မလေးရှားတွင် လူအသေအပျောက် မြင့်မားလာမှုကြောင့် သွေးလွန် တုပ်ကွေး တိုက်ဖျက်ရန် အထူးအဖွဲ့ ဖွဲ့စည်း

ကွာလာလမ်ပူ ၊ ဇူလိုင် ၄ 
မလေးရှားတွင် ခြင်ကြောင့် ဖြစ်ပွားသည့် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း မြင့်မားလာမှုကြောင့် အဆိုပါရောဂါကို တိုက်ဖျက်ရန် အထူးအဖွဲ့ ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ဇန်န၀ါရီလ မှစပြီး ဇွန်လ(၂၁) ရက် နေ့အထိ အဆိုပါ ရောဂါကြောင့် (၈၂) ဦး သေဆုံးခဲ့ပြီး ယင်း ပမာဏမှာ လွန်ခဲ့သည့်နှစ် အဆိုပါ ကာလတွင် သေဆုံးခဲ့သည့် ပမာဏထက် သုံးဆ ပိုများကြောင်း သိရသည်။ ကျန်းမာရေး ၀န်ကြီးဌာနမှ စာရင်း ဇယား များအရ ရောဂါ ဖြစ်ပွားမှုမှာ (၃ ဒသမ ၅) ဆခန့် မြင့်တက် ခဲ့ကြောင်းလည်း သိရသည်။

မလေးရှားတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူအသေအပျောက် အများဆုံးမှာ ၂၀၁၀ ပြည့်နှစ် ဖြစ်ခဲ့ပြီး၊ လူ (၁၃၄) ဦးသေဆုံး ခဲ့သည်ဟု သိရသည်။ ၂၀၁၃ ခုနှစ်က ရောဂါဖြစ်ပွားမှု (၄၃၀၀၀) ရှိပြီး၊ (၉၂) ဦး သေဆုံးခဲ့သည်။

အထူးအဖွဲ့အနေဖြင့် ရောဂါဖြစ်ပွားမှု တိုးပွားလာခြင်းကို ထိန်းချုပ်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာ နိုင်ငံ အနှံ့ရောဂါ ကာကွယ်ရေး လုပ်ဆောင်မှုများကို အကောင်အထည် ဖော်မည်ဖြစ်သည်။

အာဏာပိုင် များကလည်း နိုင်ငံသားများကို မိမိပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်သည့် နေရာများ မရှိနိုင်အောင် လုပ်ဆောင်ကြရန် တိုက်တွန်း ပြောကြားထားသည်။

သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများမှာ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနှင့် အရိုးအဆစ်များ ပြင်းထန်စွာ နာကျင်ခြင်းများ ဖြစ်ပြီး အဆိုပါ လက္ခဏာများ တွေ့ရှိပါက ဆေးရုံသို့ ကုသမှု သွားရောက်ခံယူရန် တိုက်တွန်းထားသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းနှစ်စဉ် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွား ကူးစက်ခံရသည့် လူနာပေါင်းသန်း (၅၀) မှ (၁၀၀) ထိရှိ ကြောင်း သိရှိရသည်။

ကာကွယ်ဆေး မရှိသဖြင့် ခြင်ပေါက်ပွားမှုကို ကာကွယ်ရန်သာ အရေးထား နေရကြောင်း သိရသည်။

Source: AFP

ref; The Messenger 
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...