နောင်တဖြင့် သတိရခြင်း

photo;www.topsante.com

ရှေးဦးစွာ ကျေးဇူးပြုတတ်သော ပုဂ္ဂိုလ်နဲ့ သူတစ်ပါးပြုခဲ့တဲ့ ကျေးဇူးကို သိတတ်၊ ဖော်ထုတ်တတ်တဲ့သူ နှစ်ဦးဟာ လောကမှာ ရခဲတဲ့၊ ရှားပါးတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ မြတ်ဗုဒ္ဓက ‘ပိဋကတ်တော်’ တွေမှာ ဟောတော်မူထားပါတယ်။

စေ့စေ့စပ်စပ် တွေးကြည့်မိတဲ့ အခါမှာတော့ ဘ၀ရဲ့ အချိန်တိုတို ကာလအတွင်းမှာ ကျွန်တော်တို့ကိုယ် တိုင် သူတစ်ဖက်သားအပေါ်မှာ ရှေးဦးစွာ ကျေးဇူးပြုတတ်တဲ့သူတွေ ဖြစ်ချင်လည်း ဖြစ်ခဲ့မယ်။ မဖြစ်ခဲ့ တာတွေလည်း ရှိမယ်။ သူတစ်ပါးပြုခဲ့ဖူးတဲ့ ကျေးဇူးကို ပြန်လည်သတိရပြီး ဖော်ထုတ်တတ်တဲ့သူ၊ ပြန်လည်ကျေးဇူးဆပ်တတ်သူတွေလည်း ဖြစ်ချင်ဖြစ်ခဲ့မယ်။ မပေးဆပ်ခဲ့ဘဲ ကျေးဇူးကန်းခဲ့တာတွေလည်း ရှိခဲ့လိမ့်မယ်ပေါ့။ ကျွန်တော် တွေးမိသလို စာဖတ်သူတွေလည်း တွေးမိကြမှာပါ။

ကျွန်တော်တို့က သူတစ်ဖက်သားအပေါ်မှာ ရှေးဦးစွာ ကျေးဇူးပြုတတ်သူတွေ မဖြစ်ခဲ့ဘူး ဆိုရင်တောင် သူတစ်ပါးပြုခဲ့ဖူးတဲ့ ကျေးဇူးတရားကို အမှတ်တရ ဖော်ထုတ်ပေးဆပ်တတ်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားကြရမှာပါ။ မြတ်ဗုဒ္ဓရဲ့ ‘သူတော်ကောင်းစစ်တမ်း’ ဒါမှမဟုတ် သူတော်ကောင်း လက္ခဏာတွေ ထဲမှာ ကျေးဇူးသိခြင်း၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ အချက်တွေ ပါ,ပါတယ်။ ကျေးဇူးမသိ၊ ကျေးဇူးမဆပ်တဲ့ သူတွေဟာ သူတော်ကောင်းစာရင်း မ၀င်ပါဘူး။ သူတော်ကောင်း စာရင်းဝင်အောင် ကျွန်တော်တို့ ကြိုးစားကြရမယ်။

ကျွန်တော်တို့ရဲ့ဘ၀မှာ တစ်ခါတလေ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်လေးတွေက သေးသေးမွှား မွှားလေးတွေပါလို့ ထင်နိုင်ပေမယ့် တစိမ့်စိမ့် တွေးကြည့်မိတဲ့အခါမှာ မသေးပါလားလို့ ခံစားခဲ့ရတဲ့ အဖြစ်ကလေးတွေ လူတိုင်းမှာ ရှိတတ်တယ်လေ။ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဆိုပေမယ့် သေသေချာချာ စဉ်းစားကြည့်တဲ့အခါမှာ လေးနက်မှုတွေ ပါနေတာ၊ ကိုယ့်ရဲ့ အားနည်းချို့ယွင်းချက်တွေကို ထင်းခနဲ တွေ့လိုက်ရတာတွေဟာ အသေးအဖွဲလို့ သတ်မှတ်ထားတဲ့ ကိစ္စတွေထဲမှာ ပါနေတတ်ပါတယ်။

လူတိုင်းလူတိုင်းမှာ ဘ၀တစ်ခုရဲ့ အဖြစ်အပျက် ဇာတ်လမ်းတွေ ကိုယ်စီရှိတတ်ကြပါတယ်။ အဲဒီထဲက ဘ၀သင်ခန်းစာကောင်းတွေကို ယူတတ်ဖို့၊ လောကနဲ့ ပတ်ဝန်းကျင်ကို ကူညီအားပေးတတ်ဖို့ လိုအပ်ပါ တယ် . . . . .

လှည်းတန်းခုံးကျော်တံတားကြီး ဖွင့်ခါစက ကိစ္စတစ်ခုနဲ့ တံတားကြီးအောက်က ဖြတ်လျှောက်ခဲ့ဖူးတယ်။ ကောင်မလေးတစ်ယောက် ရှိုးအပြည့်နဲ့ လမ်းလျှောက်ရင်း ဖုန်းပြောနေလေရဲ့။ ကျွန်တော်တို့နား အရောက်မှာ သူစီးလာတဲ့ ဖိနပ်ကြောင့် ရုတ်တရက် ချော်လဲသွားခဲ့တယ်။ သူလည်း ရှက်တတ်တဲ့ ဟန်လေးနဲ့ လဲရာကပြန်ထ ဖုန်းလေးပြန်ကောက်ကာ မြေပြင်မှာ ဒူးထောက်ပြီး ဖုန်းဆက်ပြောနေလေရဲ့။ “ညီမလေး ထနိုင်ရဲ့လား” လို့ ကျွန်တော်တို့ မေးကြရမှာပါ။ အပျိုလေး ဖြစ်နေတာရယ်၊ သူ့ရဲ့ ပေါ်ပေါ် လွင်လွင် ၀တ်ထားတဲ့ အ၀တ်အဆင်ရယ်ကြောင့် မမေးဖြစ်ခဲ့ပါဘူး။ သွားမေးရင် ဘာလာကြောင်တာလဲ လို့ ရှက်ရှက်နဲ့ ပြောလွှတ်လိုက်ရင် ဒုက္ခလို့ တွေးမိတာလည်း ပါ,ပါတယ်။

ကောင်မလေးကို ခပ်လှမ်းလှမ်း ရောက်တဲ့အထိ လှည့်ကြည့်မိပေမယ့် ဒူးထောက်လျက်ပါ။ ခဏ ကြာတော့ ဦးလေးကြီးတစ်ယောက်က ဆွဲထူပြီး လမ်းကူးပေးနေတာကို မြင်လိုက်ရတယ်။ လှည်းတန်းလို လမ်းဆုံကြီးမှာ ဘယ်သူက ဒူးထောက်ပြီး ထိုင်ချင်မှာလဲ။ ကောင်မလေးက တကယ်ကို အကူအညီ လိုနေခဲ့တယ်။ ကျွန်တော်တို့က ရှက်စိတ်နဲ့ရော သူ့ရဲ့ ရှက်နေမယ်ဆိုတဲ့ အမူအရာတွေကြောင့်ရော အတွေးပေါင်းများစွာနဲ့ ကောင်မလေးကို ဆွဲမထူဖြစ်ခဲ့ဘူး။

ပြန်တွေးကြည့်တဲ့အခါမှာ တချို့သော အကြောင်းအရာတွေ၊ မတွေးသင့်၊ မရှက်သင့်တဲ့ အရာတွေ၊ ဂုဏ်သိက္ခာတွေ၊ အရှက်အကြောက်တွေကို ရှေ့တန်းတင်မိတဲ့ အခါမှာ လုပ်သင့်လုပ်ထိုက်၊ ကူညီသင့် ကူညီထိုက်တာတွေကို ဥပေက္ခာပြုသလို ဖြစ်သွားတော့တာပါပဲ။ လူဆိုတဲ့ အမြင်လေးနဲ့ ကျွန်တော်တို့ ကူညီကြရမှာပါ။ စာနာမှုနဲ့ ကူညီတာပါလားဆိုတဲ့ တစ်ဖက်လူရဲ့ အကူအညီပေးမှုကို အမြင်ကြည်ကြ မယ်ဆိုရင် လောကကြီး လှပသွားမှာပါ။ ကျွန်တော်တို့ရဲ့ ရှက်စိတ်တွေ၊ ကြောက်စိတ်တွေက ရှေးဦးစွာ ကျေးဇူးပြုတတ်သူ တစ်ယောက်အဖြစ်ကို မရောက်စေခဲ့ပါဘူး။ အဲဒီ ‘နောင်တ’ အတွက် ရရှိတဲ့ သင်ခန်း စာကတော့ ကိုယ့်ရှေ့မှာ အခက်အခဲ ဖြစ်နေသူတွေ့ရင် အချိန်မဆွဲ၊ မတွေဝေဘဲ ကူညီရမယ် ဆိုတာပါပဲ။

ကျွန်တော့်အသက် ၁၅ နှစ်လောက်က လိုင်းကားပေါ်က ပြုတ်ကျလုနီးနီး အခြေအနေမှာ အစ်မကြီး တစ်ယောက်က အင်္ကျီကို လှမ်းဆွဲလိုက်လို့ ပြုတ်မကျခဲ့ပါဘူး။ ချက်ချင်းကြီး ကျွန်တော့်ပါးစပ်က ‘ကျေးဇူးတင်ပါတယ်’ လို့ ပြောမထွက်ခဲ့ဘူး။ ပြောမထွက်နိုင်အောင် ကားဒရိုင်ဘာနဲ့ စပယ်ယာတို့ရဲ့ ဆူပူဟိန်းဟောက် ပြောဆိုသံတွေက လူအများကြားထဲမှာ ကျွန်တော့်ကို ပိုပြီးရှက်နေစေခဲ့တယ်။ ကားပေါ်က လူတချို့ကလည်း ကျွန်တော့်ကို ကြည့်လို့ပေါ့။ ကျွန်တော့်ကို ကားပေါ်ကပြုတ်မကျအောင် ကူညီပေးခဲ့တဲ့ အစ်မကြီးကလည်း သူဆင်းမယ့် မှတ်တိုင်ရောက်တော့ ဆင်းသွားပါပြီ။ ကျွန်တော့်အနေနဲ့ ကျေးဇူးအများကြီး တင်ပါတယ်ဆိုတဲ့ စကားမျိုး သူ့ကို မပြောဖြစ်ခဲ့ပါဘူး။ ငယ်သေးတဲ့ အရွယ်ကြောင့် လား၊ ဒါမှမဟုတ် ရှက်စိတ်ကြောင့်လားဆိုတာ ကျွန်တော် အဲဒီတုန်းက ဝေခွဲမရခဲ့ပေမယ့် ဒီနေ့ ဒီအချိန် ထိ အဲဒီအစ်မကြီးရဲ့ ‘ခရီးသွားဟန်လွဲ’ ကယ်တင်ကူညီခဲ့မှုကို မမေ့နိုင်သေးပါဘူး။

သူ့ကျေးဇူးကို မဆပ်နိုင်ခဲ့ပေမယ့် မမေ့တတ်တဲ့၊ ဖော်ထုတ်တတ်တဲ့ ‘အတန်းစားထဲမှာ’ တော့ ကျွန်တော် ပါဝင်ချင်ပါသေးတယ်။ သူသာ ကျွန်တော့်ကို မဆွဲခဲ့ဘူးဆိုရင်ပေါ့။ ကျွန်တော် အများကြီး တွေးပါတယ်။ အဲဒီအတွက် ရခဲ့တဲ့ ‘နောင်တ’ က ကားစီးရင် သတိရှိရှိ စီးတတ်လာသလို သတိလွတ်ပြီး အမှတ်တမဲ့ အန္တရာယ်ဖြစ်နိုင်သူတိုင်းကို ကူညီပေးခဲ့မိတယ်။ အမှတ်တမဲ့ လမ်းဖြတ်ကူးတဲ့သူတွေကို သတိပေးခဲ့သလို ကာယကံမြောက် ၀င်ပြီးကူညီပေးခဲ့တာတွေ လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့ အစ်မကြီး တစ်ယောက်ရဲ့ ကျေးဇူးကို သိတဲ့အနေနဲ့ပေါ့။ အမှတ်တမဲ့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို မှတ်မှတ်ရရ ပြုမူ လိုက်ခြင်းပါပဲ။ ကျေးဇူးဆပ်ခြင်း တစ်မျိုးလို့လည်း ခံယူထားပါတယ်။

လူတိုင်းလူတိုင်းမှာ ဘ၀တစ်ခုရဲ့ အဖြစ်အပျက် ဇာတ်လမ်းတွေ ကိုယ်စီရှိတတ်ကြပါတယ်။ အဲဒီထဲက ဘ၀သင်ခန်းစာကောင်းတွေကို ယူတတ်ဖို့၊ လောကနဲ့ ပတ်ဝန်းကျင်ကို ကူညီအားပေးတတ်ဖို့ လိုအပ် ပါတယ်။ ကိုယ်ဖြစ်ခဲ့သလို မဖြစ်စေဖို့၊ ကိုယ်ကြုံရသလို မကြုံရစေဖို့၊ လမ်းညွှန်အားပေးဖို့ တာဝန်ကိုယ်စီ ရှိကြပါတယ်။ နောင်တကြီးတစ်ခုကို ကိုယ့်ဆီမှာတင် မဆုံးစေဘဲနဲ့ သူတစ်ပါး ကောင်းရာကောင်း ကျိုးဖြစ်အောင် ပြုမူညွှန်ပြ ပြောဆိုသင့်တယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့အားလုံးဟာ ရှေးဦးစွာ ကျေးဇူးပြုတတ်သူ ဒါမှမဟုတ် သူတစ်ပါးကျေးဇူးကို ဖော်ထုတ်ဆပ်တတ်တဲ့သူ၊ သတိရတတ်တဲ့ သူတွေ ဖြစ်သင့်ပါတယ်။ လောကပတ်ဝန်းကျင် ကောင်းကျိုးတွေကို ၀ိုင်းဝန်းစွမ်းဆောင်သင့်တယ်လို့ ပြောချင်မိပါတော့တယ်။

Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...