Thyrosit လည်ပင်းကြီး ဟော်မုန်းဆေး

1. ကျမအသက် ၂၃ ပါ။ အိမ်ထောင် ရှိပါတယ်။ အခုလက်ရှိ (့) မှာပါ။ ငယ်ငယ် ကတည်းက လည်ပင်းကြီးရောဂါ ရှိပါတယ်။ ကျောင်းမှာ လာစစ် ပေးတဲ့ ကျန်းမာရေးမှူးက ပြောလို့သိရတာပါ။ ၃-၄ တန်းတုန်း ကလောက်ပါ အဲ့ဒီတုန်းကတော့ အိုင်အိုဒင်းဆား စားရုံကလွဲလို့ ဘာမှ မကာကွယ်ဖြစ်ပါဖူး။ ကျမ (့) ကို ရောက်တော့မှ လည်ပင်းအထူးကုနဲ့ ပြတော့ ဆေးပေးပါ တယ်။ လည်ပင်းက သိသိသာသာ ကြီးတာတော့ မဟုတ်သေးပါဖူး။ ဆေးနာမည်တော့ မမှတ်မိတော့ပါဖူး။ အဲဒါက လွန်ခဲ့တဲ့ ၂ နှစ်ကပါ။ ဆေး ၁ နှစ်လောက် စားပြီးတော့ ဆေးစားတာ နားခိုင်းလိုက်ပါတယ်။ ကျမလည်း ပျောက်ပြီ ထင်သွားပါတယ်။ ဒါပေမဲ့ ဆေးဖြတ်ပြီး ၂ နှစ်လောက် ရှိတော့မှ လည်ပင်းက အရင်ကထက် နည်းနည်း ပိုကြီး လာတယ် ထင်လို့ ပျောက်-မပျောက် သေချာသွားမေးမယ်ဆိုပြီး ထပ်သွားတော့ အရင်ပြတဲ့ အထူးကုပါပဲ၊ ဆေး ၁ လစာ ထပ်ပေးစားပါတယ်။ ဆေးနာမည်က Thyrosit 100mcg ပါ။ နံနက်အစာ စားပြီး ၁ လုံးသောက်ခိုင်းပါတယ်။ ဆေးစားပြီး မသက်သာရင်တော့ အသားကိုယူ စစ်မယ်ပြောပါတယ်။ သွေးတော့ စစ်ပြီးပါပြီ။ သိချင်တာက ကျမလည်ပင်းက တဖြည်းဖြည်း ကြီးလာမဲ့သဘော ရှိပါသလား။ အသားကို စစ်ရင်ရော ပိုက်ဆံ အရမ်းကုန်မှာ လား။ ခွဲရမဲ့အနေအထားရော ရှိနိုင်ပါသလား။

• လည်ပင်းကြီးနဲ့ ဆိုင်တဲ့ရောဂါတွေက အမျိုးမျိုးရှိတယ်။ ငယ်ကတည်းကဆိုရင် နေရာဒေသအလိုက် ဖြစ်တတ်တဲ့ အိုင်အိုဒင်းဆား နည်းရာ အရပ်ဒေသမှာ နေခဲ့ရသူဖြစ်မယ်။ အရွယ်အစားကြီးနေမယ်။ Simple Goiter ရိုးရိုး-လည်ပင်းကြီးရောဂါလို့ ခေါ်တယ်။ ကြည့်ရတာ တမျိုးဖြစ်နေတာကလွဲရင် ဘာမှ စိုးရိမ်စရာ မလိုဘူး။ အိုင်အိုင်ဒင်း ဆား အမြဲစားနေရမယ်။ ကြီးလာတာကို တချိန်ချိန်မှာ ခွဲရတယ်။ ကင်ဆာလဲ မဖြစ်ဘူး၊ မျိုရတာလဲ မခက်ဘူး၊ အသက်ရှူလဲ မခက်ဘူး။ ပြန်သေးသွားတယ်ဆိုတာ မရှိသလောက်ဘဲ။
• နောက်အမျိုးတွေက ဟော်မုန်းတွေနဲ့ ဆိုင်တယ်။ နည်းသူရှိတယ်၊ များသူရှိတယ်။ များသူမှာ အရွယ်အစား မသိမသာသာ ကြီးနေနိုင်တယ်။ နှစ်မျိုးလုံး ဆေးအမြဲသောက်ရတယ်။ များသူဆိုရင် ခွဲတာလဲ လုပ်ရနိုင်တယ်။ အနုမြူဆေးလဲ သောက်ရတတ်တယ်။ နည်းနေသူဆိုရင် တသက်လုံးလိုလို ဆေးသောက်နေရမယ်။
• နောက်အမျိုးတွေလဲ ရှိပြန်သေးတယ်။ အသားပိုလို အကျိတ်ဖြစ်တာ။ ကြီးနေမယ်။ ကင်ဆာ နဲ့ ကင်ဆာ-မဟုတ်တာ နှစ်မျိုး ရှိပြန်တယ်။ ခွဲစိတ်ရမယ်။ ဆေးနဲ့မရပါ။
• ပြောပြတဲ့ဆေးက ဟော်မုန်း နည်းနေသူအတွက်ပေးတာ ဖြစ်တယ်။ ရေးထားတာရှိတယ်။ လည်ပင်ကြီး ခွဲပြီးနောက် ဟော်မုန်းနည်းသွားလို့ ဖြစ်တဲ့အကြောင်း ရေးဘူးတယ်။ Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)
• ဆေးစစ်ရင် သွေးလည်းစစ်ရတယ်။ ဟော်မုန်း အနည်း-အများ စစ်တာပြောတာပါ။ နည်းနေသူကို အဲဒီဆေး Thyrosit ပေးမယ်။

2. ကျမ ဒီရောဂါနဲ့ ကလေးယူလို့ ရ-မရ သိချင်ပါတယ်။ ကျမ (့) ပြည်နယ် (့) ကပါ။ ကျမ ရောဂါက ခွဲမှ အဆင်ပြေမှာလား။ မခွဲရင် တဖြည်းဖြည်း ကြီးလာမဲ့သဘောရှိတယ်။ နောက်ပြီး ဒီရောဂါက အစားအသောက် ရှောင်ရမလား။ ကော်ဖီ၊ လက်ဖက်၊ ice tea သောက်လို့ ရ-မရ။

• မေးတာတွေ မဖြေခင် သွေးစစ်တော့ လည်ပင်းကြီး ဟော်မုန်း အနည်း-အများ သိချင်သေးတယ်။ များများ၊ နည်းနည်း ကလေးယူလို့ ရပါတယ်။ တိတိကျကျတော့ အသေအခြာသိရမှ ပြောပါမယ်။ အစားအသောက် ရှောင်စရာ မလိုပါ။ ခွဲဘို့ဆိုတာလဲ အဲဒါသိမှ ပြောပါမယ်။ ရိုးရိုးကြီးနေသူတွေဟာ လှပချင်လို့သာ ခွဲရတာ များပါတယ်။

3. တစ်ချို့လူတွေက ကျမကို ဒီအခုပြနေတဲ့ဒေါက်တာနဲ့ မသက်သာရင် နောက်အသစ်တစ်ယောက်နဲ့ ပြဖို့ အကြံပေးပါတယ်။ အဲ့လို ဒေါက်တာပြောင်းတာ ဘာတွေ ထူးခြားသွားပါသလဲ။ ပြောင်းဖို့ သင့်မသင့် ဖြေကြား ပေးပါ။ ကျမ Thyrosit ဆေး သောက်နေတာ 10 လုံး ရှိနေပါပြီ။ ကျမပြနေတဲ့ (့) ဒေါက်တာက တစ်လစာ အလုံး 30 သောက်ခိုင်းပါတယ်။ ဆေးကုန်ပြီးမှ ဆေးရုံကို ပြန်လာခိုင်းပါတယ်။ ဆေးက မနက်အစာစားပြီး သောက်ခိုင်းပါတယ်။ ဒါပေမဲ့ ကျမအလုပ်ချိန်ရဲ့ အခြေအနေကြောင့် နေ့လယ် ၁၂ ခွဲ ၁ နာရီလောက်မှ သောက်ဖြစ် ပါတယ်။ အခု ကျမ ဖြစ်နေတာက ဆေးသောက်ပြီး နောက်ပိုင်း မနက်အိပ်ရာထတဲ့ အချိန်ကစပြီး မောပြီး ရင်တွေ တုန်နေတယ်။ ခေါင်းမူးနေတယ်။ နောက် နည်းနည်း သက်သာလို့ အလုပ် နည်းနည်းပါးပါး ပြန်လုပ်တာနဲ့ ပြန်မောပြီး မလုပ်နိုင် ဖြစ်နေပါတယ်။ အဲ့လိုဖြစ်နေတာ ဆေးနဲ့ ဆိုင်ပါသလား။ ဒါမှမဟုတ် ကျမ အားနည်းလို့ ဖြစ်တာပါလား။ ဆေးနဲ့ ဆိုင်ရင် ကျမဆေးရုံကို ပြန်သွားသင့်သလား။ အားနည်းနေရင်လည်း ဘာတွေ လုပ်သင့် ကြောင်းကို ညွန်ကြားပေးပါရှင့်။

• Thyrosit = Levothyroxine sodium salt ဆေးကို Hypothyroidism လည်ပင်းကြီး-ဟော်မုန်းရောဂါ အတွက် ပေးတယ်။
• ဆေးစသောက်ပြီး ၄-၆ ပါတ်နေမှ ဆေးအစွမ်းပြတယ်။
• ကီလို ၇ဝ ရှိသူတယောက်ကို 100-125 mcg/day ပေးတယ်။ အသက်ကြီးရင် နည်းပေးမယ်။ 200 mcg/day အထိ ပေးရတယ်ဆိုတာ ရှားတယ်။ လူနာမှာ နှလုံးရောဂါအခံရှိနေရင် 25-50 mcg/day ကနေစပေးမယ်။
• Thyroid cancer လည်ပင်းကြီး-ကင်ဆာဖြစ်နေသူတွေကိုလဲ ခွဲစိတ်တာ၊ ဓါတ်ကင်တာတွေအပြင် ဒီဆေး ပေးတယ်။
• ကိုယ်ဝန်ရှိနေလဲ သောက်နိုင်တယ်။ ဆေးနည်းနည်းပိုပေးရတတ်တယ်။
• ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အအိပ်ပျက်၊ စိတ်တို၊ စိုးရိမ်စိတ်ကဲ၊ စိတ်လှုတ်ရှာမှုများ၊ ကိုယ်ပူ၊ မျက်နှာနီမြန်း ချွေးထွက်၊ အစားအသောက် စားချင်စိတ်ပြောင်း (ပိုစားချင်လာ)၊ လူပိန်တတ်တယ်။ အပူကို သူများလောက် မခံနိုင်။ ခြေ-လက်တုန်၊ ရင်တုန်၊ ရင်ခုန်နှုန်းမြန်၊ သွေးဖိအားတက်၊ နှလုံးရောဂါ အခံရှိသူ ဆိုးလာနိုင်။ အသက်ရှူကြပ်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ ဆံပင်ကျွတ်၊ အရိုးအားနည်း၊ ရာသီရက်မမှန်၊ ကလေးရဘို့ ခက်ခဲ၊
• အများသုံးလေ့ရှိတဲ့ Antacids လေနာသက်သာဆေး (Aluminum & Magnesium Hydroxides) နဲ့ Ferrous Sulfate သွေးအားကောင်းဆေးတွေကြောင့် ဆေးစုပ်ယူမှာကို ထိခိုက်စေနိုင်တယ်။ ဒီဆေးတွေနဲ့ ၄ နာရီခြား သောက်ပါ။
• ဆေးမသောက်ခင် ဆရာဝန်ကို အသိပေးဘို့လိုမှာတွေ ရှိတယ်။ ကိုယ်ဝန်ရှိနေ-မနေ၊ ကလေးကိုနို့တိုက်နေ-မနေ၊ ကိုယ်ဝန်ဆောင်ချင်တယ်။ နှလုံးရောဂါရှိ-မရှိ၊ ဆီးချို၊ သွေးမခဲတတ်တဲ့ရောဂါ၊ တခြားထူးခြားရောဂါတွေ ရှိ-မရှိ။
• ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း အတိအကျသောက်ပါ။
• ဟော်မုန်းကို အစာထိုး သောက်ရတဲ့ဆေးဖြစ်လို့ transient hypothyroidism ရောဂါကလွဲရင် တသက်လုံး သောက်နေရတတ်တယ်။
• ဆေးကို အများအားဖြင့် တနေ့မှာ တကြိမ်ထဲ သောက်ခိုင်းတယ်။ ဆေးကို အစာမရှိချိန်မှာ သောက်သင့်တယ်။


Dr. တင့်ဆွေ
------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...