ပြည်မြန်မာက တစ်ခွေတစ်ရာဆိုတဲ့ ဝေဒနာ

(တစ်)

အဝေးသင် တက္ကသိုလ်တွေ စာသင်နှစ်တစ်နှစ် စ,ဖွင့်ပြီးလို့ မကြာတတ်လှသေးခင် ရက်တွေထဲ ရောက်ပြီလို့ဆိုရင် ကျွန်တော်တို့ ရပ်ကွက်ကလေးထဲမှာ ကြားရလေ့ရှိတဲ့ အသံတစ်သံက မြန်မာ့ပညာရေးနဲ့ ပတ်သက်လို့ အတော့်ကို ကြေကွဲဖို့ကောင်းပါတယ်။ သတင်းစာစက္ကူတို့၊ ဗလာ စာအုပ်အဟောင်းတို့၊ ဒန်အိုးဒန်ခွက် အဟောင်း၊ အမြင်း၊ အပိန်၊ အပေါက်တို့ လိုက်ဝယ်တဲ့ဈေးသည်က ကုန်ပစ္စည်း အမည်အသစ် တစ်ခုကို ခါတော်မီထည့်ပြီး အော်လေ့ရှိပါတယ်။ သည်လိုပါ။


‘‘အဝေးသင် ကက်ဆက်ခွေတွေ တစ်ခွေတစ်ရာနဲ့ ဝယ်တယ်’’ တဲ့။

ကြားရသူတိုင်း ကိုယ့်အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ကိုယ်ပြုံးစိစိပေါ့။ အော်သံဆုံးဆုံးချင်း ကျွန်တော်လည်း ပြုံးမိပါတယ်။ ပြီးတော့ ဝမ်းနည်းသလိုလို၊ ကြေကွဲသလိုလို ခံစားမှုမျိုးနဲ့ပါ။ အဝေးသင်ကျောင်းသား၊ ကျောင်း သူတွေအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက်၊ နှစ်အလိုက် ပို့ချထားတဲ့အသံလွှင့်သင်ခန်းစာ တိပ်ခွေတွေကို ဘယ်သူကမှလို့ ဆိုရလောက်အောင်ကိုပဲ စာသင်သားအများစုက ဖွင့်နားမထောင်ပါဘူး။ ဆရာ၊ ဆရာမတွေက သေသေချာချာပြုစုရေးသားပြီး ကြိုးစားပမ်းစားအသံသွင်းထားတဲ့ အခွေတွေကို သီချင်းခွေပြန်ကူး တဲ့သူကကူး၊ချောင်ကြိုချောင်ကြားမှာ ပစ်ထားတဲ့သူက ပစ်ထား၊ တစ်ခွေတစ်ရာနဲ့ ပြန်ရောင်းတဲ့သူကရောင်း။ တစ်ခွေတစ်ရာဆိုတာက နည်းနည်းများ မရင့်သီးလွန်းဘူးလား။ တက္ကသိုလ် ပညာရေးနဲ့ ဆက်စပ်တဲ့ပစ္စည်းကို ငွေ တစ်ရာလို့လုပ်လိုက်တာဟာ အလကားပေးတာထက်တောင်မှ အပေါစားဆန်သွားအောင်လုပ်ပစ်ရာကျလွန်းလှပါတယ်။

သို့သော် ဘာတတ်နိုင်ပါ့ မလဲ။ ရောင်းသူနဲ့ဝယ်သူ သဘော တူလို့လုပ်ကြတဲ့ကိစ္စ။ သူ့ပစ္စည်း သူရောင်းတဲ့ ကိစ္စ။ ကိုယ့်မှာတား ပိုင်ခွင့်မရှိ၊ ဆီးပိုင်ခွင့်မရှိ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ ခံစားနေရ တာကို ပြောခွင့်လေးတော့ရှိပါ တယ်ဆိုရင်ဖြင့် ကျွန်တော်တစ် ခွန်းတော့ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပေါစားဖြစ် သွားအောင်လုပ်တာဟာ ဘယ်သူ မှမဟုတ်ကိုယ်ကိုယ်တိုင်ပါပဲ ဆိုတဲ့ စကားပါ။

(နှစ်)

သတင်းစာထဲက အလုပ် ခေါ်ယူတဲ့ကြော်ငြာတွေထဲမှာ အဝေးသင်ဘွဲ့ရများ လျှောက်ထားရန်မလိုပါဆိုတဲ့ ကန့်သတ်ချက် စာသားကို မကြာခဏ တွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ ကာယကံရှင်တွေတော့ မပြော တတ်ဘူးခင်ဗျ။ ကျွန်တော်ကတော့ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံကြီးတွေကို အားနာနေမိတာပါ။ ဘာ့ကြေင့် ‘‘အဝေးသင်ဘွဲ့ရများလျှောက်ထားရန်မလိုပါ’’လို့ လုပ်ခဲ့ရလေတာပါလိမ့်။ ရှင်းပါတယ်။ အရည်အချင်း မရှိဘူး၊ တကယ် မတတ်ဘူးလို့ ယူဆလို့ပါပဲ။ ဒါဆိုအဲသည့်အယူအဆကရော မှန်၏ မှား၏မေးလာခဲ့ရင် ကာယကံရှင်တွေက ဘယ်လိုဖြေကြမှာပါလိမ့်။

အဝေးသင်တက္ကသိုလ်တက် တဲ့ ကျောင်းသားတိုင်း စာစဉ်မေး ခွန်းဖြေကြရပါတယ်။ စာစဉ်မေးခွန်းဖြေ သူတိုင်းကိုလည်း အမှတ် ပေးထားပါတယ်။ ဘယ်သူတွေ က ကိုယ်တိုင်ဖြေဆိုခဲ့ကြလို့လဲ။ ပိုက်ဆံပေးရင် ရေးပေးတဲ့လုပ် ငန်းတွေ ရှိခဲ့ကြဖူးတယ်လေ။ နောင်အခါ အဆင်သင့်ဖြေဆိုပြီး သားစာအုပ်တွေ ထွက်လာတဲ့ အခါ ကျောင်းသား၊ ကျောင်းသူတိုင်းအဲသည့်စာအုပ်ကလေးတွေ ဝယ်ပြီး ကူးရေးကာ စာစဉ်မေးခွန်းတွေကို ဖြေဆိုခဲ့ကြတာပါပဲ။

အဝေးသင်တွေ အနီးကပ် ဆယ်ရက် ကျောင်းလာတက်တဲ့ အခါ ကျောင်းသားအင်အားက အလွန်များ ပါတယ်။ သင်ကြားပို့ ချမယ့်ဆရာနဲ့ စာသင်ခန်းက မလုံ လောက်ပါဘူး။ တချို့စာသင်ခန်း တွေထဲမှာ ကျောင်းသားလေးရာ လောက်ကို ဖြစ်အောင်ထည့်ပြီး သင်တဲ့အခါ မီးပျက်တဲ့အချိန်နဲ့ များ ကြုံလို့ကတော့ ဆရာရေးတဲ့ စာကိုလည်း ကျောင်းသားက မမြင်ရ၊ ဟိုးအနောက်ပိုင်းခပ်ကျကျဆီက ကျောင်းသား ကိုလည်း ဆရာကမမြင်ရ၊ ဆရာပြောသမျှ ပို့ချချက်တွေကိုလည်း ကျောင်းသားတိုင်းက မကြားရနဲ့ ပညာဟာ ဘယ်လိုအရာဆိုတာကိုတောင် ကျွန်တော်မပြောတတ်တော့ပါဘူး။

ရုပ်မြင်သံကြားနဲ့ ရေဒီယို ကနေ အဝေးသင်တက္ကသိုလ်သင် ခန်းစာတွေကို ထုတ်လွှင့်ပေးလေ့ ရှိပါတယ်။ သင်ခန်းစာခေါင်းစဉ် ကို ကြေညာနေရုံရှိသေး ခလုတ် ကို ထောက်ခနဲထပိတ်ပစ်လိုက်တာ အဝေးသင် စာသင်သားအများစု ပါ။

သင်ကြားရေး ထိရောက် အောင်မြင်စေဖို့လို့ဆိုကာ Lear- ning center ကလေးတွေဖွင့်ဖူး ပါတယ်။ သက်ဆိုင်ရာတက္ကသိုလ် က ဆရာ၊ ဆရာမတွေက နီးစပ် ရာမြို့တွေရှိရာဆီကို သွားပြီး ကူညီရတဲ့ အစီအစဉ်ပါ။ ဆိုကြပါစို့ ဟင်္သာတတက္ကသိုလ်ဆိုရင် မြန်အောင်တို့၊ ကြံခင်းတို့၊ ကျုံပျော်တို့၊ ငါးသိုင်းချောင်းတို့ ဆိုတာမျိုးတွေဆီကို သွားကြရတာပါ။ သုံးယောက်တစ်စု၊ လေး ယောက်တစ်စု။ အောင်မြင်သလား။ မအောင်မြင်သလားဆိုတာ အားလုံးအသိပါ။

Learning center ဖွင့်ထား တဲ့ အထက်တန်းကျောင်းထဲကို အဝေးသင်ကျောင်းသားတွေက မလာ၊ လာနေ့အခါကျတော့လည်း တစ်ယောက်စ၊ နှစ်ယောက်စ။ Learning center ထဲမှာ အဝေးသင်နဲ့ဆိုင်တဲ့ Channelကို ဖွင့်ကြမယ် Onlineကို သုံးကြမယ်ဆိုတော့ မီးကပျက်။ မီးလာတဲ့ရက်ကျပြန်တော့ Network ကမကောင်း။နောက်တော့ မြို့ခံတွေချက်ကျွေးတဲ့ ထမင်းစားပြီး ကိုယ့်တက္ကသိုလ် ကိုယ်ပြန်နဲ့ကြာတဲ့အခါ အလိုလို ပျက်သွားရပြန်တာပါပဲ။

အဝေးသင်တွေဟာ စာမေး ပွဲမှာ အထူးအသက်ညှာခံရပါ တယ်။ အောင်မှတ်လေးဆယ်လို့ ဆိုသော် လည်းပဲ Moderation က တော်တော့ကိုနှိမ့်ပြီးလုပ်ပေးထား တာမို့ တစ်ပုဒ်ခွဲ၊ နှစ်ပုဒ်နဲ့ကို အလုပ်ဖြစ်ချင် ဖြစ်နေကြရတဲ့ အနေအထားကိုး။ တချို့ကျောင်း သား၊ ကျောင်းသူတွေများဆိုရင် နှစ်ပုဒ်အပိုင် ကျက်ထားပြီး ဘာ မေးမေး အဲသည့်နှစ်ပုဒ်ကိုပဲ ထပ် တလဲလဲပြန်ပြန်ရေးနေတာကို အံ့အားသင့်စရာ ကြည့်နေခဲ့ရဖူးပါရဲ့။

အကုန်လုံးကို ခြုံလိုက်တဲ့ အခါ စောစောက ကျွန်တော်ပြောခဲ့သလို အဝေးသင်ဘွဲ့ရများ လျှောက်ထားရန် မလိုပါတွေ ဖြစ်ကုန်ခဲ့ရတော့ တာပါပဲ။

(သုံး)

နိုင်ငံတော်ကပေးတဲ့ဘွဲ့ကို အဲသည့်နိုင်ငံတော်အတွင်းမှာ တောင်မှ အကန့်အသတ်ခံလာရ တယ်ဆိုတာ ကြေကွဲစရာကြီးဖြစ် ပေမယ့် တကယ်မတတ်သူ၊ တ ကယ်မတော်သူကို ဘယ်သူကမှ မရွေးချယ်ချင်ဘူး ဆိုတာဟာ လည်း အပြစ်တော့မဆိုလောက် တဲ့ကိစ္စပါ။ ကျောင်းသားတွေ ဘက်က ပေါ့ပျက်ပျက်လုပ်တာ တွေပါသလို စီမံခန့်ခွဲသူတွေဘက် က လစ်နေ၊ ဟာနေတာတွေက လည်း အများကြီးပါ။

Distance education Distance Learning, d-Learn-ing, D-Learning အမည်အမျိုး မျိုးခေါ်တဲ့ အဝေးသင် ပညာရေးဟာ ကမ္ဘာမှာလည်းရှိတဲ့စနစ်ပါ။ ဗြိတိန်လို နိုင်ငံမျိုးမှာတောင်မှ London School of Economic, Royall Holloway, Goldsmiths စတဲ့ ကောလိပ်တွေဟာ ဘွဲ့လွန် အထိတောင်မှ ပေးနေတာကို ပညာရှင်တွေအသိပါ။ ကျွန်တော်တို့ကျခါမှ ဘာဖြစ်လို့ပေါ့ပျက်ပျက်ဖြစ်နေကြရတာတဲ့လဲ။

စာသင်သားတွေ ဘက်က ခုလိုပဲပေါ့ပျက်ပျက်သဘောထား ဆက်ထားနေဦးမယ်ဆိုရင်၊ စီမံ ခန့်ခွဲသူတွေ ဘက်ကလည်း ဖိဖိစီး စီး ထိထိရောက်ရောက်မကိုင် တွယ်ခဲ့ဘူးဆိုရင် အဝေးသင်ရေ စုန်မျောသွားပါ လိမ့်မယ်။ ဂုဏ် သိက္ခာကို မြန်မြန်အဖတ်ဆယ်ကြ ဖို့ စေတနာစကားဆိုပါရစေလား။

မောင်သာချို


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...