ဖေ့စ်ဘွတ်ခ် အကောင့် မရှိခြင်း၏ အရသာ

ရည်မွန်အောင်

ဘွဲ့ကြို ပထမနှစ် ဒုတိယနှစ်ဝက် မှာပဲ ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ကို ဖျက်ပစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဧပြီလ ဖြစ်မည် ထင်သည်။ ပိုင်းခြား ဆုံးဖြတ် ဝေဖန်ခြင်း စွမ်းရည်ဆိုင်ရာ အတန်းထဲ၌ ဘလက်ဘုတ်နှင့် အနည်းငယ် လှမ်းသည့် ခုံတွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ စာရေးဆရာကြီး ချားစ်ဒစ်ကင်းစ်၏ ခေတ်ကျပ်ကြီး ဆိုသည့် ၀တ္ထုနှင့် ပတ်သက်ပြီး ဆွေးနွေးနေ ခဲ့ကြောင်း အမှတ်ထား မိသည်။

အတန်းထဲမှာ ကျောင်းသား (၁၃) ယောက် လောက်ရှိမည် ထင်သည်။ နေ့လည်စာ စားပြီးချိန်မို့ ကျောင်းသား အားလုံး မျက်လုံးတွေကို ကြိုးစားဖွင့်နေ ရသည်။ သမ်းဝေရလွန်း သဖြင့် မျက်ရည်ဝဲသော မျက်လုံးများဖြင့် စာမျက်နှာများကို ကြည့်နေ ကြသည်။ ကြည့်သာ ကြည့်နေသော်လည်း စာလုံးများကို မြင်ကြဟန်မတူ။ စာအုပ်ကို ဖွင့်ထားသလို လက်ပ်တော့များ ကိုလည်း ဖွင့်ထားကြသည်။ မှတ်စု ထုတ်နေသည်ဟု ပါမောက္ခ ကတော့ထင် ပေလိမ့်မည်။ သိပ်မကြာလိုက် အက်ဒရက်စ်ဘားနေရာတွင် facebook.com ဆိုသည့် စကားလုံးများအား ရိုက်နေကြသည်ကို မြင်လိုက်သည်။ ယင်း နောက်ပိုင်းတွင် အိပ်ငိုက်နေသော မျက်လုံးတွေပြန် ကြည်လင်လာ သည်။ နောက်ထပ် (၅၈) မိနစ် စလုံး သူတို့ မျက်လုံးတွေ လက်ပ်တော့ ဖန်သားပြင် ကမခွာကြတော့။ ကျွန်တော့် လက်ပ်တော့ ကတော့ အိမ်မှာပဲ ကျန်ရစ်ခဲ့ပါသည်။

နောက်ကြောင်း ပြန်လှည့်ရန်မရှိ


လွန်ခဲ့သောလေးနှစ် ဧပြီနေ့လည်ခင်း လေးမှာ ဖေ့စ်ဘွတ်ခ် အကောင့်အား ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်ရခြင်း၏ အကြောင်းအရင်း ကိုတော့ သေသေချာချာ မမှတ်မိတော့ပါဘူး။ အတန်းပြီးလို့ အိမ်ပြန် ရောက်သည်နှင့် နေ့စဉ် လုပ်နေကျ အတိုင်းပင် ကျွန်တော်ရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖွင့်လိုက်သည်။ ပြီးနောက် အခမ်းအနား တစ်စုံတရာ မပါဘဲ အကောင့်ကို ဖျက်သိမ်းခဲ့သည်။ တေးသံချိုချို မပြန့်လွင့်ပါ။ လက်ခုပ် တီးမည့်သူ မရှိခဲ့ပါ။ ကျွန်တော် တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် အကောင့်ကို တကယ်တမ်း ဖျက်သိမ်းရန် ကြာချိန် နှစ်ပတ်အတွင်း ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ခြင်းကို မရုပ်သိမ်းမိဖို့တော့ ကျွန်တော် စိတ်ခိုင်ခိုင်ထားခဲ့သည်။

တကယ် ဖျက်သိမ်းကြောင်း အပြာရောင် ခလုတ်ကလေးကို မနှိပ်မီတွင် ဖေ့စ်ဘွတ်ခ်က ကျွန်တော့် သူငယ်ချင်း ငါးဦးတို့၏ ရုပ်ပုံများကို ဖော်ပြ ပေးခဲ့သည်။ အားလုံး ပြုံးလို့ရွှင်လို့၊ လူမှုရေး လိုလားသော မျက်နှာများဖြင့်။ အကောင့်ကို မဖျက်လိုက်ပါ နှင့်ဟု ပြောနေသလိုပင်။ သူတို့ အားလုံး ကျွန်တော့်ကို လွမ်းနေမည်ဟု ဖေ့စ်ဘွတ်ခ် တွင် စာတမ်းပေါ်လာသည်။ တော်ပြီ တော်သင့်ပြီ။ တကယ် ဖျက်သိမ်းကြောင်း အတည်ပြုသည့် ခလုတ်လေး ကို နှိပ်လိုက်ပါသည်။ ကလစ်ခ်။

ခေတ်သစ် ကမ္ဘာကြီးမှာ ဖေ့စ်ဘွတ်ခ်နှင့် ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် ပြောစရာ များများစားစားရှိ မနေပါဘူး။ လူ တချို့အတွက် တော့ ဖေ့စ်ဘွတ်ခ်မှာ အချိန်ကုန်စေသည့် အရာသာ ဖြစ်သည်။ တချို့ အတွက်တော့ အခြား လူတွေက ကိုယ့်ထက် ပျော်နေသည်ကို အတည်ပြုချက် ရယူသည့် အရာတစ်ခုသာ ဖြစ်သည်။ ကျန် လူအားလုံးက ကိုယ့်ထက်ပို ပျော်နေကြသည်။ ပိုကျန်းမာနေကြသည်။ ပိုဉာဏ်ကောင်း နေကြသည်။ အစားအသောက် ပုံစံ ပျက်ယွင်းခြင်းဆိုင်ရာ ဗဟိုဌာန၏ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခု အရ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ထက်ဝက်ကျော်သည် ဖေ့စ်ဘွတ်ခ်စာ မျက်နှာများရှိ အခြားသူများ၏ ရုပ်သွင်ကို အခြေခံပြီး ကိုယ့်ရုပ်သွင်ကို ဆုံးဖြတ်လေ့ရှိကြောင်း ဖော်ပြထားသည်။ အလားတူဦးရေ ကလည်းအခြားသူများ ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပါ ဓာတ်ပုံများကြောင့် ကိုယ့်ရုပ်ရည်နှင့်ကိုယ်အလေးချိန် တို့နှင့် ပတ်သက်ပြီးပို သတိထားမိ လာကြောင်း ပြောဆိုခဲ့ သည်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် အသစ်တက်လာသော အကြောင်းအရာများကို ကြည့်လိုက်၊ စာမျက်နှာ တစ်လျှောက် အပေါ်တင်လိုက်၊ အောက်ဆွဲလိုက် စသည်ဖြင့် တစ်နေကုန် တစ်နေခန်း မာရသွန်ပြေးသလို အသုံးပြုနေခြင်းကြောင့် လူတွေ အပျော်အရွှင် နည်းလာသည်ဟု သုတေသန ပညာရှင်များ ပြောဆိုခဲ့သည်။ ဖေ့စ်ဘွတ်ခ် အသုံးပြုချိန် ပိုများလေ ပျော်ရွှင်မှု ပိုနည်းလေ ဖြစ်ကြောင်း မီရှီဂန်တက္ကသိုလ်ရှိ လူမှု စိတ်ပညာရှင် များက ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာချက်တွင် ဖော်ပြထားသည်။ နှစ်ပတ်ကြာ ကာလအတွင်း တစ်ရက်လျှင် ငါးကြိမ် ပညာရှင်များက အလေ့လာခံ များထံသို့ မက်ဆေ့ဂ်ျများ ပေးပို့ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ သည်။ ဖေ့စ်ဘွတ်ခ် အသုံးပြုချိန် အတွင်း ခံစားချက်များ၊ စိုးရိမ်စိတ်နှင့် အထီးကျန်စိတ်တို့ အကြောင်း မေးမြန်းခဲ့ သည်။ လူများသည် သူတို့ ၀မ်းနည်းနေချိန်တွင် ဖေ့စ်ဘွတ်ခ် အသုံးပြုလေ့ မရှိကြောင်း ရလဒ် ထွက်ပေါ်လာခဲ့ သည်။ ဖေ့စ်ဘွတ်ခ် ကြောင့် ပိုဝမ်းနည်းရ သောကြောင့်ဟု အလေ့လာခံများက ပြောဆိုခဲ့သည်။

ပြင်ပရှိ လူမှု ဆက်ဆံရေးများကြောင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာရ သော်လည်း အွန်လိုင်းရှိ လူမှု ကွန်ရက်များ ကြောင့် လူများ မကျန်းမမာ ဖြစ်လာရ တတ်ကြောင်း သိရှိခဲ့ရသည်ဟု သုတေသနပညာရှင် တစ်ဦးက ရေးသား ခဲ့သည်။ ရှေ့မှာပြောခဲ့ သလိုပင် ဖေ့စ်ဘွတ်ခ် အကောင့်ကို ဖျက်သိမ်း စဉ်က ကျွန်တော့် ဘေးနားမှာ အခြားလူများ မရှိခဲ့ပါဘူး။ အထီး ကျန်ဆန်နေခြင်း မဟုတ်ပါ။ ကျွန်တော် တစ်ဦးတည်း ရှိနေခြင်းသာ ဖြစ်ပါသည်။ အကောင့်ကို ဖျက်သိမ်း ပြီးနောက်တွင် မတွေ့ဖြစ်တာ ကြာပြီ ဖြစ်သော သူငယ်ချင်းများကို တွေ့ဖြစ်အောင် တွေ့မည်ဟု ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ သူတို့ဆီကို အီးမေးလ် ပို့မည်။ Skype ကနေ တစ်ဆင့် စကားပြောမည်။ သူတို့တွေ ဟာ ကျွန်တော့်ဘ၀ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းများ ဖြစ်သည် ကို ကျွန်တော် နားလည်လိုက်ပါသည်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ် အကောင့်ကို ဖျက်သိမ်းခြင်းမှာ မလိုအပ်သည့် အဆီပို အသားပိုများကို ခန္ဓာကိုယ်မှ ဖယ်ရှားလိုက်ခြင်းသာ ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် မရှိလို့ မိတ်ဆွေမဲ့တာ၊ အဆက်အသွယ် မဲ့သွား တာမျိုးတော့ လုံးဝ အဖြစ်မခံနိုင်ပါဘူး။

ဖေ့စ်ဘွတ်ခ် အကောင့်အား ဖျက်သိမ်းလိုက်ခြင်းကို တိတ်တိတ်လေး လုပ်လိုက်ခြင်း ဖြစ်သော်လည်း ယင်းကို ကျွန်တော့် အတွက်တော့ အကြီးအကျယ်ဆုံး လုပ်ရပ်အဖြစ် သတ်မှတ်ထားသည်။ စိတ် ကြည်ကြည်လင်လင်ဖြင့် ဆုံးဖြတ်ချက်ချ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် အကောင့် ကို ဖျက်သိမ်းပြီး နောက်ပိုင်းတွင် အပြုသဘော ဆောင်သော ဖြစ်ရပ် အတော်များများ ပေါ်ပေါက်လာခဲ့သည်။ အချိန် ကြာလာသည်နှင့် အမျှ ဖျက်သိမ်း ခြင်း မှန်ကန်ပုံမှာ ပိုလို့သာ မှန်ကန်လို့ လာခဲ့သည်။ နောက်ဆုံး စတေးတပ်စ် ဖော်ပြချက်များ၊ လိုက်ခ်များ၊ မှတ်ချက်များ၊ မွေးနေ့ သတိပေးချက်များ၊ အခမ်းအနား ဖိတ်ကြားမှုများနှင့် ဓာတ်ပုံများ မရှိဘဲ လူသားဖြစ်သော ကျွန်တော့် အတွက် အခြားသော လူမှုရေး ဆိုင်ရာ ထွက်ပေါက်များစွာ ရှိနေသေး ကြောင်း သဘောပေါက် လာခဲ့သည်။ ဒီတစ်ကြိမ်တော့ မိတ်ဆွေဖြစ်မှု ဆက်လက် တည်တံ့ရေးအတွက် အပြာရောင် လက်မလေး မလိုအပ်ကြောင်း သိနားလည် လာခဲ့သည်။ နောက်ပြီး ကော်ဖီခွက် စတစ်ကာလေးများလည်း မလိုပါ အပ်ပါဘူး။ ကော်ဖီခွက် ဘယ်လောက်လှလှ တကယ့် ကော်ဖီမပါလို့က တော့အလကားသာ ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကမ္ဘာပို ကျယ်ပြန့်လာသလို ကျွန်တော်ရဲ့ပုဂ္ဂလိက အတွေ့အကြုံ ပိုထူးခြားလာတယ် လို့ ခံစားခဲ့ရသည်။ ဖေ့စ်ဘွတ်ခ်လို အမှိုက်မြစ်ကြီး ကနေ ပျော်ရွှင်မှု ဆိုသော အမှိုက်သရိုက်ကို ကောက်ယူနေ ရသည့် ဘ၀ အဆုံးသတ် သွားခြင်း၏ အကျိုးဆက်များ ဖြစ်သည်။ ပန်းခြံထဲတွင် စစ်တုရင် ကစားသည်။ ကစားခဲ့ပုံ ကိုလည်း လူနှစ်ဦးကို ပြောပြသည်။ လူ(၂၀၀) ကို ပြောပြခြင်း မဟုတ်ပါ။ ဖုန်းဆက်ပြီး ဖိတ်ထားသည့် ပါတီများ၊ လူချင်း တွေ့ဆုံပြီး ဖိတ်ထားသည့် ပါတီများ၊ မေးလ်မှ တစ်ဆင့် ဖိတ်ထားသည့် ပါတီများသို့ သွားရောက်ခဲ့သည်။ စာဖတ်ချိန် လည်းပိုရ ခဲ့သည်။ အနာဂတ်တွင် ပြုလုပ်မည့် အစီအစဉ်များ ကိုလည်း စိတ်တိုင်းကျ ပြန်လည်ရေးဆွဲ နိုင်ခဲ့သည်။ အနှစ်ချုပ်လျှင် ကျွန်တော်ပိုင်လို့ပြော နိုင်သည့် အချိန်ကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

ပထမနှစ် ကျောင်းပိတ်တော့ အိမ်မှာပဲနားနေ ခဲ့သည်။ အထက်တန်း ကျောင်းတုန်းက သူငယ်ချင်းများနှင့် ပြန်တွေ့ ခဲ့သည်။ စကားတွေ ရေပက်မ၀င်အောင် ပြောကြသည်။ သူ့အကြောင်း ကိုယ့်အကြောင်းလည်း ပါသည်။ နေရပ်မှ ပြောင်းရွှေ့ သွားသည့် သူငယ်ချင်းများ အကြောင်းလည်း ပါသည်။ ဖြစ်ရပ်ဟောင်းတွေ အသစ်ပြန် ဖြစ်သည်။ တကယ်ရှိ၊ တကယ် ဖြစ်နေသော လူသားဆန်ဆန် နွေးထွေးမှုများကို ပြန်လည် ရရှိခဲ့သည်။

ကျွန်တော်ရဲ့လက်တွေ့ဘ၀ကိုပြန်လည် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါကိုပဲ ဖေ့စ်ဘွတ်ခ် မရှိသော ဘ၀၏ အကြီးအကျယ် ဆုံးသော ဆုလဒ် အဖြစ် သတ်မှတ်ထားသည်။ ယခင်ကတော့ ကျွန်တော်သည် ကမ္ဘာပေါ်တွင် အဖွဲ့ ဝင် အများဆုံး ကလပ်ကြီး တစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ သည်။ သို့သော် ကမ္ဘာ့ လူဦးရေ အများဆုံး ကလပ်ကြီး ပိုမိုကြီးမားလာသည်နှင့် အမျှ အဖွဲဝင် ဖြစ်ခြင်းက အဓိပ္ပာယ်မဲ့ လာခဲ့သည်။ ဖေ့စ်ဘွတ်ခ်နှင့် အဆက် အသွယ် ဖြတ်လိုက်ခြင်းက ကိုယ်ပိုင်ကလပ် တစ်ခုကို တည်ထောင်လိုက်ခြင်း ဖြစ်သည်။ အဖွဲ့ဝင် ကျွန်တော် တစ်ဦးတည်းဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

သူငယ်ချင်းဖြစ်ရန် တောင်းဆိုမှုနည်းလေ မိတ်ဆွေဖြစ်မှုပိုများလေ

ဖေ့စ်ဘွတ်ခ်ရှိ မိတ်ဆွေ ဖြစ်မှုမှာ ပညာရှင်များ အခေါ်အရ အားနည်းသော နှောင်တွယ်မှု အပေါ်တွင် အခြေခံ ထားခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် တွင် မိတ်ဆွေ ထောင်ချီရှိနိုင် သော်လည်း သူတို့ အားလုံးနှင့် ထိရောက်သော၊ အဓိပ္ပာယ် ရှိသော ဆက်ဆံရေးကို မတည်ဆောက် နိုင်ပါက မိတ်ဆွေ မရှိ ခြင်းက ပိုကောင်းသည် ဆိုရမည်။ အားနည်းသော နှောင်တွယ်မှုကို အသိအကျွမ်းဟု ခေါ်မည်ဆိုလျှင် အားကောင်းသော နှောင်တွယ်မှုကို ရင်းနှီးသော သူငယ်ချင်းများ ဟု ခေါ်ရပါမည်။ ကျွန်တော် အားကောင်းသော နှောင်တွယ်မှု ကိုသာ လိုအပ်ပါသည်။

အနည်းဆုံးတော့ က၊ွန်တော့်မှာ ရှိသော အားကောင်းသော နှောင်တွယ်မှု များကို ပြန်လည် စုစည်းရန် ဆန္ဒရှိနေ ပါသည်။ အသက် မွေးဝမ်းကြောင်း ကိစ္စတွေမှာ အားနည်းသော နှောင်တွယ်မှု တွေက အရေးပါပါသည်။ ယင်းကြောင့် ဖေ့စ်ဘွတ်ခ်အကောင့် ဖျက်သိမ်းပြီး တစ်နှစ်အကြာတွင် ကျွန်တော် တွစ်တာ လူမှုကွန်ရက်တွင် စတင်ပါဝင်ခဲ့သည်။ တွစ်တာမှာ ကမ္ဘာလုံးဆိုင်ရာ သတင်း အချက်အလက် အခြေခံသော လူမှုကွန်ရက် ဖြစ်သည်။ တွစ်တာ တွင် ခင်ဗျား ဘာဖြစ်သည်ကို ဂရုမထား၊ ခင်ဗျားဘာတွေးသည် ကိုသာ ဂရုထားပါသည်။ ကိုယ့်ကိုယ် ကိုယ် အတွေးအခေါ် နှစ်သက်သူ၊ ပညာလိုလားသူ အဖြစ် ယူဆထားသောကြောင့် ကျွန်တော့်တွင် တွစ်တာမှ ရနိုင်သော အားနည်းသော အနှောင်အဖွဲ့ များကို လိုအပ်ကြောင်း သိရှိထားပါသည်။ လူမှု ဆက်ဆံရေး ဆိုသည်မှာ မတော်တဆ ဖြစ်ရပ်တစ်ခု မဟုတ်ပါ။ အမှိုက်ပုံထဲမှ ရွှေရှာဖို့ ကျွန်တော့် အချိန်မပေးနိုင်ပါဘူး။

ယခင်ကဆိုလျှင် ကျွန်တော် ကွန်ပျူတာ ဖန်သားပြင်ကို စွဲလမ်းခဲ့သည်။ လူမှုရေးသတ္တ၀ါ ဖြစ်သော ကျွန်တော်၏ အချိန် အတော်များများကို ဖေ့စ်ဘွတ်ခ်က ၀ါးမြိုခဲ့ ဖူးသည်။ အလက်ဇီ၏ ဆေးမင်ကြောင် ဘယ်လို ပုံစံမျိုးရှိမလဲ၊ မာ့ခ်တော့ ဘယ်လို ကောင်မလေးနဲ့ တွဲနေလဲ အဲဒီလို အသိမ် အဖျင်းတွေကို ကျွန်တော် အမြဲ သိချင်ခဲ့သည်။ အခုတော့ တော်ပါပြီ တန်ပါပြီ။ ငါးရက်ကြာ ဖန်သားပြင် မကြည့်ခြင်းကြောင့် ဆယ်ကျော်သက် များသည် အခြား သူများ၏ မျက်နှာ အနေအထားကို ကြည့်ပြီး စိတ်ခံစားချက်ကို ခန့်မှန်းနိုင်ခြေ ပိုမို တိုးတက်လာကြောင်း မကြာသေးမီက လေ့လာချက် တစ်ခုတွင် ဖော်ပြထားသည်။ ကမ္ဘာကြီး ဒီဂျစ်တယ်ဆန်လာသည်နှင့် အမျှ သိပ္ပံ ပညာကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့ ဖန်တီးထားသည့် စက်ရုပ်များကဲ့သို့ ဖြစ်လာသည်။ ခံစားချက် မရှိသော ဉာဏ်ရည်မြင့် အရုပ်များ ဘ၀သို့ ရောက်ရှိခဲ့သည်။

ယခုအချိန်မှာတော့ ကျွန်တော့်ဘေးနားမှာ ကွန်တော့်ထံ မည်ကဲ့သို့ ဆက်သွယ်ရမည်ကို သိရှိသူများသာ ရှိနေ ပါသည်။ ကျွန်တော့်မှာ အသစ်တင်ပေး ရမည့် စတေးတပ်စ် မရှိပါဘူး၊ လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် ရီကွက်စ်များလည်း မရှိပါဘူး။ ကျွန်တော့်မှာ အသံရှိ နေသည်။ လက်မ အစစ် နှစ်ချောင်းရှိ နေသည်။ အီးမေးလ် လိပ်စာရှိနေသည်။ ဒါ့အပြင် တကယ်အဓိပ္ပာယ် ရှိသော အရာများလည်း ရှိနေသည်။ ကဲ အောင်ပွဲခံသည့် အနေ ဖြင့် ကော်ဖီစစ်စစ် တစ်ခွက်ကို သောက်လိုက်ကြပါစို့ လားဗျာ။ 


Ref: What It Feels Like Not To Have A Facebook:NR
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...