ဟန်းဆက်အခွန်နှုန်းထားများ လျှော့ချပေးရန်စီစဉ်



ပြည်ပမှဟန်းဆက်များ အလုံးရေသန်းနှင့်ချီ မှောင်ခိုတင်သွင်းနေခြင်းကြောင့် တရားဝင်တင်သွင်းနိုင်ရန် အခွန်နှုန်းထားများ လျှော့ချပေးရန် စီစဉ်နေကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဟန်းဆက်ကို ဖောင်ဒီနဲ့သွင်းမယ်ဆိုရင် အကောက်ခွန်က သုညရာခိုင်နှုန်းပဲ။ ဒီအတိုင်း သွင်းမယ်ဆို ရင်တော့ ငါးရာခိုင်နှုန်း အခွန်ကောက်ပါတယ်’’ဟု အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးသိန်းဖေ ကပြောကြားသည်။

အာဆီယံ ၁၀ နိုင်ငံ၌ ဟန်းဆက်များကို ပြည်ပမှတင်သွင်းရာတွင် ခြောက်နိုင်ငံမှာ အခွန်ကောက်ယူခြင်း မရှိသော်လည်း မြန်မာ၊ လာအို၊ ဘရူနိုင်းနိုင်ငံတို့က အကောက်ခွန်ငါးရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ က ဆယ့်ငါးရာခိုင်နှုန်း ကောက်ယူကြောင်း သိရသည်။

‘‘အခွန်နှုန်းထားကို လျှော့ပေးမယ်ဆိုရင် တရားဝင် အခွန်ဆောင်ဖို့အတွက် စည်းရုံးပေးပါ့မယ်’’ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ပြည်ပမှ ဟန်းဆက်များ တင်သွင်းရာ၌ တရားမဝင်မှောင်ခိုက ကိုးဆယ့်ခုနစ်ရာခိုင်နှုန်းရှိပြီး အလုံးရေ ၁၀ သန်းကျော်တွင် နှစ်သိန်းဝန်းကျင်သာ အခွန်ဆောင်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ပြောသည်။

တရားမဝင်ကုန်သွယ်မှုများကို ရွေ့လျားအဖွဲ့များဖြင့် ဖမ်းဆီးမိမှုမှာ ခုနစ်လအတွင်း ဟန်းဆက်အလုံးရေ ကိုးထောင်ကျော်နှင့် ကျပ်သန်းနှစ်ရာကျော် ဖမ်းမိခဲ့ပြီး ကိုယ်ပိုင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ အငှား ယာဉ်များ၊ ခရီးသည်ယာဉ်များတွင် အများဆုံး ဖမ်းဆီးမိသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဆင်းမ်ကတ်များ ဈေးနှုန်းချိုသာလာခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းတွင် နိုင်ငံတကာ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံခြင်းတို့ကြောင့် မိုဘိုင်းဟန်းဆက် လိုအပ်ချက်များပြီး သုံးစွဲမှုများလည်း မြင့်တက်လာမည်ဖြစ်သည့်အတွက် အခွန်နှုန်းထားများ အမြန်လျှော့ချပေးမှသာ နိုင်ငံတော်အတွက် အခွန်ငွေ ရရှိနိုင်မည်ဟု ပြည်ပမှ ဟန်းဆက်တင်သွင်းသူများက ပြောသည်။


7Day News Journal 
အတွဲ (၁၃)၊ အမှတ် (၁၆) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...