တစ်ညတည်းခိုခ တစ်ဒေါ်လာသာ ပေးရမယ့် အချုပ်ခန်းပုံစံ တည်းခိုခန်း


အေသင်အောင်

နယူးယော့ခ်မြို့ကြီးမှာ တစ်ညတည်းခို ခ တစ်ဒေါ်လာပေးပြီး နေနိုင်တဲ့ နေရာမျိုး မရှိဘူးလို့ ထင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဒေါ်လာ တည်းပေးပြီး နေနိုင်တဲ့ တည်းခိုခန်း အမှန်တကယ် ရှိနေပါတယ်။ တစ်ခုရှိတာက အဲဒီတည်းခိုခန်းမှာ နေထိုင်မယ့်သူဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာသွား ရမှာ ဖြစ်ပါတယ်။ စည်းမျဉ်းတွေကို မလိုက်နာရင်တော့ တည်းခိုလို့ရမှာ မဟုတ်ပါဘူး။ တရုတ်ပညာရှင် Miao Jiaxin ဟာ ထူးခြားတဲ့ စိတ်ကူးနဲ့ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ 

တည်းခိုရမယ့် အခန်းကို အချုပ်ခန်းပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သံတိုင်တွေကြားထဲမှာ နေထိုင်သွားရမှာဖြစ်တဲ့အပြင် ခြောက်ခြားစရာ ဖြစ်အောင် ပြုလုပ်ထားပါတယ်။ မတည်းမီ သုံးနာရီ အတောအတွင်း စိတ်ဓာတ် ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အချုပ်ခန်းပုံစံ အခန်း အတွင်း တစ်ယောက်တည်း ထိုင်နေရမှာဖြစ်ပြီး ထိုအတောအတွင်း စကား ပြောခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်စက်ခြင်းစတဲ့ ဘာအပြုအမူကိုမှ ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။ 

ဒီလို သုံးနာရီ ပြုလုပ်ပြီးမှ အချုပ်ခန်းပုံစံ အခန်းတွင်းမှာ တစ်ညတစ်ဒေါ်လာနဲ့ အိပ်စက်ခွင့်ရမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် အိပ်ယာပစ္စည်းတွေကိုလည်း အသစ်စက်စက် အသုံးပြုခွင့်ပေးသွား မှာဖြစ်ပါတယ်။ ပြစ်မှု မကျူးလွန်တဲ့ သူတွေလည်း အချုပ်ခန်းထဲမှာ နေထိုင်ဖူးအောင် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ Miao Jiaxin က ဖွင့်ဟခဲ့ပါတယ်။ လာမယ့် သြဂုတ်လ (၁) ရက်နေ့မှာ စတင် တည်းခိုနေထိုင်နိုင်ပြီလို့ Miao Jiaxin က သူ့ရဲ့ Facebook ကနေ သတင်းစကား ပြောကြားထားပါတယ်။


The Messenger Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...