ပညာသည်သာ
တောမြို့လေး မှာလည်း လိုအပ်နေသလို မြို့ပြကြီးတွေ မှာလည်း လိုအပ်နေပါသည်။ ဖယောင်းတိုင် အလင်းသည် သေးငယ်သော်လည်း သူ၏အလင်းသည်တစ်ခန်းလုံး အလင်းရောင် ပေးနိုင်သည်။ ပညာသည်လည်း မည်မျှပင်ဝေငှ ကုန်ခန်းသည်မရှိပေ။ ပညာရေးသည် ဘဝရှေ့ ဆောင်ဖြစ်ပြီး လောကတစ် ခုလုံးကို ပညာ တန်ဆာဆင်ရပေသည်။
မိမိတို့နိုင်ငံသည် နယ်ချဲ့လက်အောက်ကို ၁၈၂၄ မှ ၁၉၄၈ ဇန်နဝါရီ ၄ ရက်အထိ နှစ်ပေါင်းများစွာ သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ပေသည်။ ပညာတတ်သူ အနည်းငယ်သာရှိပြီး ထင်ရာစိုင်းနေသူနှင့် အသိ အမြင်မကျယ်သူ ပညာမဲ့သူများပြားနေသည်။ ထိုအခါ ‘ကျားရှေ့မှောက်လျက်လဲ’ သလိုဖြစ်နေသည်။ ပညာမဲ့သူ အမှားအမှန်မခွဲခြားနိုင်သော ကာလဖြစ်သော ကြောင့် ‘နွားကွဲ၍ ကျားဆွဲခံရ’ သလိုမျိုးလည်း ကြုံခဲ့ဖူးသည်။ တစ်ခါကြုံဖူး ပြင်ဖို့နားလည်၍ ယနေ့ခေတ်တွင် ပညာမတတ်သူ ပပျောက်စေရန် မူလ တန်းမှ အလယ်တန်းအထိ အခမဲ့ပညာသင် စရိတ်ဖြင့် နိုင်ငံတော်မှ ထောက်ပံ့နေသည်။ အခွင့်အရေး သည်အချိန်နှင့်တစ်ပြေးညီဖြစ်၍ ပညာသဘော နားလည်ရန်လည်း အထူးလိုအပ်ပေသည်။
စာရေးဆရာတစ်ယောက်ဘဝ၏ ပထမဆုံးခံယူချက်သည် မိမိရေးသားသော စာသားထဲမှ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ပညာရေးကို စာဖတ်သူတို့ နားလည်သဘောပေါက်ပြီး အဆိုးမြင်အကောင်းပြင်စိတ် ရှိပြီးဟု ကြားသိသောအခါ အံ့မခန်းဝမ်းသာပျော်ရွှင်မိပါသည်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ပေ သည်။ ယနေ့သတင်းသည် မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ရန် ဖော်ပြသည်။ မနက်ဖြန်ဟူသော အချိန်သည်လည်း မကုန်ဆုံးသမျှ အတွေးအခေါ်သစ်၊ ဉာဏ်ပညာသစ်၊ အသိဉာဏ်သစ်တွေ ပေါ် ပေါက်ရန် အထူးလိုအပ်ပေသည်။ ထိုအခါပညာသည်အလိုအလျောက် ပြေးဝင်လာသည်။
မည်သည့်လုပ်ငန်းမဆို အမှား-အမှန်၊ အဆို-အကောင်း၊ အနိမ့်-အမြင့်၊ နည်းနည်း-များများဟူ၍ ရှိသည်။ ပညာသည် အမှား-အမှန်ကို ဝေဖန်ပိုင်းခြားခြင်းဟု လက္ခဏာပြပေသည်။ ပညာမတတ်လျှင် ခွဲခြားနိုင်စွမ်း မရှိဘဲ မိမိထင်ရာကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုဖြင့် ဦးတည်သည်။
ထိုအခါ အမှားတွေ့သည်။ ကျွန်တော်ဥပမာလေးဖြင့် ပညာတန်ဖိုးကိုရှင်းပြသောအခါ ပညာဟူသည် အလွန်မြင့်မြတ်သော တန်ဖိုးမဖြတ်နိုင်သောအရာဟု တွေးတောမိလေသည်။
ရှေးအခါက ရွာတစ်ရွာမှာတောနေ တောင်သူဦးကြီးမိသားတစ်စု ရှိလေသည်။ သူတို့သည်လယ်ယာ ထွက် ပစ္စည်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလေသည်။ မိသားစုဝင်လေးဦးရှိသည်။ သားနှစ် ယောက်ရှိလေသည်။ မောင်ဘနှင့်မောင်မြတို့ ဖြစ်ကြသည်။ နှစ်ယောက်စလုံးကို ကျောင်းထားလေ သည်။ သို့သော် သားကြီးမောင်ဘမှာ ‘ပညာကိုရှေ့ဥစ္စာကိုနောက်’ ဟုမသိပေ။ လောကအလယ်တွင် ပင်ပန်းသော တောင်သူလုပ်၍ တစ်ထွာတစ်မိုက်အမြင်ဖြင့် ငယ်စဉ်ကတည်းကပင် စီးပွားရေးနယ်ပယ် တွင် ကျင်လည်နေသည်။ ထိုအခါ မောင်မြမှာ ရှစ်တန်းကျောင်းသားလေးဘဝရောက်နေသည်။ မိဘ များမှာ အသက်အရွယ်ကြီး၍ သားသမီးများကို မသေခင်မိဘအမွေကိုပေးရန် ပညာဉာဏ်စမ်းတစ်ခု ဖြင့်ပေးသည်။ တောင်သူဦးကြီးသည် သားနှစ်ယောက်ကို ထိုသို့မေးလေ၏။ တစ်နေ့လုပ်အားဖြင့် စပါး ကျည်တစ်ခုထဲတွင် ဘယ်အရာနှင့်တစ်ခန်းလုံးပြည့်အောင် ဘယ်သူထည့်တတ်သလဲဟုမေးပြီး ထည့် နိုင်သူကို ဥစ္စာစည်းစိမ်ပေါကြွယ်ဝစွာပေးမည်ဟု သားနှစ်ယောက်ကို ကတိပေးခဲ့သည်။
မောင်ဘသည် ငယ်စဉ်ကတည်းကပင် ပစ္စည်းဥစ္စာကို တပ်မက်မောသူတစ်ယောက်ဖြစ်သည်။ ထိုအခါ ပြာပြာသလဲ အပြင်ဘက်မှစပါးသော်လည်းကောင်း၊ ပဲသော်လည်းကောင်း၊ ကောက်ရိုးသော်လည်း ကောင်း ထည့်ရန်ဆုံးဖြတ်ထားလေသည်။ မောင်မြမှာ မီးဖိုချောင်ထဲဝင်၍ ဖယောင်းတိုင်ကို ယူလာ သည်။ ထိုအခါအစ်ကိုမောင်ဘသည် မောင်မြကို လှောင်ပြောင်သည်။ တောင်သူဦးကြီးသည် သူ၏ သားနှစ်ယောက်ကို တစ်ပြိုင်တည်းမေးလေသည်။ မောင်ဘသည် ကောက်ရိုးထည့်မည်ဟုဖြေပြီး မောင်မြသည်ဖယောင်းတိုင်ကိုကိုင်ကာ အလင်းဖြင့်ဖြည့်ရန် စီစဉ်ပါသည်။ ထိုအခါပညာသည် ညီအစ် ကိုသော်လည်းကောင်း၊ မောင်နှမသော်လည်းကောင်း ပညာမတတ်လျှင် ရှုံးနိမ့်ရသည်။ ဖယောင်းတိုင် အလင်းသည်ပညာ၏အလင်းဟုလည်း ခေါ်နိုင်ပေသည်။ ယခုခေတ်သည် ထို့ထက်အားပြိုင်မှုများလာ သည်နှင့်အမျှ ပညာအလင်းကို ရယူသင့်ပေသည်။ အမှား-အမှန်၊ အဆိုး-အကောင်းဟူသမျှကို ပညာ ဖြင့်ခွဲခြားသည်။
‘ပညာရွှေအိုး လူမခိုး’ ဟူသော ဆိုရိုးစကားသည် ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသောသူသည် ရန်သူမျိုး ငါးပါးအန္တရာယ် မလုံခြုံပေ။ သို့သော် ပညာသည်အတားအဆီးမရှိ။ မိမိသွားရာ ကပ်ကပ်ပါစေသည်။ ပစ္စည်းဥစ္စာများကို သူတစ်ပါးအားပေးကမ်းလှူဒါန်းရာတွင်လည်း အနည်းအများ ကြည့်သည်။ သို့သော် ပညာသည်အကန့်အသတ်မရှိ ပေးကမ်းလှူဒါန်းနိုင်သည်။ ဥစ္စာပေါကြွယ်ဝရာမှ ကုန်းကောက်စရာ မရှိလောက်သည်အထိ ဆင်းရဲနွမ်းပါးမှုရှိပေသည်။ သို့သော်ပညာသည်ဆင်းရဲသည်မရှိ အစဉ်အမြဲ ချမ်းသာနေသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို ဥစ္စာအမွေထက်ပညာအမွေသည်သာ အမြတ်ဆုံးဖြစ်ပေသည်ဟု ပြောလိုပါသည်။ ပညာ၏အလင်းသည် အလားတူဖယောင်းတိုင်အလင်းကဲ့ သို့တစ်လောကလုံးနှင့် တစ်ကမ္ဘာလုံးကို လင်းစေသည်။ ပညာရေးသည် ယနေ့ခေတ်တွင် အချိန်နှင့် တစ်ပြေးညီ မြင့်တက်လျက်ရှိရာ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ရန် အထူးလိုအပ်ပေသည်။ ‘ပညာ ရေးဖြင့် ခေတ်မီဖွံ့ဖြိုးသော’ အနာဂတ်နိုင်ငံတော်ကြီးကို ကြက်သွန်ဖြူဥ ဥပမာစည်းလုံးပြီး ဒေသအ သီးသီး၌ မိမိတတ်သောတာဝန်ဖြင့် ထမ်းဆောင်နိုင်သော အတတ်ပညာရှင်နှင့် အသိပညာရှင်များ စုစည်းပြီးဖယောင်းတိုင်နှင့်တူသော ပညာအလင်းဖြင့် ကမ္ဘာမှာမြန်မာဟေ့ဟု ကြွေးကြော်နိုင်ရန် အောင်နန်းမြေက အစဉ်ထာဝရပြုလျက် တိုက်တွန်းလိုက်ပါသည်။
ကြေးမုံသတင်းစာ
ဇွန် (၂၀) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook