ဆက်ဆံရာမှာ ပြေပြစ်ပါ

သင်သည် ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် ပေါင်းသင်ရ ခက်သောသူ အဖြစ်မခံပါနှင့်။ အတ္တကြီး ခြင်း၊ အများဆန္ဒကို မလိုက်လျော တတ်ခြင်း၊ မိမိဖြစ်စေ ချင်သော ဆန္ဒကို ဆုပ်ကိုင်ထားခြင်း၊ ဤအကြောင်း တရား သုံးပါးနှင့် ပြည့်စုံပြီ ဆိုပါက သင်သည် ပေါင်း သင်းရ ခက်သောသူ စာရင်းဝင် ဖြစ်သွားပါ လိမ့်မည်။ ထို့ကြောင့် အတ္တထက် ပရကို ရှေ့တန်းတင်ပါ။ အများ ဆန္ဒကို မိမိဆန္ဒနှင့် အနီးကပ်ဆုံးဖြစ် အောင် အကြိုက် ဆောင်ပြုမူ တတ်အောင် ပြုပါ။ မိမိဖြစ်လိုသော ဆန္ဒအား တစ်ပါးသူ လိုက်လျောအောင် စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်ခြင်း တို့နှင့် မပါပါအောင် ပြုလုပ် တတ်ပါစေ။ ဤသို့ပြုပြီဆိုလျှင် ဒေးကာ နက်ဂျီအလိုအရ ငါးကိုပေါင်မုန့်၊ ကိတ်ခြောက်တို့ဖြင့် မျှား၍မရ၊ တီကောင်နှင့် မျှားမှ ရမည်ဖြစ်၍ သူ့အကြိုက်လိုက်၍ ပြုမည်ဆိုပါက သင့်နောက်ကို တစ်ကမ္ဘာလုံး လိုက်လာပါ လိမ့်မည်ဟု အဆိုရှိသဖြင့် မကောင်းသော အမူအကျင့် အပြောအဆို မျိုးကို ရှောင်ပြီး ပြေပြေ ပြစ်ပြစ်ပြောဆို တတ်သော အကျင့် ကောင်းကို ဆောင်ပါ။ အရာရာ အဆင်ပြေလာမည်ဟု တစ်ထစ်ချ ဆိုနိုင်ပါသည်။

စာရေးသူသည် ဆက်ဆံရေး ခက်ခဲသော အထက်အရာရှိ တစ်ဦးနှင့်အတူ လုပ်ခဲ့ဖူးသည်။ သူသည်ရုံးသို့ ရောက်လျှင် သူ့စားပွဲအား ဖုံများခါသည်။ ပြီးလျှင်ဖိုင်တွေ လှန်သည်။ ထို့နောက်ဖုန်းပြောသည်။ နေ့စဉ် သူလုပ်နေကျ အလုပ်ဖြစ်သည်။ ထို့ကြောင့်သူ့အား ဖသုံးလုံးဆရာဟု ခေါ်ကြသည်။ ကျွန်တော်တို့ဌာန သို့ မဆလခေတ် ပါတီယူနစ်တစ်ခုမှ ကူးပြောင်း လာခြင်းဖြစ်၍ မူတွေဘောင်တွေ တွင်တွင်သုံးသည်။

တစ်ညနေ ရုံးဆင်းသည့်အခါ ကျွန်တော့်အားခေါ်၍ သူ့ဘောင်းဘီရှည် တစ်ထည် ပင်မင်းပေးရန် တာမွေအဝိုင်း နားက ဆိုင်ကို သွားကြသည်။ ပင်မင်းဆိုင်သို့ရောက်လျှင် ဆရာကြီးက “ဒီမှာဆရာကြီး၊ ကျွန်တော့ဘောင်းဘီကို ပင်မင်းပေးချင်တယ်။ ခင်ဗျား လုပ်ရမှာက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက လျှော်မယ်၊ နောက်တစ်ပိုင်းက မီးပူထိုးရ မယ်” ဟုပြောပြီး ပြန်ခဲ့ကြသည်။

နောက်နှစ်ရက်လောက် ကြာတော့ ဆရာတပည့်နှစ်ယောက် ပင်မင်းဆိုင်သို့ ရောက်သွားသည်။ ထိုအခါ ဆရာကြီး က ဘောင်းဘီရှည်အား ထုတ်ပေးသည်။ ထိုအခါ ဘောင်းဘီအား ညာတစ်ဘက်ကို မီးပူထိုး ထားပြီး ကျန်တစ်ဖက် ကို လျှော်ပြီးသည် အတိုင်းထားသည်။ ဆရာသည် ဒေါသထွက်ပြီး “ဒါ ခင်ဗျား ဘယ်လို လုပ်တာလဲ” ဟုမေးသော အခါ ဆရာကြီးက ကျုပ်ကို တစ်ပိုင်းပဲ မီးပူထိုး နောက်တစ်ပိုင်းက လျော်လို့မှာခဲ့တာပဲ ခင်ဗျားမှာသလို ကျုပ်လုပ် ထားတာလေ” ဟုပြန်ပြောလေသည်။ ထိုအခါ ကျွန်တော်ကပင် ဝင်၍ ပြေရာပြေကြောင်းပြောပြီး ပြန်ခဲ့ကြသည်။ နောက်နေ့ ကျွန်တော် သွားရွေးပြီး ပေးလိုက်ရသည်။ ထိုကဲ့သို့ ခေါင်းဆွဲကြီးသော အလေ့အကျင့်မျိုးကို နေရာ တကာ သုံးမှုကြောင့် ပေါင်းရသင်းရခက် ခဲသော လူစာရင်းဝင် ဖြစ်သွားရခြင်းဖြစ်သည်။

အမှန်မှာ သင်သည် ရပ်ထဲရွာထဲမှာဖြစ်စေ၊ အဖွဲ့အစည်းထဲမှာဖြစ်စေ မိမိဆန္ဒကို တစ်ပါးသူလိုက်လျော လာအောင် ပြုမူပြောဆို ဆက်ဆံတတ်သော အလေ့အကျင့်ကို လုပ်ရမည်။ မိမိမှန်သည်ဟု ပြောမိဆိုမိ ပြုလုပ်မိပါက သင်ဘေးထွက် သွားရပါလိမ့်မည်။

ထို့ကြောင့် အများဆန္ဒသည် အရေးကြီးသကဲ့သို့ မိမိဆန္ဒကိုလည်း တစ်ပါးသူ လိုက်လျောလာအောင် ပြုလုပ် တတ်ပါစေ။ သို့မှသာသင်သည် စည်းထဲဘောင်ထဲ ဝင်နေသူဖြစ်၍ တစ်ပါးသူတို့၏ အားပေး ထောက်ခံမှု ရရှိနေမည်မှာ သေချာပါသည်။ ထို့ကြောင့် စီးပွားရေးနယ်ပယ်၊ ပေါင်းသင်း ဆက်ဆံရေးနယ် ပယ်တို့တွင် ပြေပြေပြစ်ပြစ် ပြောဆို ဆက်ဆံတတ်ပါစေရန် တိုက်တွန်းလိုက် ရပါသည်။ ။


ကြေးမုံသတင်းစာ
စက်တင်ဘာ (၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...