ဘွဲ့ရလူငယ်များ အလုပ်လက်မဲ့ ဖြစ်နေမှု ကြာပါက မျှော်လင့်ချက်ပါ မဲ့သွားနိုင်ဟုဆို

မြန်မာနိုင်ငံတွင် ဘွဲ့ရလူငယ်များ အလုပ်လက်မဲ့ ဖြစ်နေမှုကြာပါက မျှော်လင့်ချက်ပါ မဲ့သွားနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလူငယ်ရေး တာဝန်ခံ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ သည်။

ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမတွင် သြဂုတ် ၃၀ ရက်က ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မျိုးဆက်တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

ပြဿနာ

‘ဘွဲ့တော့ရထားပြီး ဘာအလုပ်မှမရှိဘူး။ လုပ်စရာအလုပ်ကလဲ မရှိဘူး။ ဒါဟာကျွန်မတို့နိုင်ငံ လူငယ် တွေရဲ့ အဓိကကြုံနေရတဲ့ ပြဿနာကြီးဖြစ်နေတယ်။ လူငယ်တွေက အလုပ်မရှိတော့ စိတ်လေတယ်။ အလုပ်မဲ့တာက ပြဿနာမဟုတ်ဘူး။ မျှော်လင့်ချက်မဲ့တာက ပြဿနာဖြစ်ပါတယ်။ လူငယ်တွေက အလုပ်မရှိတာကြာလာတော့၊ မိဘကို အားကိုးတာကြာလာတော့ အခြားအလုပ်ရှိတဲ့သူတွေကြားမှာ မျက်နှာငယ်ရတာကြာလာတော့ စိတ်ဓာတ်ကျပြီး မျှောင်လင့်ချက်မဲ့သွားနိုင်တယ်’ ဟု၎င်းကပြောကြား သည်။

လူငယ်များအနေဖြင့် ယခင်ခေတ်က ဘွဲ့တစ်ခုရပြီးပါက အလုပ်ရရန်လွယ်ကူပြီး ဘွဲ့တစ်ခုရပြီးပါက မိမိခြေထောက်ပေါ် ရပ်တည်နိုင်သောကြောင့် အသက်ငယ်သော်လည်း လူကြီးအရာဝင်ခဲ့ပြီး ယခု နောက်ပိုင်းတွင် လူငယ်များဘွဲ့ရပြီး အလုပ်ရရှိမှုခက်ခဲလာသောကြောင့် မိဘကိုသာအားကိုးနေကြပြီး လူကြီးအနေအထားသို့ မရောက်နိုင်ဖြစ်နေရသည်ဟု ဒေါ်စုကပြောကြားသည်။

ရွေးချယ်ပိုင်ခွင့်

‘ကျွန်မတို့နိုင်ငံရဲ့ အခုလက်ရှိ ပြဿနာတွေကိုလည်း သတ္တိရှိရှိနဲ့ကျော်လွှားနိုင်ဖို့လိုတယ်။ တတ်နိုင်သ မျှလူငယ် မျိုးဆက် သစ်တွေကို အခွင့်အရေးတွေ အများကြီးပေးဖို့လိုတယ်။ အခွင့်အရေးသစ်ဆိုတာ အခွင့်အရေးယူဖို့ မဟုတ်ဘူး။ သူတို့ရွေးချယ်ပိုင်ခွင့်တွေ ပေးနိုင်သလောက်ပေးဖို့ ကြိုးစားစေချင်တယ်။ ရွေးချယ်ပိုင်ခွင့်တွေများ မှလည်း လူတိုင်းလူတိုင်း ကိုယ်သန်ရာကိုရွေးချယ်နိုင်မယ်။ အဲလိုရွေးချယ်နိုင်မှ လည်း တိုးတက်မှာဖြစ်ပါတယ်’ ဟု ၎င်းကပြောကြားခဲ့သည်။

အခက်အခဲ

လက်ရှိတွင် လူငယ်မျိုးဆက်သစ်များစုရုံးရာ၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်အပြင် အခြားနိုင်ငံရေးပါတီဝင်ရန်အတွက် နိုင်ငံရေးပါတီဝင်ဖြစ်ပါက ကျောင်း ထုတ်ခံရနိုင်ခြင်း၊ စာမေးပွဲ မဖြေနိုင်ရခြင်းကဲ့သို့သော ခြိမ်းခြောက်မှုများရှိနေသောကြောင့် စုရုံးရန် အခက်အခဲများ ဖြစ်ပေါ်နေဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ 


စံတော်ချိန်သတင်းစာ
သြဂုတ် (၃၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...