မာရူဘီနီ ကော်ပိုရေးရှင်းက ပညာသင်ဆု ပေးအပ်

ရန်ကုန် စက်တင်ဘာ ၁၆

နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူ တာ တက္ကသိုလ် မဟာဘွဲ့သင်တန်း ပညာသင်ဆု အတွက် ၂ဝ၁၄ -၂ဝ၁၅ ပညာသင်နှစ် ပညာသင်စရိတ် ခြောက်သိန်းခွဲ ကို ကျောင်းသား ကျောင်းသူ ရှစ်ဦးအား ဂျပန်နိုင်ငံ မာရူဘီနီ ကော်ပိုရေးရှင်းက စက်တင်ဘာ ၁၅ ရက်က ပေးအပ်ခဲ့သည်။

အမှန်တကယ် ငွေကြေးထောက်ပံ့မှု လိုအပ်ပြီး ပညာရပ် ထူးချွန်၍ မည်သည့် ပညာသင်ဆုမှ ရရှိထား ခြင်းမရှိသေးသည့် ကျောင်းသား ကျောင်းသူများမှ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

မာရူဘီနီ ပညာသင်ဆုအတွက် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ လေးဦး၊ မန္တလေးနည်း ပညာတက္ကသိုလ်မှ နှစ်ဦးနှင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှနှစ်ဦးစုစုပေါင်း ရှစ်ဦးအား သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနက ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပခဲ့ပြီး မာရူဘီနီ ကော်ပိုရေးရှင်းမှ ဒုတိယဥက္ကဋ္ဌမစ္စတာ မာမိုရူစီကီရာမာ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဘရွှေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် မစ္စတာ တာတီရှီဟီဂူချီ တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် ပညာသင်ဆု ရရှိသူများအား မာရူဘီနီကော်ပိုရေးရှင်းမှ မစ္စတာ ကိုဂျီကူရိုဒါက ပေးအပ်ချီးမြှင့်ခဲ့သည်။

မာရူဘီနီ ပညာသင်ဆုလျှောက် ထားရန်အတွက် နောက်ဆုံးနှစ် အမှတ်စာရင်း မဟာတန်းတက်ရောက်ရန် ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲရမှတ်၊ ကိုယ်ရေးရာဇဝင်၊ မဟာတန်း တက်ရောက်နေသည့်ထောက် ခံချက်များ တင်ပြရခြင်းဖြစ်ကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ်မှ သိရသည်။

မာရူဘီနီကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေခဲ့သည်မှာ နှစ်ပေါင်း ၇ဝ ကျော်ရှိ ပြီဖြစ်သည်။ ယခုအချိန်တွင် သီလဝါ အထူး စီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိသည်။ ယခုပေးအပ်သည့် ပညာသင်ဆုမှာ ပထမဆုံးအကြိမ် အဖြစ် ပေးအပ်ခြင်းဖြစ် သည်။


(သတင်းစဉ်)
The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...