဖရုံ ရွက်စသည့် ဟင်းသီးဟင်းရွက်များနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စုဆောင်းခဲ့ကြောင်းသိရ သည်။

အခြားလေ့လာမှုတွင် သစ်သီးများဖြစ်သည့် ပန်းသီး၊ ငှက်ပျောသီး စသည့်လူတို့နေ့စဉ်စားသုံးနေကျ အသီးများနှင့် စမ်းသပ်ခဲ့ကြပြီး ကျန်လေ့လာမှု လေးခုတွင်မူ နှစ်မျိုးစလုံးစားသုံးမှုကို အခြေခံကာလေ့ လာသုတေသနပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလေ့လာမှုကို အမေရိကန် ပြည်ထောင်စု၊ အာရှနှင့် ဥရောပတို့တွင် လူပေါင်းရှစ်သိန်းကျော်ဖြင့် ပြုလုပ်ခဲ့ရာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော လေ့လာဆန်းစစ်မှုတစ်ခု ဖြစ်ပါသည်။

သစ်သီးနှင့်ဟင်းသီးဟင်းရွက်လုံးဝ မစားသုံးသူများနှင့် နှိုင်းယှဉ်ပါကယင်းတို့ကို နေ့စဉ်တစ်ကြိမ်ခန့် ပုံမှန်စားသုံး သူများကို လေ့လာရာအကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုကာလသည် အကြမ်းအားဖြင့် ငါးရာခိုင်နှုန်းခန့် ပိုမိုလျော့နည်းလာသည်ကို တွေ့ရှိရသည်။ နောက်ထပ်တစ်ကြိမ်ခန့် ပိုတိုးစားသုံး သောသူများတွင် သေဆုံးမှုသည် နောက်ထပ်ငါးရာခိုင်နှုန်းစီ လျော့နည်းသွားသည်ကို ဘီအမ်ဂျေဆေး ပညာဂျာနယ်တွင် ဖော်ပြထားပါသည်။

နှလုံးရောဂါကြောင့် သေဆုံးရန် ဘေးအန္တရာယ်သည်လည်း အလားတူပင်ဖြစ်သည်။ သစ်သီးများနှင့် ဟင်းသီး ဟင်းရွက်များကို ဆတူပုံမှန်စားသုံးပါက ပို၍လျော့နည်းသွားခြင်းကို မြင်တွေ့ရသည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို တစ်နေ့ငါးကြိမ်ထက် ပိုမိုစားသုံးပါက ထပ်မံ၍အကျိုးကျေးဇူးခံ စားရမည် မဟုတ်ဘဲ သုတေသီများ အာမမခံနိုင်ပါဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်ကို တွေ့ရ ပါသည်။

လေ့လာမှုအများဆုံးသည် လူများ၏အသက်အရွယ်၊ ခန္ဓာကိုယ်အညွှန်းကိန်း (ဝခြင်း)၊ ဆေးလိပ် သောက် သုံးခြင်းနှင့် အရက်သောက်သုံးမှုအနေအထားတို့ကို ထည့်သွင်းစဉ်းစားခဲ့ကြောင်း သိရှိရပါ သည်။ ထိုအချက်များ သည် နှလုံးရောဂါအပါအဝင် အခြားရောဂါများကြောင့်လည်း သေဆုံးနိုင်သည့် အချက်အလက်များကို ထည့်သွင်း စဉ်းစားထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မည်သို့ပင်ဆိုစေ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများသည် လူတို့၏နေထိုင်မှုဘဝတွင် ကျန်းမာပျော်ရွှင် ခြင်းနှင့် အသက်ရှည်ခြင်းတို့ကို ကူညီအားပေးသည့် အဓိကဓာတ်စာများဖြစ်ခြင်းကြောင့် ပုံမှန်စားသုံး ခြင်းဖြင့် အကျိုး များစေနိုင်ကြောင်း တင်ပြလိုက်ရပါသည်။


မြန်မာ့အလင်းသတင်းစာ
စက်တင်ဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...