အခြေခံပညာ ကျောင်းသားတိုင်း၏ အကဲဖြတ် မှတ်တမ်းများ ပြန်လည် စိစစ်ရန် တိုက်တွန်း

အခြေခံ ပညာ မူလတန်းမှ အထက်တန်း အဆင့် အထိ ကျောင်းသား၊ ကျောင်းသူ များ၏ ပညာ အရည်အချင်း မှတ်တမ်းချုပ် (CPR) ကို အတန်းပိုင် ဆရာ၊ ဆရာမများ သေချာ စိစစ်ရန် မြန်မာနိုင်ငံ ပညာရေး မြှင့်တင်မှု အကောင် အထည်ဖော်ရေး ကော်မတီ ပညာရှင်အဖွဲ့ နာယက ဦးသန်းဦးက ပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပသော ပညာရေးမြှင့်တင်မှု အစီအစဉ်နှင့် ဆရာအခန်းကဏ္ဍ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် တက္ကသိုလ် ဝင်ခွင့်သစ်တွင် အမှတ်စာရင်းထက် CPR မှတ်တမ်းကို ပိုအလေးထားမည် ဖြစ်ကြောင်း၊ ယင်းအပြင် ၁၂ တန်း ပညာရေး (KG+၅+၄+၃) မစတင်မီ CPR ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ဦးသန်းဦးက ဆက်လက် ပြောဆိုသည်။

“အခုက CPR ကို ပေါ့တိပေါ့ဆတွေ လုပ်နေတာ။ ကလေး တစ်သက်တာကို အဆုံးအဖြတ်ပေးမယ့် မှတ်တမ်းကို ကောင်းကောင်းမွန်မွန် ဖြည့်ပါ။ မပျင်းပါနဲ့” ဟု ၎င်းက တိုက်တွန်းလိုက်သည်။

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းစည်းကမ်း၊ ဘာသာရပ် အလိုက် မှတ်တမ်းနှင့် ကိုယ်ရေး အချက်အလက်တို့ကို ပညာသင်နှစ်အလိုက် ပြုစုထားသော မှတ်တမ်းကို CPR ဟုခေါ်ပြီး ကျောင်းပြောင်းသည့်အချိန်တွင် ကျောင်းပြောင်းလက်မှတ်နှင့် အတူ CPR ပါ ထည့်ပေးရ သည်။

“နှစ်တန်း၊ သုံးတန်း ကလေးတွေ ကျောင်းပြောင်းရင် ဒီလက်မှတ် ထည့်ပေးရတယ်။ လေးတန်းဆို မပေးရဘူး။ အဲဒီ ကလေးရဲ့ မှတ်တမ်းက သူ့ကျောင်းမှာ သိမ်းထားရမှာ။ ဒါကို တချို့ကျောင်းတွေက တောင်းတာရှိတယ်” ဟု ကျောင်းအုပ်ဆရာကြီးတစ်ဦးက The Voice သို့ မှတ်ချက်ပေးသည်။

လာမည့် ပညာသင်နှစ်များတွင် ဆေးတက္ကသိုလ် အပါအဝင် တက္ကသိုလ်ဝင်ခွင့် အသစ်များအတွက် ရမှတ်တစ်ခုနှင့် အကဲဖြတ်မည် မဟုတ်ဘဲ အင်တာဗျူး၊ အရည်အချင်းစစ် စာမေးပွဲနှင့် ပညာရေး အရည်အချင်း အကဲဖြတ် မှတ်တမ်းတို့ကို ကြည့်ကာ ဆုံးဖြတ်သွားဖွယ် ရှိကြောင်း ဦးသန်းဦးထံမှ သိရသည်။


The Voice Daily, 22.7.2104
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...