မာင်းသူမဲ့ လေယာဉ်များ ပိုမိုအသုံးချရန် ကုလသမဂ္ဂတောင်းဆို

ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် မောင်းသူမဲ့ လေယာဉ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြု သွားနိုင်ရန်အတွက် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ များဆိုင်ရာ နိုင်ငံတကာ အထိမ်းအမှတ်နေ့တွင် ယခုကဲ့သို့ အကြံပြုမှုကို အဖွဲ့ကြီးက ကြေညာခဲ့ခြင်း ဖြစ် သည်။ အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်များသည် မြေပြင်မှတစ်ဆင့် တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအတွက် အကန့်အသတ် ကြီးမားနေခြင်းကို လျှော့ချနိုင်မည် ဖြစ်သလို တပ်ဖွဲ့ဝင်များ၏ လုံခြုံရေး ကဏ္ဍကို တိုးမြှင့်နိုင်လိမ့်မည်ဖြစ်ကြောင်း အဖွဲ့ကြီး၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာဌာန အထွေထွေ အတွင်းရေးမှူး ဟာဗေးလက်ဒ်ဆော့စ်က ပြောကြားခဲ့သည်။



(၁၉၄၈)ခုနှစ်က ကုလသမဂ္ဂကို စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရင်း သေဆုံးမှု (၃၀၀၀)ကျော်သွားပြီဖြစ်ပြီး (၂၀၁၃)ခုနှစ် တစ်နှစ်တည်းတွင်ပင် အသေအပျောက် ပမာဏ (၁၀၆)ဦးထိ ရှိခဲ့သည်။ လက်ဒ်ဆော့စ်က “ကျွန်တော်တို့ အနေနဲ့ (၂၀)ရာစုက ကိရိယာတွေကို (၂၁)ရာစုမှာ ဆက်မသုံးသင့်တော့ဘူး ဆိုတာက သိပ်ကို ရှင်းလင်းပါတယ်။ ခုဆိုရင် မောင်းသူမဲ့ လေယာဉ်တွေဟာ ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေး ကဏ္ဍတွေမှာ သိပ်ကို အသုံးဝင်လာပါပြီ။ တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု အခြေအနေကိုလည်း လျှော့ချနိုင်ပြီး သိပ်ကို အသုံးဝင်တဲ့ နည်းလမ်းတစ်ခုအဖြစ် ကျွန်တော် ယူဆပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက အချို့သော စစ်သည်များ နေရာတွင် ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်များကို အစားထိုးခြင်း က အလွန်ကြီးမားသည့် အပြောင်းအလဲတစ်ရပ် ဖြစ်လာမည်ဟုလည်း ဆိုသည်။ “တချို့သော အခြေ အနေတွေမှာ နည်းပညာကို မြှင့်တင် အသုံးချဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါဟာ ဝေဟင်ကဏ္ဍမှာတင် မဟုတ်ဘူး။ မြေပြင်တပ်တွေမှာလည်း တူတူပါပဲ။ တပ်ဖွဲ့တွေရဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေ တိုးတက် အဆင့်မြှင့်တင်ရေးကို ဘယ်တော့မှ မျက်ကွယ်ပြုထားလို့ မရပါဘူး”ဟုလည်း လက်ဒ်ဆော့စ် က ထောက်ပြသွားသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...