ဝက်ငါးဆုပ် ပုဇွန်အကောင် သွတ်ကြော် (၉) ကောင်



ဝက်ငါးဆုပ်ကို အများကြီး လုပ်ထားပေမယ့် ဝက်ငါးဆုပ် ပုဇွန်အကောင် သွတ်ကြော် (၉) ကောင် အတွက် ၃ ပုံ ၁ ပုံခန့်သာ လိုပါတယ်။ ကျွန်မက အခြားနေရာ များမှာပါ သုံးလို့ရအောင် ပိုကြိတ်ထား တာပါ။

***... ဝက်ငါးဆုပ် အတွက် လိုအပ် တာလေးတွေ…

1. ပူစီနံ (mint) – လက်တစ်ဆုပ်ခန့်
2. ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်
3. ဂျင်း – လက်မတစ်ဆစ်ခန့်
4. ဝက်ကြိတ်သား (pork mince) – 1 kg (၆၅ ကျပ်သား)
5. အတုံး ခပ်သေးသေး လှီးထားသော Basa Fillet (သို့) ကြိုက်နှစ်သက်ရာ ငါးအသားလွှာ – 360 g (၂၃ ကျပ်သား)
6. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
7. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ငါးမဆလာ (သို့) ကြိုက်နှစ်သက်ရာ မာဆလာ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
9. ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
10. ငရုတ်သီးအကြမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း

ပူစီနံ၊ ကြက်သွန်ဖြူ နှင့် ဂျင်းကို ကြေအောင်ကြိတ်ပြီး ကျန်ပါဝင်ပစ္စည်းများ အားလုံးဖြင့် ရောနယ်ထားပါ။

ပြီးလျှင် ကြိတ်စက်ထဲထည့်ကာ ကြေအောင်ကြိတ်ပြီးလျှင် ဝက်ငါးဆုပ် ကိုရပါပြီ။

***... ဝက်ငါးဆုပ် ပုဇွန်အကောင်သွတ်ကြော် (၉)ကောင် အတွက် လိုအပ်တာလေးတွေ…

1. ဝက်ငါးဆုပ် (အပေါ်တွင်ကြိတ်ထား၏ ၃ ပုံ ၁ ပုံ)
2. လက်ညှိုးအရွယ် ပုဇွန် – ၉ ကောင်
3. ကြက်ဥ – ၁ လုံး
4. bread crumbs – 1 1/2 cups (375 ml)

ပုဇွန်များမကွေးပဲ ဖြောင့်ဖြောင့်လေးဖြစ်အောင် ကျောကုန်းမှ ချီးကြောကိုထုတ်ပြီးသည်နှင့် ပုဇွန်အောက် ဖက်ကို နည်းနည်းစီခြားပြီး ဓါးနှင့် ၄ ချက်ခန့် လှီးပါ။ အောက်အထိမပြတ်အောင် တစ်ဝက်ပဲလှီးပါ။

ပြီးလျှင် လက်နှစ်ဖက်နှင့် ဖိကိုင်ပြီး ဖြည်းဖြည်းချင်း ဆန်.ပေးပါ။ (ပြတ်ထွက်မသွားအောင် ဖြည်းဖြည်း လုပ်ပေးပါ၊)

ထို့နောက် paper towel ကို သုံးကာ ပုဇွန်များတတ်နိုင်သမျှခြောက်အောင် လုပ်ပေးပါ။ (ရေစိုနေလျှင် ဝက်ငါးဆုပ်နဲ့ ကျစ်ကျစ်လေးကပ်မနေပဲ ချော်ထွက်တတ်ပါတယ်။)

ပြီးလျှင် ဝက်ငါးဆုပ်ကို ထမင်းစားဇွန်း ၁ ဇွန်းမောက်မောက်ခန့် ခပ်ကာ တတ်နိုင်သမျှ ပြားပြားလေး လုပ်ပေးပါ။

ပြားသွားလျှင် ပုဇွန်ကိုထားပြီး လုံသွားအောင်ဖုံးပေးပါ။ ပုဇွန် ၉ ကောင်လုံးကို ထိုနည်းအတိုင်း လုပ်ပေး ပါ။

တစ်ခုချင်းစီကို ခလောက်ထားသော ကြက်ဥရည်ထဲ ထည့်စိမ်ပါ။

ပြီးလျှင် ပန်းကန်ပြား ထဲရှိ bread crumbs များထဲထည့်ပြီး နှံ့ပြီးကပ်သွားအောင် လုပ်ပေးပါ။

ဒယ်အိုးတစ်ဝက်ခန့်ထည့်ထားသော ဆီများ ပူလာလျှင် ဝက်ငါးဆုပ် ပုဇွန်အကောင်သွတ်ကိုထည့်ကာ ၂ ဖက်စလုံး ရွှေဝါညိုရောင် ဖြစ်လာအောင် ကြော်ပေးပါ။ (ဆီအရမ်းပူလျှင် အတွင်းက မကျက်သေးခင် တူးသွားတတ်သဖြင့် မီးကို ဂရုထားကာ အတိုးအလျှော့ လုပ်ပေးပါ။)

ပြီးလျှင် ပန်းကန်ပြား (သို့) လင်ဗန်းခံထားသော wire rack ပေါ်တင်ကာ ဆီစစ်ပြီး မွရွမွှေးကြိုင် စားကောင်း လှသော ဝက်ငါးဆုပ် ပုဇွန်အကောင်သွတ်ကြော် ကို အချဉ်ရည်လေးဖြင့်တွဲဖက်ပြီး အရသာ ရှိစွာ သုံးဆောင်နိုင်ပါပြီ။

***... အချဉ်ရည်လေး လုပ်ရအောင်…

1. ငါးငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
2. သကြား – ထမင်းစားဇွန်း တစ်ဝက်
3. သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း
4. ကြက်သွန်ဖြူ အတက်ကြီး – ၁ တက်
5. ငရုတ်သီးစိမ်း – ၃ တောင့်

ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို ပါးပါးသေးသေးလှီးကာ ငါးငံပြာရည်၊ သကြား၊ သံပုရာရည်တို့ဖြင့် ရောဖျော်လိုက်လျှင် လိုအပ်သော အချဉ်ရည်လေးရပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...