မြို့ပတ် ရထားပေါ်တွင် ကျောင်းဆရာမ တစ်ဦးကို ဓားထောက် လုယက်

ရန်ကုန်၊ ဇူလိုင် ၉ 
ကမာရွတ်မြို့နယ် အုတ်ကျင်းဘူတာနှင့် လှည်းတန်းဘူတာအကြား မြို့ပတ်ရထားပေါ်တွင် ဇူလိုင် ၈ ရက် ည ၈ နာရီခွဲခန့်က အလယ်တန်းပြကျောင်း ဆရာမတစ်ဦးကို အသက် ၂၀ အောက် လူငယ်သုံးဦးက ဓားထောက်ကာ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းများ လုယက်ခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကမာရွတ်မြို့နယ် အမှတ်(၃) ရပ်ကွက်၊ ဗဟိုလမ်းတွင် နေထိုင်သည့် ကျောင်းဆရာမမှာ တာဝန် ထမ်းဆောင်သည့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းမှ နေအိမ်သို့ မြို့ပတ်ရထားဖြင့် ပြန်လာခဲ့ကြောင်း၊ ယင်းနောက် အုတ်ကျင်းဘူတာ၌ လူငယ်သုံးဦးက ရထားပေါ် တက်လာပြီး ၎င်းကို ဓားဖြင့်ထောက်၍ ဝတ်ထားသည့် ရွှေထည်ပစ္စည်းများကို လုယက်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ရထားထဲမှာ မှောင်နေတာကို အခွင့်ကောင်းယူပြီး ဓားထောက် လုယက်သွားတာ။ ဓားထောက်ထားပြီး ရထားပေါ်က အခြားခရီးသည် မမြင်အောင် ကျန်တဲ့နှစ်ယောက်က ကွယ်ပေးထားပြီး ကျောင်းဆရာမ ဝတ်ထားတဲ့ ရွှေတွေ ချွတ်ခိုင်းတာလို့ တိုင်ချက်အရ သိရတယ်” ဟု အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ရှင်းပြသည်။

အလယ်တန်းပြ ကျောင်းဆရာမ စီးနင်းလာသော ရထားတွဲတွင် ဆရာမနှင့် ဓားထောက်လုယက်သူ သုံးဦးအပါအဝင် ခရီးသည် ငါးဦးသာ လိုက်ပါစီးနင်းလာကြောင်း၊ ဆရာမကို လုယက်ပြီးနောက် ယင်းလူငယ်သုံးဦးမှာ အုတ်ကျင်းဘူတာနှင့် လှည်းတန်းဘူတာ အကြားတွင် ခုန်ချထွက်ပြေးသွားကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဓားထောက်လုယက်မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များက ရှာဖွေစုံစမ်းလျက်ရှိပြီး လုယက်ခဲ့သူ အသက် ၂၀ အောက်လူငယ်များအနက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပါဝင်ကြောင်း၊ အဆိုပါ လူငယ်များမှာ လတ်တလောတွင် အခြေအနေမဲ့ နေထိုင်သူများဖြစ်ပြီး ကော်ရှူသူများ ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းချက်များအရ သိရှိရသည်။

“မြို့လယ် လူစည်ကားတဲ့ နေရာမျိုးက ဘူတာမှာ မြို့ပတ်ရထားပေါ် ဓားထောက်ပြီး လုယက်ရဲတဲ့အထိ အတင့်ရဲတဲ့ လူတွေကို မမိမိအောင် မြေလှန်ရှာပြီး ဖမ်းဆီးအရေးယူသင့်တယ်။ ဒီဘူတာတွေမှာ လုယက်မှု တစ်ခါမှမဖြစ်ဖူးဘူး။ အခုဖြစ်လာပြီမို့ ရဲတပ်ဖွဲ့တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေရဲ့ လုံခြုံမှုကို ပိုပြီးသတိထား ဆောင်ရွက်ပေးဖို့ လိုအပ်လာပြီ” ဟု အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

အဆိုပါဓားထောက် လုယက်ခဲ့သူ လူငယ်သုံးဦးကို ကမာရွတ်မြို့မ ရဲစခန်းမှ (ပ)၂၉၀/၁၄၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။


The Voice Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...