Apple ဖခင်ကြီး Steve Jobs မုန်းခဲ့တဲ့ လူတစ်ယောက်



အခန်း (၁) 

“ လဲသေလိုက်လေ။ အဲဒီလို သောက်သုံးမကျတဲ့ လူတစ်ယောက် အကြောင်းကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” လို့ စတိဗ် ဂျော့ဘ်က အင်တာဗျူး တခုမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် … စာဖတ်နေတဲ့လူ အံ့သြသွားလိမ့်မယ်။

အခန်း (၂)

ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော်က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။ အဲဒီလို အချိန်မျိုးမှာ အဲဒီ အကြောင်းကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။
ကျွန်တော်တို့ ခင်ဗျားတို့ သိတဲ့အတိုင်း စတိဗ်ဂျော့ဘ် ဆိုတာ နူးညံ့သိမ်မွေ့တဲ့လူ ၊ ကွန်ပျူတာသမား ဆို တာထက် အနုပညာသမားလို့ ပြောနိုင်ရင်လဲ ရနိုင်တဲ့လူ၊ ကမ္ဘာလောကတခုလုံးကို ပြောင်းလဲစေနိုင်ခဲ့တဲ့ သူရဲကောင်း တစ်ယောက် ၊ …။ ဒီလို လူတယောက်ရဲ့ အရှက်တရားကို ထိန်းချုပ်မှုကင်းမဲ့ သွားရလောက် အောင် ဘယ်လိုအကျိုးတရားက စေ့ဆော်ခဲ့တာများလဲ ..။

အခန်း (၃)

ဖြစ်ချင်တော့ .. ခုန စတိဗ်ဂျော့ဘ် ပြောတဲ့လူက သူနဲ့ ရုပ်ချင်းဆင်တယ်။ ကျစ်လစ်တဲ့ ခန္ဓာကိုယ် ရှိတာ ချင်း တူသလို မျက်မှန်တပ်တာချင်းလည်း တူပါတယ်။ အကျီအနက်ရောင် ကြိုက်တာချင်းတူသလို ယုတ်စွ အဆုံး .. ပြောရရင် ထိပ်ပြောင်တာချင်းကအစ တူပါတယ်။ ဒါပေမဲ့ အဲဒီလူ ဟာ .. စတိဗ်ဂျော့ဘ် ရဲ့ ညီအ ကိုတော်သူ မဟုတ်ပါဘူး။ ဆွေမျိုးသားချင်း မဟုတ်သလို သူငယ်ချင်း အပေါင်းအသင်းလဲ မဟုတ်ပါဘူး။
တကယ်တမ်းပြောရရင် .. တိတိကျကျ ဖွင့်မပြောခဲ့ပေမဲ့ စတိဗ်ဂျော့ဘ် အလွန်မုန်းတီးခဲ့တဲ့ လူတယောက် ပါ။ တိတိကျကျ ပြောရရင် သူဟာ .. Android OS ကို ရေးသားခဲ့တဲ့ လူတယောက်ပါ။ သူ့ အမည်က …အန်ဒီရူဘင်တဲ့ ။

အခန်း (၄)

ငယ်ငယ်ကလေး တည်းကစပြီး အခုအချိန်အထိ မူပိုင်ခွင့် တဆယ့်ခုနှစ်ခုလောက်ကို ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ အန်ဒီရူဘင် (Andy Rubin) ကို နယူးယောက်မြို့ရဲ့ မထင်မရှား ဆင်ခြေဖုံး ရပ်ကွက်တခုမှာ မွေးဖွားခဲ့တာပါ။ သူ့အဖေက ပထမတော့ စိတ်ပညာရှင် အနေနဲ့ အသက်မွေးပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးပိုင်း အခြေအနေ သိတ်မကောင်းလို့ ကုမ္ပဏီတခုမှာ ဥပဒေအကြံပေး ၀င်လုပ်ပါတယ်။ အန်ဒီရူဘင် ကို ငယ်ငယ်ကလေးကတည်းက တီထွင်ချင်တဲ့ စိတ်ရှိလာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေထဲမှာ သူ့အဖေရော၊ ကုမ္ပဏီ ပါ ထိပ်ဆုံးက ကျေးဇူးရှိနေပါတယ်။ သူ့အဖေဟာ ကုမ္ပဏီက ထုတ် လုပ်တဲ့ အီလက်ထရောနစ် ဂက်ဂျက် ကလေးတွေရဲ့ ဓါတ်ပုံတွေကို တနင်္ဂနွေအားရက်တိုင်း သားဖြစ်သူ ဆီကို ရောက်အောင် ပို့ဆောင်ပေးပါတယ်။ ကျောင်းနေတော့ စာသင်ခန်းထဲမှာ သတိထားမိအောင် သိတ်ပြီး လက်စွမ်းပြတာမျိုး မရှိခဲ့သလို ကျောင်းအားချိန်မှာ ခုံအလွတ်တခုပေါ်မှာ စဉ်းစားနေတာဟာ အန်ဒီရူဘင့်ရဲ့ အကျင့်တခု ဖြစ်လာပါတယ်။

အခန်း (၅)

၂၀၀၃ ခုနှစ်၊ နွေနှောင်းရာသီရဲ့ ရက်တရက်မှာ Linux Kernel ကို အခြေခံထားတဲ့ Opertion System တခုကို တည်ထောင်ဖို့ T-Mobile က သူငယ်ချင်းတယောက်ရယ်၊ ဒီဇိုင်းကုမ္ပဏီက သူငယ်ချင်းတစ် ယောက်ရယ်၊ ဆက်သွယ်ရေးလောကက သူငယ်ချင်းတယောက်ရယ်၊ နည်းပညာ ပြင်ပကာလဖိုးနီးယား နယ်က စီးပွားရေး သမားတယောက်ရယ် ပူးပေါင်းပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီ OS ဟာ ပရိုဂရမ် သမားတွေဘက်က ကြည့်ရင် လွယ်ကူတဲ့ ပရိုဂရမ်မင်း ဖြစ်တဲ့ C++ ကို သုံးစွဲထားသလို ရှုပ်ရှုပ်ထွေး ထွေးတွေ အရမ်းကြီးပါဝင်တာလဲ မရှိတဲ့အတွက် ဆက်သွယ်ရေးလိုင်းကို အကောင်းဆုံး ဖြစ်စေတဲ့ အထောက်အပံ့တွေလဲ ပါရှိပါတယ်။ ဒီဇိုင်းသမားတွေ အကြိုက် GUI စနစ် ကို အပြည့်အ၀ လိုက်နာပါ တယ်။ ပြီးတော့ ဈေးကွက်ကို ချပြနိုင်စေဖို့အတွက် လူတကာ သုံးစွဲရလည်း လွယ်ကူစေပါတယ် ကုမ္ပဏီ ကိုလဲ Android Inc. လို့ ခေါ်ခဲ့ သလို အဲဒီ စက်လည်ပတ်ရေး စနစ်ကို Android OS လို့ ခေါ်ဆို သမုတ် ခဲ့ပါတယ်။ အဲဒီ အစုအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အန်ဒီရူဘင်တယောက် သိတ်မကြာခင်မှာပဲ ထူးထူးခြားခြား အသံတွေ ကြားလိုက်ခဲ့ရပါတယ်။ တခြားအသံတော့ မဟုတ်ပါ။
……………………………………
သူရဲကောင်းခရာတွေ ပြိုင်တူ ဟစ်ကြွေးလာနေတဲ့ စစ်ချီသံတွေပါ။

အခန်း (၆)

Andriod OS ကို လွှင့်ထုတ်ခဲ့ပြီး သိတ်မကြာခင်မှာပဲ မိုဘိုင်းစစ်မြေပြင်မှာ တိုက်ပွဲကိုယ်စီ ၀င်ကြတော့မဲ့ သူရဲကောင်းတွေရဲ့ စစ်ချီခရာသံတွေ နဲ့ စစ်မြေပြင်ရဲ့ ရနံ့၊ ရှုခင်းတွေနဲ့ ခက်ထန်တဲ့ သင်္ကေတတွေကို သူ ခံစားလိုက်မိတဲ့ အကြောင်းကို နောက်ပိုင်းမှာ အင်တာဗျူးတခုမှာ အန်ဒီရူဘင်က အခုလို ပြောကြားသွားခဲ့ ပါတယ်။

“ ကျွန်တော် အခု နှစ်ခုတွဲ ကိုင်ထားရပါတယ်။ တခုက အနာဂတ်မှာ ဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ ကြိုးစား နေတဲ့ ရိုဘော့နည်းပညာ၊ နောက်တခုကတော့ အခု လတ်တလော ဘ၀ထဲက Google Chrome, Google Phone တွေနဲ့ ပတ်သက်တဲ့ Project တွေပါ။ အခု လက်ရှိဘ၀ မိုဘိုင်းလောက ကတော့ ခင်ဗျား တို့ သိတဲ့အတိုင်းပါပဲ .။ ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ မနေ့တနေ့ကမှ စထောင်တဲ့ ကုမ္ပဏီ ငယ်ကလေးက နေ့ချင်း သူဌေးဖြစ်သွားနိုင်သလို နှစ်ရှည်လများ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကြီးတခုကလဲ ချက်ချင်းလဲ ပြိုကွဲသွားနိုင်ပါတယ်။ အဲဒီအထဲမှာ စစ်မြေပြင်မှာ စစ်သည်တော်တွေ အသိထားသလိုမျိုး အမြဲသတိရှိဖို့ လိုပေမဲ့ ပြိုင်ဆိုင်မှုကိုတော့ ကျွန်တော်တို့ လက်ကမ်းကြိုဆိုရမှာပဲ မဟုတ်လား။ ပြိုင်ဆိုင်မှု ဆိုတာကိုက ကျွန်တော့် တို့ ဒီနေ့ခေတ်အတွက် စိန်ခေါ်မှု ပဲလေ.။ “

CNet အယ်ဒီတာတွေက ၂၀၀၉ ခုနှစ်မှာ အန်ဒီရူဘင်ကို အင်တာဗျူးပြီးတဲ့ အချိန်အထိ သူ့ကို ဘယ်သူမှန်း မသိသေးပါဘူး။ Android ကို လက်ခံရကောင်းမှန်း နဲ့ ကြိုက်ရကောင်းမှန်းလဲ မသိကြသေးပါဘူး.။
တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်လွန်ခဲ့ပါပြီ။ ဆယ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာအတွင်းမှာ Android က စတင် ဖူးပွင့်ခဲ့ပါပြီ။ ကွန်ပျူတာလောကမှာ လုံးလုံးနေရာမရခဲ့ပေမဲ့ ခေတ်လွန် ပလက်ဖောင်းမှာတော့ Andriod ရှဲု့ ချိုသာတဲ့ ဈေးကွက် ဖြစ်ထွန်းခဲ့ပါတယ်။ အစပိုင်းမှာ လူတောမတိုးလှပေမဲ့ တတိယကမ္ဘာ့ နိုင်ငံတွေရဲ့ အားပေးမှုတွေက ပေါင်မုန့်တစ်လုံးကို ခဏလေးနဲ့ တ၀က်ကျော်ကျော် သယ်မသွားနိုင်တဲ့ ပုရွက်ဆိတ်ကလေးတွေလိုပါပဲ. ။ အဲဒီအချိန်အထိ အန်ဒီရူဘင်ကိုေ၀၀ါးနေကြဆဲပါပဲ ..။

အခန်း (၇)

၂၀၁၃ ခုနှစ် မှာတော့ ဆီလီကွန် တောင်ကြားတခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ စကားတခွန်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ စကားကို ထုတ်ဝေခဲ့တဲ့ business insider မဂ္ဂဇင်းတခု ထည့်သွင်းခဲ့တာပါ.။ ပြီးတော့ ကျွန်တော့်တိုရဲ့ ချစ်လှစွာသော စတိဗ်ဂျော့ဘ် က ပြောခဲ့ပါတယ်။

“ အဲဒီကောင်က .. ၀ မရှိပဲ ၀ိ လုပ်နေတဲ့ကောင် “ (မူရင်းမှာတော့ .. big arrogant လို့ သုံးပါတယ်။)

ဒီ စကားကတော့ နည်းနည်းတော့ များတယ်လို့ ဆိုရမှာပါ။ ဆီလီကွန်တောင်ကြားမှာ လုပ်နေတဲ့ လူအ ချင်းချင်း အဲဒီလောက် ရည်ရွယ်ပြီး မပြောသင့်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။ နောက်ပြီးတော့ ဘယ်သူ မို့လို့ အဲဒီလောက် သူ ပြောရတာလဲ ..။ ဘီလ်ဂိတ်နဲ့များ ပြန်ပြီး ရန်ဖြစ်နေပြန်ပြီလား ..လို့ အားလုံး စိတ် ထဲက ယူဆပြီး လေ့လာလိုက်တဲ့အခါမှာတော့ လူတိုင်းအံ့သြသွားစေနိုင်တဲ့ လူတယောက်ကို ရှုာဖွေ တွေ့ရှိသွားပါတယ်။

အန်ဒီရူဘင်ဟာ Google 45 ထဲမှာ မပါဝင်ပါဘူး.။ Google 45 ဆိုတာ က Google ရဲ့ အကောင်းဆုံး ပရိုဂရမ်မာ ၄၅ ယောက်ပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ နှစ်ခြိုက်တဲ့ လက်ရှိသုံးစွဲနေတဲ့ Gmail ကို ဖန်တီး ခဲ့တဲ့ လူတောင် ပါဝင်ပါသေးတယ်။ လူတော်တော်များများက အန်ဒီရူဘင်ကို မသိကြပေမဲ့ Google က တော့ သူတို့ရဲ့ တီထွင်ပါရဂူကို ဂူးဂဲလ်ရူဘင် (Google’s Rubin) လို့ ခေါ်ဆိုပြီး ချီးမြှောက်ခဲ့ပါတယ်။ နည်းပညာလောကဟာ ပြိုင်ဆိုင်မှု ပြင်းထန်တယ် ဆိုပေမဲ့ စတိဗ်ဂျော့ဘ် ရဲ့စကားကို ကြားပြီးတဲ့ အချိန် မှာတော့ အံ့သြစရာကောင်းလှပြီး အရမ်းပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ အရင် ဆယ်စုနှစ်တွေက မန်ချက်စတာယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်းနဲ့ ပြိုင်ဆိုင်ခဲ့သလိုမျိုး၊ မိုက်ခရိုဆော့ဖ် နဲ့ အက်ပဲလ် နဲ့ ပြိုင်ဆိုင်ခဲ့သလိုမျိုး၊ အဲဒီလိုမျိုး ဘက်နှစ်ဖက် ကွဲပြားသွားခဲ့ပါတယ်။ တချို့  က သူတို့ရဲ့ Apple iOS ဘက်မှာ ရပ်တည်ခဲ့ပြီး တချို့ကတော့ Google Android ဘက်မှာ ရပ်တည်ခဲ့ပါ တယ်။

အခြေအနေတခုကို ရုတ်ချည်း နှစ်ခြမ်းကွဲသွားအောင် ဘယ်သူကမှ ပြုမူခဲ့တာ မဟုတ်ပေမဲ့ ပစ္စက္ခလောက မှာတော့ အငြိုးကြီးမားတဲ့ ရန်သူတွေလို ရင်ဆိုင်ခဲ့ကြရပါပြီ။ business insider စာအုပ်ထဲမှာပါတဲ့ နောက် ထပ် လူသိနည်းတဲ့ အချက်တချက်ကတော့ Google Android ဟာ Apple iOS ရဲ့ နည်းပညာပိုင်းကို တ ထပ်ထည်းကျအောင် လိုက်ပြီး တုပထားပြီး kernel သုံးစွဲမှုတွေကအစ ထပ်တူညီတယ်လို့ စတိဗ်ဂျော့ဘ် က စွပ်စွဲထားတဲ့ အချက်ပါပဲ။ စတိဗ်ဂျော့ဘ်ဟာ ဖြစ်တောင့်ဖြစ်ခဲ ဒေါသတရားတွေကို Android ပေါ်ကို စုစည်းစေခဲ့ပါတယ်။ စာထဲမှာ ဖော်ပြဖို့ မသင့်တော်လှတဲ့ ညစ်ညမ်း စကားလုံးနဲ့ ဆဲဆိုမိတဲ့ အထိပါပဲ။
“ Andriod က iOS ကို တော်တော့် ကို ခိုးချထားတာပဲ .။ အရာရာအားလုံးကို သောက် ….ပဲ “ လို့ ဆဲဆို ခဲ့ကြောင်း business insider မှာ ပါဝင်ခဲ့ပေမဲ့ အန်ဒီရူဘင်က ဘာတခုမှ မတုံ့ပြန်ခဲ့ပါဘူး။ စတိဗ်ဂျော့ဘ် ပေါက်ကွဲမယ်ဆိုရင်လဲ ပေါက်ကွဲချင်စရာပါ။. ဘာလို့လဲ ဆိုတော့ AndyRubin ဟာ ကမ္ဘာကျော် Apple Inc. ကုမ္ပဏီကြီးမှာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ အင်ဂျင်နီယာအလုပ်နဲ့ တာဝန်ယူဖူးတဲ့ အတွက် ပါပဲ ..။ “ အဲဒီ မပြေးသော် ကန်ရာရှိ “ နေတဲ့ အချက်ကို လေ့လာသူတွေ ထပ်ပြီးတွေ့ခဲ့ကြပါတယ်။ 

အခု အချိန်မှာ Google ကနေ ရိုဘော့တက္ကစီတွေ ထုတ်လုပ်မဲ့ စီမံကိန်း ရှိနေပါတယ်။ လူတွေရဲ့ နေအိမ်တွေကို အင်တာနက် အခမဲ့ စီမံကိန်းလဲ ရှိနေသလို အဲဒီအိမ်တွေမှာ သုံးစွဲမဲ့ နည်းပညာတွေကိုလဲ ရိုဘော့နည်းပညာတွေကို သုံးစွဲဖို့ နဲ့ ရိုဘော့တွေကိုယ်တိုင် လူတွေကို ကူညီမဲ့ အစီအစဉ်တွေအတွက် အသေးစိတ် သတ်မှတ်ချက်တွေ လျာထားနေပါပြီ။ အဲဒီ project တွေဟာ အန်ဒီရူဘင် ရဲ့ စိတ်ကူးအပိုင်း အစတွေကနေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ သူကိုယ်တိုင်လဲ ဦးဆောင်နေပါတယ်။ အဲဒီအတွက် လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိထားပါတယ်လို့လဲ အန်ဒီရူဘင်က ၀န်ခံခဲ့ပါတယ်။ ဒါပေမဲ့ စီမံကိန်း တော်တော်များများဟာ Apple ရဲ့ Secret Projects တွေနဲ့ တိုက်ဆိုင်နေလေ့ရှိပါတယ်။ အခု ၂၀၁၄ ခုနှစ် မှာ မော်တော်ကားတွေပေါ်မှာ သုံးစွဲမဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး Apple နဲ့ Google Android တို့ ထိပ်တိုက်တွေ့စရာ အကြောင်း ရှိနေပါတယ်။

အင်း .. ပြောရမယ် ဆိုရင် .. အန်ဒီရူဘင် နဲ့ စတိဗ်ဂျော့ဘ် ၀ိညာဉ်တို့ နောက်ထပ် နယ်ပယ်တခုမှာ
ထပ်ပြီး တိုက်ခိုက်ကြဦးမယ် ထင်ပါရဲ့ ။

အခန်း (၈)

ဒါကြောင့် …ဒီတခါမှာတော့ “ ကျုပ်ကတော့ ကမ္ဘာမြေဆုံးသွားတဲ့အထိ၊ ကျုပ်သေတဲ့အထိ ခွင့်လွှတ်မှာ မဟုတ်ဘူး .. ” …. လို့ မီးစာကုန်၊ ဆီခမ်းတဲ့အချိန် … စတိဗ်ဂျော့ဘ် သေခါနီးအထိ စစ်ကြေငြာခဲ့တယ် လို့ ပြောလာခဲ့မယ် ဆိုရင် … ကျွန်တော် အံ့သြသွားမှာ မဟုတ်တော့ပါဘူး။ 


ဇော်မင်း
TechSpace Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...