နိုင်ငံခြားမှာ ကျောင်းသွားတက်မယ် ဆိုရင်

လက်ရှိတွင် အင်္ဂလန်နိုင်ငံ တက္ကသိုလ်၊ ကောလိပ် ငါးဆယ်ကျော်ကို ဗီဇာစည်းမျဉ်း အပါအဝင် တခြာ စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက် မှုများကြောင့် တရားဝင် လိုင်စင်များ ရုပ်သိမ်းပြီး နိုင်ငံတကာ ကျောင်းသား လက်ခံခွင့်များ ကိုလည်း ရပ်ဆိုင်းလိုက် ပြီဖြစ်သည်။

ထိုကဲ့သို့သော ကိစ္စရပ်များသည် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စရပ်များဟု ဆိုသော်လည်း တကယ်တမ်း ဖြစ်လာ သည့်အခါ နစ်နာကြေးရသည်က ကျောင်းသားများ ပင်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံမှကျောင်းသူ၊ ကျောင်းသားများအနေဖြင့် နိုင်ငံခြားသို့ ကျောင်းသွားတက်တော့ မည်ဆိုလျှင် လိုအပ်သည့် အရည်အချင်းများကို သေချာပြင်ဆင်ပြီးမှ သွားသင့်သလို မိမိတက်မည့် တက္ကသိုလ် (သို့မဟုတ်) ကောလိပ်သည် ယုံကြည်စိတ်ချရသည့် အနေအထားတွင် ရှိမရှိကိုစုံစမ်းပြီးမှ မိမိတက်ရောက်လိုသည့် ဘာသာရပ်ကို ရွေးချယ်တက်ရောက် သင့်ပေသည်။

နိုင်ငံခြားတက္ကတသိုလ်၊ ကောလိပ်၊ အချို့အရေးယူခံရတဲ့အကြောင်းရင်းကို နိုင်ငံကာကျောင်းများသို့ သွားရောက် ပညာသင်ကြားကြမည့်သူတိုင်း အင်္ဂလိပ်စာအရည်အချင်း သတ်မှတ်ချက် IELTS ကိုသိ ကြရမည်ဖြစ်သည်။ ထို IELTS သတ်မှတ်ချက်သည် အနည်းဆုံး ၆ ဒသမ ၀, ၆ ဒသမ ၅ ထိ ရှိရမည် ဖြစ်သော်လည်း အချို့တက္ကသိုလ်၊ ကောလိပ်များ၌ သတ်မှတ်ချက်ပြည့်မီခြင်းမရှိသော်လည်း ဝင်ခွင့်ရ ရှိအောင်ဆောင်ရွက်ပေးကြရာမှ ယခုကဲ့သို့ အရေးယူမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

“နိုင်ငံတကာမှာက တစ်နှစ်စာသင်ပြီးသွားရင် ဒီပလိုမာကနေ ဒီဂရီပြောင်းတယ်။ ဒီဂရီကနေ မာစတာ ပြောင်း တယ်။ အဲဒီလိုပြောင်းတဲ့အခါ အင်္ဂလိပ်စာစစ်ဆေးတဲ့ စနစ်တစ်ခုရှိတယ်။ အဲဒီစနစ် စစ်ဆေးတဲ့ ကြားထဲက လူတွေက မှန်မှန်ကန်ကန် တိတိကျကျမစစ်ဆေးဘဲ အမှတ်တွေပြင်တာတွေ လုပ်ပေးလိုက် ကြပြီး လက်ခံလိုက်တဲ့ ကောလိပ်တွေ၊ တက္ကသိုလ်တွေကို အရေးယူတာပေါ့” ဟု CROWN Education မှ ကိုအောင်ကျော်ဆန်း ကပြော သည်။

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် (IELTS) ကို အဓိက ဖြည့်ဆည်းသင့်

နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်အချို့တွင် ယင်းကဲ့သို့ ကိစ္စရပ်များဖြစ်လေ့ ရှိသည့်အတွက် မြန်မာနိုင်ငံမှ ကျောင်း သားများလည်း အထူးသတိပြုရန် လိုအပ်သည်။

အထူးသဖြင့် အင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်ကို IELTS ကိုမိမိသွားရောက်ပညာသင်မည့် တက္ကသိုလ် (သို့မဟုတ်) ကောလိပ်မှ တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ဖြည့်ဆည်းထား သင့်ကြောင်း သိရ သည်။

“မြန်မာနိုင်ငံကသွားတဲ့ ကလေးတွေအနေနဲ့ ဟိုဘက်ကတက္ကသိုလ်တွေကို လျှောက်ထားတဲ့အခါ IELTS ကို မလိုဘဲနဲ့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပြင်ဆင်ပြီးမှပဲ သွားသင့်တယ်” ဟု ကိုအောင်ကျော်ဆန်းက အကြံပြုပြောကြားသည်။

မိမိ၏အင်္ဂလိပ်စာအရည်အချင်း သတ်မှတ်ချက် IELTS သည်ပြည့်မီရန် လိုအပ်နေသည့်အတွက် အခြားငွေကြေး အကူအညီဖြင့် လျှောက်ထားခြင်းမျိုးမပြုလုပ်သင့်သလို ယင်းသို့သောကိစ္စရပ်များ၊ စစ်ဆေးတွေ့ရှိပါက အရင်ဆုံး နစ်နာရသည်က ကာယကံရှင်ကျောင်းသားများပင် ဖြစ်သည်။

အထူးသဖြင့် အင်္ဂလန်တက္ကသိုလ်များသို့ သွားရောက်ပညာသင်ကြားမည်ဆိုပါက ကျောင်းသား၏ နေထိုင်ရေး အတွက် ဗီဇာသက်တမ်းတိုးကိစ္စများတွင် အင်္ဂလိပ်စာစစ်ဆေးရာ၌ IELTS သည်အရေးပါ ကြောင်း၊ UK Border Agency တွင်မိမိ၏ Student Pass ကိုသက်တမ်းတိုးရန် ဆက်လက်လျှောက် ထားရာ၌ IELTS ကိုဖြေပြီးမှသာ သက်တမ်းတိုးလျှောက်ထားခြင်းသည် ပို၍စိတ်ချရကြောင်း သိရ သည်။

နိုင်ငံတကာ ကျောင်းသားများကို လက်ခံနိုင်သည့် လိုင်စင်ရှိမရှိ စစ်ဆေးသင့်

နိုင်ငံခြားကို ကျောင်းသွားတက်မည်ဆိုပါက မိမိတက်မည့်တက္ကသိုလ် (သို့မဟုတ်) ကောလိပ်သည် နိုင်ငံတကာ ကျောင်းသားများကို လက်ခံနိုင်သည့်လိုင်စင်ရှိမရှိ စနစ်တကျ လေ့လာစုံစမ်းရန်မှာလည်း အရေးကြီးသည့် အချက် တစ်ချက်ဖြစ်သည်။ တက္ကသိုလ်၏နောက်ခံ အကြောင်းအရာများနှင့် နိုင်ငံတကာ ကျောင်းသားလက်ခံနိုင်သည့် လိုင်စင်တွင်သက်တမ်းရှိမရှိကိုလည်း သေချာလေ့လာစုံစမ်းသင့် ကြောင်းသိရသည်။

ယခုနောက်ပိုင်းနိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လင်းလာသည့် ဘာသာရပ် များကို ကျောင်းသားအများစုမျှမျှတတ ရွေးချယ်လာကြသည့်အတွက် နိုင်ငံတကာကျောင်း များသို့ သွားရောက် ပညာသင်ကြားမှုများက ပိုမိုများပြားလာသလို နိုင်ငံတကာပညာရေးဝန်ဆောင်မှု လုပ်ငန်းများလည်း ပိုမိုတွင်ကျယ် လာသည်။

ထိုသို့ ရွေးချယ်စရာ များပြားသည့်အထဲကမှ မိမိသွားရောက် ပညာသင်ကြားလိုသော ဘာသာရပ်ကို မိမိ ကိုယ်တိုင် ရွေးချယ်ဆုံဖြတ်နိုင်သည်ဖြစ်စေ၊ အေဂျင်စီများမှအကြံပြု ရွေးချယ်ပေးသည်ဖြစ်စေ၊ တတ်ကျွမ်းနားလည်သည့် ပညာရေး အတိုင်ပင်ခံများထံမှ အကြံဉာဏ်များရယူပြီးမှသာ နိုင်ငံခြားသို့သွား ရောက်ပညာသင်ကြားခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါကြောင်း။ 


Democracy Today Daily
သြဂုတ် (၂၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...