ဆီးချိုကြောက်လျှင် လမ်းလျှောက်ပါ


ကြည်မြင့်လွင် (မုဒြာ)

တက္ကသိုလ်တစ်ခုမှ ကထိက ဆရာတစ်ဦးသည် စာရေးစာဖတ်များ၊ အထိုင်များ၊ လမ်းလျှောက် နည်းသူ ဖြစ်သည်။ တစ်နေ့တွင် ဘယ်ဖက် မျက်လုံးအိမ်မှ စာကြည့်တိုင်း အောင့်လာသဖြင့် မျက်စိအထူးကု ဆရာ ၀န် နှင့် ပြသသောအခါ တိမ်ရှိနေပြီး ခွဲရမည့်အဆင့် ဖြစ်နေသည်။ ထိုတိမ်ကို ခွဲစိတ်ကုသရန် သွေးစစ် သောအခါမှ သူ့တွင် ဆီးချို သွေးချို ရောဂါ ၀င်နေပြီ ဖြစ်ကြောင်း သိရသဖြင့် အထွေထွေ ရောဂါ အထူးကု သမားတော် နှင့် ပြသရပြန်သည်။ အမှန်တော့ မိမိမှာမျိုးရိုးလည်း မရှိသဖြင့် အမှတ်မထင် နေရာမှ မျက်စိ ကုသရန် စစ်သောအခါမှ ဆီးချို သွေးချိုကို အရင်ကုသခဲ့ရခြင်း ဖြစ်သည်။

ဆီးချိုဟု အများခေါ် နေကြသော ရောဂါမှာ အမှန်စင်စစ် ဆီးတွင် မသိသာ ၊ သွေးစစ်ကြည့် သောအခါမှ သွေးတွင်းရှိ သကြားဓာတ်မှာ လိုသည်ထက် ပိုနေသည်ကို တွေ့ရခြင်း ဖြစ်သည်။ ဆီးချိုရောဂါ၏ အဆင့် ကို သွေးစစ်ကြည့် ခြင်းဖြင့်သာ ဆုံးဖြတ်နိုင်သည်။ အချို့မှာ ဘိုးဘွား အမွေအနှစ် အဖြစ် မျိုးရိုးမှ ရခဲ့ခြင်း ဖြစ်သည်။ အချို့မှာ မိမိကိုယ်တိုင်၏ အနေအထိုင် အစားအသောက် ဓလေ့စရိုက်ကြောင့် ဖြစ်ရသည်။

အချို အစားများ၍ ဆီးချို ဖြစ်သည်ဟု ထင်ကြမည် ဖြစ်သော်လည်း ဆရာဝန်ကြီး များ၏ အတွေ့အကြုံ များအရ လမ်းလျှောက် နည်းသူ ၊ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း မလုပ်သူ ၊ အဆီအစိမ့် ကြိုက်သူ ၊ အအေး ကြိုက်သူ ၊ ဇိမ်ခံသူ များတွင် ပို၍ ဆီးချိုရောဂါ ဖြစ်နိုင်ကြောင်း လေ့လာ တွေ့ရှိ ရသည်။

အာယုဗေဒဆေးပညာနှင့် မြန်မာ့ဆေးပညာ အလိုအရ ပထ၀ီဓာတ် နှင့် အာပေါဓာတ် နှစ်မျိုးကွဲ၍ လွန်ကဲ သူများတွင် မဓုပမေဟ ခေါ် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ရှိသည်။ မိမိခန္ဓာကိုယ်တွင် အလေးချိန် တိုးလာလျှင် ပထ၀ီဓာတ် လွန်ကဲလာသည်ဟု သတိပြုမိ နိုင်ပြီး၊ ဗိုက်ရွှဲခြင်း၊ ဂုတ်ပိုးတက်ခြင်း၊ မေးအောက် အသား တွဲပြီး ဖောင်းအိလာခြင်း၊ ဆီးမကြာခဏ သွားလိုခြင်းတို့ ဖြစ်လာပါက ပထ၀ီနှင့်တွဲပြီး အာပေါဓာတ်ပါ လွန်ကဲလာပြီဟု သိနိုင်လေသည်။ နောက်ဆက်တွဲအဖြစ် သွေးတိုး၊ ဆီးချို နှင့် နှလုံးသွေးကြော ရောဂါ များ ဖြစ်လာနိုင်သဖြင့် သတိပြု သင့်သည်။

ခန္ဓာကိုယ် ၀ဖြိုးလာသူများ သွေးတိုး နှင့် ဆီးချို သွေးချိုရောဂါ ကာကွယ်ရန် ပထမအဆင့်မှာ ဆေးစားရန် မလိုသေးပါ။ နေ့စဉ်လမ်းမှန်မှန် လျှောက်ရန် ဖြစ်သ်ည။ နံနက် စောစော အိပ်ရာထပြီး နှစ်မိုင်ခန့် လမ်း လျှောက်ပါ။ နံနက်စောစောထရန် အဆင်မပြေပါက ညနေ အလုပ်နားချိန်တွင် တစ်နာရီ လမ်းလျှောက် ခြင်းကို နေ့စဉ် ပြုလုပ်သင့်သည်။ စက်ဘီးစီးခြင်း နှင့် မြန်မာ့ရိုးရာ ခြင်းခတ်ကစားခြင်း များသည်လည်း ရောဂါကာကွယ်ရေးအတွက် ထိရောက်စွာ အထောက်အကူ ပြုနိုင်သည်။


Yadanarpon Daily
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...