အအေးနှင့်အပူ၊ အစိမ်းနှင့်အကျက်



တစ်ခါက စာရေးသူသည် မန္တလေးရတနာပုံသတင်းစာတွင် လေချုပ်၊ ဝမ်းချုပ်ခြင်းနှင့် ပတ်သက်၍ ပူသော ရာသီမှာ ဝမ်းမနုတ်သင့်ဟူ၍ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ရာ ဝမ်းချုပ်ခြင်းအတွက် ဝမ်းနုတ်ဆေး မစားဘဲ နွားနို့ ၂၅ ကျပ်သားကို ဆားစိမ်းအတန်အသင့်ခတ်ပြီး သောက်ရုံဖြင့်ဝမ်းသက်နိုင်ကြောင်း ရေးသားခဲ့ပါ သည်။

ထို့နောက် နှစ်ပတ်ခန့်အကြာ ထိုရတနာပုံသတင်းစာတွင်ပင် နွားနို့နှင့်ကျန်းမာရေးဟူ၍ နေဝင်း (စစ်ကိုင်း) မှ ဆောင်းပါးတစ်ပုဒ်ဖြင့် နွားနို့အကြောင်း ရေးသားဖော်ပြလာပါသည်။

သူ၏ရေးသားတင်ပြချက်မှာ ဆရာကြည်လွင်မြင့်ရေးသည့်ဆောင်းပါးတွင် ဝမ်းသွားစေရန် နွားနို့အစိမ်း ၂၅ ကျပ်သားကို ဆားခတ်သောက်ရမည်ဟု ရေးသားထားကြောင်း၊ နွားနို့အစိမ်းသောက်လျှင် ဝမ်းသွား ရခြင်းမှာ နွားနို့အစိမ်းသောက်လျှင် ဝမ်းသွားရခြင်းမှာ နွားနို့များတွင် ဝမ်းကိုက်ပိုးပါ၍ဖြစ်ကြောင်း၊ ထို့အပြင်နွားနို့များတွင် တီဘီရောဂါပိုးနှင့် အသည်းရောဂါပိုး၊ ဝမ်းကိုက်ရောဂါပိုးများပါဝင်နေကြောင်း အစိမ်းမသောက်သင့်ကြောင်း ရေးသားထားပါသည်။

ထိုဆောင်းပါးရေးသူ၏ ရည်ညွှန်းချက်အရဆိုလျှင် နွားနို့ကိုတစ်ကြိမ်ကျိုချက်လျှင် တီဘီပိုးသည် မသေ။ လုံပြီးအခွံအကာဖြင့်နေသည်။ မည်မျှပင်ပူအောင် ကျိုစေကာမူပိုးမသေ။ တီဘီပိုးသေစေလို လျှင် ကျိုပြီးနွားနို့ကို အအေးခံထားရမည်။ ထိုအခါ အေးပြီထင်ပြီး ပိုးကထွက်လာမည်။ ထိုအခါမှ နွားနို့ ကိုနောက်တစ်ကြိမ် အပူပေးပြီးကျိုလိုက်လျှင် ပိုးသေသွားမည်။ နွားနို့သောက်လျှင် နှစ်ကြိမ်၊ သုံးကြိမ် ပြန်ပြန်ကျိုပြီး သောက်မှသာပိုးသေမည်ဟု တင်ပြလာပါသည်။

လမ်း ၃၀ ဆေးခန်းမှ ဟောပြောပွဲတစ်ခုတွင် သမားတော်ဆရာဝန်ကြီး ဒေါက်တာချစ်စိုးက ဤအတိုင်း ပြောသည်ဟု ဆိုသည်။

စာရေးသူသိသည်မှာ နွားနို့ကိုပုံမှန်သောက်သူ မိသားစုများစွာရှိပါသည်။ မည်သူမျှအိမ်တွင်နှစ်ကြိမ်၊ သုံးကြိမ်မကျိုပါ။ ဆူဝေအောင်တစ်ကြိမ်ကျိုပြီး သောက်သုံးကြသည်သာဖြစ်သည်။

ထို့အတူရန်ကုန်၊ မန္တလေးမြို့ပေါ်ရှိလက်ဖက်ရည်ဆိုင်ကြီးများတွင်လည်း နွားနို့မှာ အိုးကြီးနှင့် ကျိုထား ပြီးကုန်သည်အထိ ရောင်းချသွားကြသည်သာ တွေ့ရသည်။ မည်သည့်ဆိုင်မျှ အပူပေးလိုက်၊ အအေးခံ လိုက်၊ ပြန်ကျိုလိုက် နှစ်ကြိမ်၊ သုံးကြိမ် မလုပ်ကြပါ။ အချို့ဆိုင်ဆိုလျှင် ဝယ်သူရောက်လာလျှင် နွားနို့ မဆူမကျက်ခင်ပင် ရောင်းချနေကြသည်ကို တွေ့ရပါသေးသည်။

ဤအတိုင်းသာဆိုလျှင် နွားနို့သောက်သုံးနေသော မိသားစုအတော်များများနှင့် လက်ဖက်ရည်ဆိုင်မှ ဝယ် ယူသောက်သုံးသူ အားလုံးလိုလို တီဘီရောဂါ၊ အသည်းရောင်ရောဂါများ ဖြစ်ကုန်ကြပြီဟု ယူဆရ မလိုပင်ဖြစ်နေတော့သည်။

စာရေးတင်ပြသူသည် ကိုယ်တိုင်ဓာတ်ခွဲဖူး၍လား၊ ဖြစ်နိုင်ခြေရှိသည်ကို ဟောပြောသောဆရာဝန်ကြီး များ၏စကားကို ပုံကြီးချဲ့တွေး၍ အကြောက်လွန်နေသည်လား မသိပါ။ နွားနို့တိုင်းတွင် ပိုးများပါနေ သည်ဟု ဓာတ်ခွဲဆန်းစစ်ချက်တွေ့ရှိလျှင် သည်အတိုင်းရောင်းချနေသော နွားနို့များကိုပိတ်ပင်ရမည် မှာအစိုးရတွင်ပင် တာဝန်ရှိလာမည်ဖြစ်ပါသည်။

အမှန်က ယခုခေတ်တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းကြီးများနှင့် နို့ဆီချက်စက်ရုံတည်ဆောက်ထား သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ ရှိလာပြီဖြစ်ပါသည်။ မျိုးကောင်းမျိုးသန့် နို့စားနွားမများကို မွေးပြီး စားကျက် များဖြင့် လွှတ်ကျောင်းကာ ရောဂါကင်းရှင်းစေရန် တိရစ္ဆာန်ဆရာဝန်များပါ ခန့်ထားသည်။ ကာကွယ်ဆေး၊ ကုသဆေးများ အဆက်မပြတ် စောင့်ကြည့်လျက်ရှိကြပြီး နွားနို့အရည်အသွေးကိုပါ ခေတ်မီကိုယ်ပိုင် ဓာတ်ခွဲခန်းများထား၍ နိုင်ငံတကာအဆင့်မီ နွားနို့ထုတ်လုပ်နေကြပါသည်။

မန္တလေးမြို့အနီး စဥ့်ကိုင်၊ ပုလိပ်၊ ကျောက်ဆည်နယ်များတွင်ပင် နာမည်ကြီး မြဘုရင်၊ ယူနီစံတို့ကဲ့သို့ စနစ်တကျ နို့စားနွားမွေးမြူသည့် ခြံကြီးများရှိပါသည်။ ထိုခြံထွက်နွားနို့များကို မန္တလေးတစ်မြို့လုံးရှိ လက်ဖက်ရည်ဆိုင်များကို နွားနို့စိမ်းအနေနှင့်ရော နို့ဆီအဖြစ်ပါ နေ့စဉ်တင်ပို့ပေးလျက်ရှိပါသည်။

ရှေးကနွားများတွင် တီဘီရောဂါရှိသည်။ မသန့်စင်သော နွားနို့များရှိသည်မှာ အိမ်မွေးခိုင်းနွား၊ နွားမ များမှ သားပေါက်သောအခါ ပိုလျှံသည့်နို့ကို ရောင်းချသည့်သူများ၊ မသန့်ရှင်းသော အိမ်မွေးနွားများမှ ရသော နွားနို့များဖြစ်ပုံရပါသည်။ ဤနွားနို့မျိုးကို ဝယ်ယူသောက်သုံးလျှင် ဝယ်ယူသူ၏အမှားဖြစ်ပေ သည်။

စာရေးသူ၏ဆောင်းပါးတွင်ပါသော ဝမ်းချုပ်သူအတွက် နွားနို့ ၂၅ ကျပ်သားကို ဆားခတ်သောက်ခြင်း ဖြင့်ဝမ်းသပ်စေသော သတ္တိမှာရှေးအာယုဗေဒဆေးကျမ်းများ၏ အလိုအတိုင်း ရေးခြင်းဖြစ်ပါသည်။

အာယုဗေဒဆေးကျမ်းများသည် အိန္ဒိယမှလာသည်။ အိန္ဒိယလူမျိုးများသည် နွားနို့ကိုအလွန်နှစ်သက် စွာသောက်သုံးသူများဖြစ်သည်။ နွားနို့ကို အစိမ်းရောအကျက်ပါ သေတစ်ပန်သက်တဆုံး သောက်သုံး ကြသူများဖြစ်သည်။ အိန္ဒိယလူမျိုးများသည် လူကောင်လည်းထွား၊ အရပ်လည်းရှည်ပြီး ကျန်းမာသန် စွမ်းသူများဖြစ်ကြခြင်းမှာ နွားနို့မှရသော အသားဓာတ်နှင့်သြဇာဓာတ်ကြောင့်ဖြစ်သည်ဟု ယူဆကြပါ သည်။

ကျမ်းကိုးအနေနှင့်ဖော်ပြရလျှင် ရှေးဆရာများ အလေးထားရသည့် (၁၉၂၃ ထုတ်) ရှုထော်မူ ဆေး အဘိဓာန်ကျမ်းတွင် ဝမ်းချုပ်ခြင်းအကြောင်းနှင့် ကုထုံးကိုပြခြင်း

လူတို့စားသော အစာအဟာရတို့သည် အစာသစ်အိမ်မှ အစာဟောင်းအိမ်ထဲသို့ တဖြည်းဖြည်း ရွေ့လျား ကူးပြောင်းပြီးလျှင် ကျင်ကြီးဖြစ်ရ၏။ ထိုကျင်ကြီးသည် အသစ်အဟောင်း အချိန်မှန်ပြောင်းလဲ ရမှသာ လူတို့၌ကျန်းမာခြင်းဖြစ်နိုင်သည်။ ထိုကျင်ကြီးသည်အချိန်မှန်မစွန့်ရဘဲ ဝမ်းထဲ၌ခိုအောင်းနေခဲ့ လျှင် ဝမ်းချုပ်သည်ဟု ဆိုရ၏။ ထိုဝမ်းချုပ်ခြင်းသည် အညောင်းခံသောသူတို့၌ များသောအားဖြင့် ဖြစ် တတ်၏။

ကုထုံးကား

ဝမ်းကြောကိုလျော့အောင်နှိပ်နယ်ခြင်း ပြုပြီးနောက်နံနက်စောစောအချိန်၌ နွားနို့အစိမ်း နှစ်ဆယ့်ငါးကျပ် သားတွင် ဆားတစ်ပဲသားခန့်ထည့်၍ အကုန်သောက်၊ နှစ်နာရီခန့်ကြာလျှင် လေနှင့်တကွ စမြင်းတုံးများ သက်လျှောလိမ့်မည်။ အကယ်၍ ဝမ်းမလျှောသော်ရေတစ်ခွက်ထပ်၍သောက်၊ ဝမ်းမ လျှောမချင်းအစာကို မစားသင့်။ ထိုနွားနို့သည် ဝမ်းနုတ်ဆေးတွင်အကောင်းဆုံးဆေးဟု ညီတော် အာနန္ဒာချီးမွမ်းတော်မူ၏။

ဆရာကြီးဦးဘသင် ရေးသားစီရင်အပ်သော လက်တွေ့ကုထုံးဆေးကျမ်းနှင့် ရှုတော်မူဆေးအဘိဓာန် စာမျက်နှာ ၁၂၉-၁၃၀ (ဣစာသယပိဋကတ်ပုံနှိပ်တိုက်) ၁၂၈၄ ခုနယုန်လထုတ်

ဆေးပညာသဘောအရ နွားနို့အစိမ်းသောက်လျှင် ဝမ်းကိုသက်စေသည်။

နွားနို့ကို မလိုင်တက်အောင်ကျိုချက်ပြီးသောက်လျှင် အားဖြစ်ပြီးဝမ်းကိုနုတ်စေသည်။

အစိမ်းသောက်မှ ဝမ်းသက်မည့်နွားနို့ကို ကျိုချက်သောက်သောအခါ ဝမ်းသက်စေမည့် ဓာတ်စာ မဖြစ်နိုင်တော့ပေ။

ဆရာက လူနာ၏ အခြေအနေကို ကြည့်သောအခါ နေမကောင်းတာရက်ကြာ၊ အစားကလည်း သိပ်မ ဝင်၊ ဓာတ်ကလည်းချုပ်သဖြင့်အကြောအခြင်များ တောင့်တင်းနေသည်။ ထိုလူနာကိုအကြောအခြင် များ လျော့ပါးစေရန် ဝမ်းသွားအောင်လုပ်မှဖြစ်မည်။ ဝမ်းနုတ်ဆေးပေးရန်လည်း လူနာ၏အင်အားမှာ မဖြစ်နိုင်။ ဝမ်းသွားလွန်လျှင် မျော့သွားပြီးအသက်ပါပါသွားနိုင်သည်။

ဤသို့သော လူနာမျိုးကို ဆရာကချင့်ချိန်ပြီး ဝမ်းလည်းသက်စေ၊ အားလည်းမပြတ်စေရန် နွားနို့အစိမ်း ကိုဆားခတ်ပြီးတိုက်ခြင်းဖြင့် ဓာတ်သက်စေရန် ပညာသားပါပါကြံစည်ခြင်းဖြစ်သည်။

(အကယ်၍ ပိုးသေစေရန် နွားနို့ကိုမီးဖြင့်ကျိုချက်လိုက်လျှင် တေဇောဓာတ်ဝင်သွားသဖြင့် နွားနို့ကျက် သွားပြီး ဝမ်းမသက်စေနိုင်တော့ပေ။ ပထဝီအားတိုးပြီး ပို၍ပင်ဝမ်းချုပ် ဝမ်းခိုင်သွားနိုင်သည်။)

တိုင်းရင်းမြန်မာဆေးပညာ အယူအဆများတွင်လည်း ဤအတိုင်းပင်။ ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်းတွင် လေ့လာလျှင်-

ရေအေးကို သည်အတိုင်းသောက်လျှင် အပူငြိမ်း၏၊ ဝမ်းကိုသက်စေ၏။

ရေအေးကို ကျိုချက်ပြီးနောက်တဖန်အအေးခံပြီး ရေကျက်အေးသောက်လျှင် ဝမ်းကိုခိုင်စေ၏။

ရေကျက်အေးကို တစ်ဖန်ရေနွေးလုပ်၍ သောက်လျှင် မသင့်၊ အဆိပ်နှင့်အတူဖြစ်၏။ (ဥတုဘောဇန သင်္ဂဟကျမ်း) တေရသမအကြိမ်ထုတ် စာမျက်နှာ-၁၁၅။

စာရေးသူစဉ်းစားမိသည်မှာ နွားနို့တွင်လည်းရေက ၇၀ ရာခိုင်နှုန်းခန့်ပါသဖြင့် အကြိမ်ကြိမ်ကျိုချက် လိုက် အအေးခံလိုက်ပြုလုပ်လျှင် နွားနို့ထဲတွင်ပါသောရေသည် ရေကျက်အေးအဆိပ်ကဲ့သို့ ဖြစ်သွား မည်ထင် ပါသည်။

နွားနို့ကို အကြိမ်ကြိမ်ကျိုချက်ပြီးမှ စိတ်ချရသည်အထင်နှင့် သောက်စရာမလိုအောင် နဂိုကပင် ပိုးမွှား ကင်းစင်ကြောင်း အာမခံသည့် ခြံထွက်နွားနို့ကောင်းကောင်းကိုဝယ်ပြီး တစ်ကြိမ်သာကျိုချက်သောက် ခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

တစ်ခါတစ်ရံ တိုင်းရင်းဆေးပညာအယူအဆများကို အနောက်တိုင်းမြင့်ဖြင့် မရှင်းလင်းသည်များရှိနိုင်ပါ သည်။ အနောက်တိုင်းအယူအဆသည် ပိုးကိုအဓိကထားသည်ကများပြီး တိုင်းရင်းဆေးပညာရှုထောင့် မှာအပူအအေးကို အဓိကထားသည်။ ‘တေဇော’ တစ်လုံးကြောင့်ပင် အပူ၊ အအေးဖြစ်ရသည်။ ‘တေဇော’ တစ်လုံးကြောင့်ပင် ရေသည်ပင်အဆိပ်ဖြစ်ရသည့်အခါများ ရှိပေသည်။ ပူမှုအေးမှု တေဇော ပြု၏ဟု ရှေးကဆရာကြီးများက ကျမ်းဂန်တွင်ရေးသားခဲ့သည်ကို တိုင်းရင်းဆေးဆရာတိုင်း လက်မ လွှတ်နိုင်ကြပါ။

ရောဂါတစ်ခုကိုကုသလျှင် အပူနာလား၊ အအေးနာလား၊ အတက်နာလား၊ အသက်နာလား၊ ကြည့်၍ ဆေးပေးသောအခါ ဓာတ်စာပေးသောအခါတွင်လည်း အပူဆေး၊ အအေးဆေး၊ အတက်ဆေး၊ အ သက်ဆေးပေးရသည့် ပညာရပ်သည် နက်နဲပြီးတစ်ခါတစ်ရံပိုးကို အဓိကထားကုသည့် အနောက် တိုင်းဆေးပညာအမြင်နှင့် မတူညီသော ရှုထောင့်များစွာရှိကြောင်း Traditional Medicine View မှ တင်ပြလိုက်ရပေသည်။ 


ကြေးမုံသတင်းစာ
ဇွန် (၁) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...